Catwidget1

Arts

အလေးနီပြုကြသူတွေ အပိုင်း(၂) နိဂုံး

ဧည့်လမ်းညွှန်းက အဲဒါ တိန်ရှောင်ဖိန်လက်ရေး၊ တိန်ရေးပေးထားတာတဲ့။ တိန်ရှောင်ဖိန်ဆိုတာ မော့်စစ်ရေးနည်းဗျူဟာကို စီးပွားရေးရေးနည်းဗျူဟာအဖြစ်ပြောင်းလဲကျင့်သုံးခဲ့သူ၊ တရုတ်နိုင်ငံရဲ့ ဆိုရှယ်လစ် ဝါဒနဲ့ ခေတ်သစ်တည်ဆောက်ရေး စီမံကိန်းကို ဦးဆောင်ရေးဆွဲခဲ့သူ၊ တရုတ်နိုင်ငံကို ဈေးကွက်စီးပွားရေး စနစ်ဆီ ဦးဆောင်သွားခဲ့သူ ပြုပြင်ပြောင်းလဲရေးသမားအဖြစ် နာမည်ကြီးပါတယ်။ မော့်အိမ်တော် တံခါးဝ သူရေးထားတဲ့စာက သူရဲ့ တိုင်းပြည်အပေါ်ထားတဲ့ နိုင်ငံရေးအမြင်ကို သိသာစေတယ်။ တကယ်ဆိုတော့ ၁၉၆၆ခုနှစ်ကနေ ၁၉၇၆ခုနှစ်အထိ ၁၀နှစ်တာ ယဉ်ကျေးမှုတော်လှန်ရေးကာလမှာ အရင်းရှင်လမ်းကို လျှောက် နေသူ၊ မြန်မာနိုင်ငံ ကွန်မြူနစ်စာပေတွေမှာ သုံးနှုန်းတဲ့ အသုံးအနှုန်းအရဆိုရင် ဖောက်ပြန်ရေးသမား အဖြစ် တံဆိပ်ကပ်အဖယ်ရှားခံရသူပါ။ ဒါကို ပုဂ္ဂိုလ်ရေးအရ နည်းနည်းမှ အငြိုးအတေးမထားတဲ့ သူစိတ် ဓာတ်ကို မြင်လိုက်ရတယ်။ တိုင်းပြည်အတွက်ဆိုရင် ကိုယ်ခံစားခဲ့ရတာတွေကို ဘေးချထားနိုင်သူလို့ မှတ်ချက် ပြုမိတယ်။
သူတွင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ယနေ့ခေတ်တရုတ်ပြည်ကို ကမ္ဘာ့ ဒုတိယ၊ တတိယနေရာမှာ ရပ်တည်နေ နိုင်ဖို့အတွက် ထောက်ကန်ပေးခဲ့တဲ့ အင်အားစုတစ်ခုရှိခဲ့တယ်။ အဲဒီလူတွေက ယဉ်ကျေးမှုတော်လှန်ရေးကြောင့် လယ်တောအပို့ခံရတဲ့ မိသားစုတွေနဲ့အတူ ပါသွားတဲ့ လူငယ်တွေ။

သူတို့အကြောင်းကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန်လက်ထက်မှာ ထောင်စုနှစ်ရည်မှန်း ချက် အကောင်အထည်ဖော်ရေး အထူးအကြံပေး၊ ၁၉၉၂ခုနှစ်မှာ တရုတ်ဘောဂဗေဒအစည်းအရုံး (Chinese Economists Socitety-CES)ရဲ့ အကြံပေးအဖြစ် ဆောင်ရွက်ခဲ့သူ ဘောဂဗေဒပညာရှင် ဂျက်ဖရီဆာ့(ချ)က ဆင်းရဲမှုနိဂုံး(The End of Poverty)စာအုပ်၊ ဆရာကျော်ဝင်းဘာသာပြန်မှာ အခုလို မှတ်တမ်းတင်တယ်။
CES ဆိုတာ တရုတ်လူငယ်ဘောဂဗေဒပညာရှင်တွေနဲ့ ဖွဲ့ထားတဲ့ သုခမိန်အဖွဲ့ကြီးပါ။ CESအဖွဲ့ဝင်တွေဟာ အနောက်တိုင်း တက္ကသိုလ်ကြီးတွေမှာ ပညာသင်ယူခွင့်ရခဲ့သူတွေလို့ သိရတယ်။ သူတို့တစ်တွေဟာ တရုတ် ပြည်စီးပွားရေး ပြုပြင်ပြောင်းလဲဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေရှာဖွေဖို့ အားတက်သရော ကြိုးစားနေ ကြသူတွေဖြစ်တယ်။

CES အဖွဲ့ဝင်တိုင်းလိုလိုမှာ ဒရမ်မာကြီးတစ်ခု ဒါမှမဟုတ် ဝတ္ထုရှည်ကြီး တစ်ပုဒ်လို စိတ်ဝင်စားစရာ နောက်ခံဘဝ ကိုယ်စီရှိကြတယ်။ ဆရာဝန်တွေ၊ ကျောင်းဆရာတွေနဲ့ အစိုးရအရာရှိတွေရဲ့ သားသမီးတွေကများတယ်။ မော် ဝါဒရဲ့ ကွေ့ကွေ့ကောက်ကောက်လော့ဂျစ်အရ မယုံကြည်ရတဲ့ လူတန်းစားတွေ ဖြစ်ပါတယ်။ ဒီလိုနဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း တန်ဖိုးကြီးကြီးပေးခဲ့ရသူ မိသားစုတွေပါတဲ့။
သူတို့ရဲ့ နည်းလမ်းရှာဖွေကြိုးစားအားထုတ်မှုတွေကြောင့် တရုတ်နိုင်ငံစီးပွားရေးဟာ အပြောင်းလဲကြီးပြောင်း လဲသွားခဲ့ရတယ်။ သူတို့ဟာ သူတို့မိသားစုဘဝတွေ စတေးခံခဲ့ရတာကို တိုင်းပြည်အတွက်နဲ့ မေ့ပျောက် နိုင်ကြသူတွေရယ်ပါ။

ပေါ်လစီအလွဲတစ်ခုကြောင့် တရုတ်ပြည်သူအချို့ နစ်နာမှုတွေရှိခဲ့ရတယ်ဆိုစေဦးတော့ ၂၀ရာစုအတွင်း ကမ္ဘာ့သြဇာအကြီးမားဆုံး ပုဂ္ဂိုလ် ၁၀၀ထဲက တစ်ဦးအဖြစ် တိုင်းမ်မဂ္ဂဇင်းက ဖော်ပြခြင်းခံရသူ ဥက္ကဋ္ဌကြီး မော်စီတုန်းကို သူဂုဏ်နဲ့ညီအောင် တရုတ်အစိုးရနဲ့ တရုတ်ပြည်သူတွေက နေ့စ ဉ်ဂုဏ်ပြုကြတုန်း၊ နေ့စဉ်အလေးပြုကြတုန်းပါ။
ဒါကို ဟူနန်ပြည်နယ် ချန်ရှားမြို့ ကျွီကျီကျိုလို့ခေါ်တဲ့ လိမ္မော်သီးကျွန်းပေါ်မှာ တွေ့ခဲ့ရတယ်။ ကျွီကျီကျိုဆိုတာ လည်း ၁၉၂၅ခုနှစ်က မော်ရေးစပ်ခဲ့တဲ့ (Qin Yuan Chun-Changsha)ချန်ရှားဆိုတဲ့ ကဗျာထဲက စာကြောင်းတစ်ခုကို ယူသုံးထားတာလို့ဆိုတယ်။ သို့သော်လည်း ဒီကျွန်းလေးကို ၁၉၀၄ခုနှစ် ချင်မင်းဆက်ခေတ်မှာ စတင်ဖွင့်လှစ်ခဲ့တာလို့လည်း မှတ်တမ်းတွေ့ရတယ်။ ဒီကျွန်းလေးက ယွဲ့လုတောင်နဲ့ မြို့တော်ချန်ရှားကို ပိုင်းခြားပေးသလို ဖြစ်နေပြီး ရှန်ကျန်းမြစ်(Xiangjiang)မြစ်လယ်ခေါင်မှာရှိနေတာ။ ဒီကျွန်းက အလျား ၅ကီလိုမီတာ (ပေတစ်သောင်းခြောက် ထောင်ကျော်)နဲ့ အနံ မီတာ ၄၀ကနေ ၁၄၀ (ပေ၁၃၀ကနေ ၄၆၀)၊ စုစုပေါင်း ဧရိယာ သုံးသိန်းခုနှစ်သောင်း စတုရန်မီတာ (၉၁ဒဿမ၆၄ဧက)ကျယ်တယ်။ အပင်အများစုက လိမ္မော်ပင်တွေနဲ့ပါ။ မော်လူငယ်ဘဝက နွေရာသီလိုနေ့တွေမှာ သူ့သူငယ်ချင်းတွေနဲ့ လာရောက်ရေကူးရင်းအပန်းဖြေ လေ့ရှိတယ်။ ဒါကြောင့်လည်း ဒီကျွန်းပေါ်မှာ မော်စီတုန်း ၂၃နှစ်အရွယ်ပုံကို ထုလုပ်ထားတယ်။

သူဂုဏ်နဲ့ညီအောင် ထုလုပ်ထားတဲ့ အဲဒီ ၂၃နှစ်အရွယ် ရုပ်ထုကို နှမ်းဖက်ကျောက်တုံးပေါင်း ၈၀၀၀(တန် ၈၀၀)နဲ့ တည်ဆောက်ထားတာ။ ၂၀၀၇ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီးတော့ ၂၀၀၉ခုနှစ်မှာ ပြီးတယ်။ မော့်အသက် ၁၁၆နှစ်ပြည့်ပေါ့။ အဲဒီနှမ်းဖက်ကျောက်တွေကို တရုတ်နိုင်ငံ အရှေ့တောင်ဘက်၊ ဟူနန်ပြည်နယ်နဲ့ပြည်နယ် တစ်ခုခြားတဲ့ ဖူးကျန့်ပြည်နယ်ကနေ တကူးတက သယ်ယူတည်ဆောက်ခဲ့ကြတာ။ တည်ဆောက်တဲ့ အခါမှာလည်း မော် အသက် ၂၃နှစ်ကို ကိုယ်စားပြုပြီး ၂၃မီတာ(၁၀၅ပေ)အမြင့်၊ မော့်သက်တမ်း ၈၃နှစ်ကို ကိုယ်စားပြုပြီး အလျား ၈၃မီတာ(၂၇၂ပေ)၊ မော့်သမ္မတသက်တမ်း ၄၁နှစ်ကို ကိုယ်စားပြုပြီး အနံ ၄၁မီတာ(၁၃၅ပေ)နဲ့ တည်ဆောက်ထားတယ်။ အဲဒီနှမ်းဖက်ကျောက် ရုပ်ထုကြီးအတွင်းပိုင်းမှာ မော်နဲ့သူ့ဇနီးပန်းချီကားအပါအဝင် ချန်ရှားမြို့မှာ မော်နေထိုင်ခဲ့စဉ်က မှတ်တမ်းမှတ်ရာတွေကို ပြသထားသေးတယ်။
img_6533
မော်စီတုန်း မွေးရပ်မြေ ရှောင်ရှန်းရွာလေးဟာ အခုဆို သီးခြားမြို့လေးအဖြစ်ရှိနေတယ်။ တရုတ်နိုင်ငံကို တည်ထောင်ပေးခဲ့တဲ့ မော်စီတုန်းမွေးရပ်မြေဟာ တရုတ်အစိုးရ ခရီးသွားလုပ်ငန်းရဲ့ အထင်ကရ နေရာတစ်ခုပါ။ မော်စီတုန်းအိမ်တော်၊ မော်စီတုန်းနေခဲ့တဲ့ကျောင်း၊ မော်စီတုန်းတစ်သက်တာပြတိုက်၊ မော်စီ တုန်းကြေးရုပ်၊ လိမ္မော်သီးကျွန်းပေါ်က မော်စီတုန်း လူငယ်ဘဝရုပ်ထုဆိုတာတွေဟာ ခရီးသွားအစီအစဉ် ပတ်ကေ့ချ်တစ်ခုပါ။ အဲဒီနေရာတွေကို သွားဖို့ တစ်ရက်တာခရီးအဖြစ် ခရီးသွားလာရေး အေဂျင်စီတွေက သူတို့ ဝဘ်စာမျက်နှာတွေမှာ ကြော်ညာကြတယ်။ ဒါကြောင့်လည်း မော့်အိမ်တော်၊ မော်နေခဲ့တဲ့ကျောင်း၊ မော့်တစ် သက်တာပြတိုက်၊ မော့်လူငယ်ဘဝရုပ်ထုတို့ဟာ မော့်မွေးနေ့လို့၊ တရုတ်နိုင်ငံအမျိုးသားနေ့လို့ အထင်ကရ ရက်တွေမှ လူစည်းကားခွင့်ရတဲ့ အလေးအမြတ်ပြုခံခွင့်ရတဲ့ နေရာတွေမဟုတ်ဘူး။ နေ့စဉ်နဲ့အမျှ လာရောက် လည်ပတ်သူတွေ လူချင်းမတိုက်မိအောင် မနည်းရှောင်နေရတဲ့ လူစည်ကားရာ နေရာတွေပါ။
အောင်မျိုးထွန်းကျော်
ဓာတ်ပုံ - မောင်မောင်လှတင့် (မန်းတက္ကသိုလ်)
Credit : PaukPhaw

0 comments: