Catwidget1

Arts

အတိတ်၊ ပစ္စုပ္ပန် တရုတ်-မြန်မာဆက်ဆံရေး

သက္ကရာဇ် ၂၀၂၀ပြည့်နှစ် သမ္မတရှီကျင့်ဖျင်ရဲ့ နှစ်ဦးပြည်ပခရီးစဥ်အဖြစ် ဇန်နဝါရီလ ၁၇ရက်မှာ မြန်မာနိုင်ငံကို လာရောက်ပါတယ်။ တရုတ်လို့ပြောလိုက်ရင် မြောက်၊ အရှေ့မြောက်ဒေသက လက်နက်ကိုင် အဖွဲ့အစည်းတွေကို မြင်လာကြတယ်၊ စီးပွားရေးမှာ လိုက်နာရမယ့် စည်းမျဥ်းစည်းကမ်းတွေကို ဂရုမစိုက်တဲ့ တရုတ်စီးပွားရေးသမားတွေကို မြင်လာကြတယ်။ အတိတ်က ဗမာပြည်ကွန်မြူနစ်ပါတီကို အားပေးကူညီ ခဲ့တာတွေကို ပြန်သတိရစေတယ်။ အတိတ်သမိုင်းထဲက မြန်မာ့ပဒေသရာဇ်မြို့ပြနိုင်ငံတွေဖြစ်တဲ့ သရေခေတ္တရာ၊ ဟန်လင်း၊ ပုဂံ၊ ပင်းယစတဲ့ မြန်မာ့ထီးနန်းတွေ အဖျက်စီးခံခဲ့ရတာတွေကို အောင်မေ့စေပါတယ်။

သူတို့ဆီက လူငယ်တွေ အပိုင်း(၁)

"ဆရာမဖြိုး ဘာဂီကို ခဏရပ်ဖို့ ပြောပေးပါ" ကိုယ်ရှာနေတဲ့ အရာတစ်ခု မြင်ကွင်းထဲရောက်လာတာကြောင့် ဘာဂီရပ်ခိုင်းဖို့ ဘာသာပြန်ဆရာမဖြိုးပြည့်စုံကို အကူအညီတောင်းလိုက်တာပါ။ ကိုယ်ကြောင့် အခြားလူတွေ စောင့်နေရမှာကို အားမနာနိုင်အောင်ပါပဲ။ နောက်တစ်ခေါက် ဒီလိုအခြေအနေမျိုးနဲ့ ဒီနေရာကိုပြန်ရောက်ဖို့ ဖြစ်နိုင်ခြေနည်းတဲ့အတွက် ကျွန်တော်အားမနာနိုင်ပါဘူး။

သူတို့ဆီက လူငယ်တွေ အပိုင်း (၂) နိဂုံး

ကျွန်တော်တို့ သွားရောက်လေ့လာခဲ့တဲ့ နေရာတော်တော်များများမှာ ငယ်ငယ်ရွယ်ရွယ် တရုတ်အမျိုးသမီး ဧည့်လမ်းညွှန်တွေက လိုက်လံရှင်းပြလေ့ရှိတယ်။ အလားတူပဲ ရထားစီးတဲ့အချိန်မှာလည်း လက်မှတ်စစ်၊ တွဲထိန်းတွေဟာ အမျိုးသမီးတွေပါပဲ။ ယွမ်တကုမ္ပဏီကို သွားရောက်လေ့လာချိန်မှာတော့ အင်ဂျင်နီယာ နည်းပညာတွေ ဖြစ်နေတာကတစ်ကြောင်း၊ အဲဒီနေရာက သီးသန့်မြို့လေးတစ်ခုလိုဖြစ်နေတာက တစ်ကြောင်း ကြောင့် ထင်ပါရဲ့ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးငယ်တစ်ယောက်က တာဝန်ယူရှင်းပြပေးပါတယ်။

အလေးနီပြုကြသူတွေ အပိုင်း(၁)

“ဒီကြေးရုပ်ကြီးအမြင့်က တစ်ရာ့တစ်မီတာမြင့်တယ်။ အဲဒါက ဆယ်လပိုင်းတစ်ရက်နေ့ကို ကိုယ်စားပြုထားတာ” ကျွန်တော်တို့အဖွဲ့နဲ့အတူလိုက်ပါလာတဲ့ ဘာသာပြန်ဆရာမ မဖြိုးပြည့်စုံ ရှင်းပြနေတာပါ။ ကျွန်တော် တို့ ရောက်နေတဲ့နေရာက မော်စီတုန်း မွေးရပ်မြေ၊ မော်စီတုန်း တစ်သက်တာပြတိုက်ရှေ့ မော်စီတုန်း ကြေးရုပ် ရှိရာ ရင်ပြင်မှာပါ။

အလေးနီပြုကြသူတွေ အပိုင်း(၂) နိဂုံး

ဧည့်လမ်းညွှန်းက အဲဒါ တိန်ရှောင်ဖိန်လက်ရေး၊ တိန်ရေးပေးထားတာတဲ့။ တိန်ရှောင်ဖိန်ဆိုတာ မော့်စစ်ရေးနည်းဗျူဟာကို စီးပွားရေးရေးနည်းဗျူဟာအဖြစ်ပြောင်းလဲကျင့်သုံးခဲ့သူ၊ တရုတ်နိုင်ငံရဲ့ ဆိုရှယ်လစ် ဝါဒနဲ့ ခေတ်သစ်တည်ဆောက်ရေး စီမံကိန်းကို ဦးဆောင်ရေးဆွဲခဲ့သူ၊ တရုတ်နိုင်ငံကို ဈေးကွက်စီးပွားရေး စနစ်ဆီ ဦးဆောင်သွားခဲ့သူ ပြုပြင်ပြောင်းလဲရေးသမားအဖြစ် နာမည်ကြီးပါတယ်။ မော့်အိမ်တော် တံခါးဝ သူရေးထားတဲ့စာက သူရဲ့ တိုင်းပြည်အပေါ်ထားတဲ့ နိုင်ငံရေးအမြင်ကို သိသာစေတယ်။

ပန်းနုရောင်စွယ်တော် ရွှေဝါရောင်ပိတောက် အပိုင်း(၁)

ဒီကမိတ်ဆွေတို့ ရောက်လာတာ နှစ်ပတ်လောက် စောသွားတယ်။ နှစ်ပတ်လောက်နောက်ကျပြီးမှ ရောက်လာ ရင် လျှိုကျို့မြို့ တမြို့လုံး စွယ်တော်ပန်းတွေပွင့်ပြီး ဒီထက်မက လှနေမှာလို့ လျှိုကျို့မြို့ ဒုတိယမြို့တော်ဝန် မစ္စလုလျှိုပင်း (LuLiuPing) ကပြောတယ်။ တရုတ်နိုင်ငံ ကွမ်ရှီပြည်နယ်၊ လျှိုကျို့မြို့ ဒုတိယမြို့တော်ဝန်နဲ့ စစ်ကိုင်းတို င်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးက စာရေးဆရာ၊ သတင်းစာဆရာ၊ ဓာတ်ပုံဆရာတွေ ပါဝင်တဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ မတ်လ ၂၇ ရက်နေ့ ညက တွေ့ဆုံခဲ့ကြတယ်။

ပန်းနုရောင်စွယ်တော် ရွှေဝါရောင်ပိတောက် အပိုင်း (၂)နိဂုံး

လျှိုကျို့မြို့က သူ့သဘာဝပထဝီအနေအထားအရကိုက လျှိုမြစ်ကွေ့ဝိုက်စီးဆင်းရာ စက်ဝိုင်းခြမ်းပုံစံမှာ တည် ထားတာမို့ အမြင်ဆန်းပြီး လှပါတယ်။ သူ့မြို့တည်ခဲ့တဲ့ သက်တမ်းက နှစ်ပေါင်း ၂၀၀၀ ကျော်ပါပြီ။ သဘာဝ ပတ်ဝန်းကျင် ကောင်းမွန်လာတဲ့ လျှိကျို့မြို့က စက်မှုလုပ်ငန်းအပြင် သူရဲ့နဂိုသဘာဝကပေးထားတဲ့ အလှတရားကို ခံစားနိုင်စေဖို့ ခရီးသွားလုပ်ငန်းကိုလည်း တိုးချဲ့ဆောင်ရွက်နိုင်လာခဲ့တယ်။ အဲဒီလို ခရီးသွားလုပ်ငန်းအဖြစ် ဆောင်ရွက်နိုင် ဖို့အတွက်လည်း တရုတ်ခရီးသွားလာရေးဝန်ကြီးဌာနက အေလေးလုံးအဆင့် သတ်မှတ်ချက်တွေကို ၁၉၉၉ခုနှစ်မှာ ထုတ်ပြန်ပေးခဲ့တယ်။

စံပယ်လှိုင်လှိုင်ပွင့်ပါစေ

ဆရာမ ရေချိုးခန်းထဲထားခဲ့ပြီနော်။

နေဦးလေ ပိုက်ဆံကဘယ်လောက်ပေးရမှာလဲ။

ဆယ်ပင် သုံးထောင်ပါဆရာမ။ ဆေးဖိုးပေးစရာရှိတာနဲ့ နှိမ်လိုက်တော့။

အမျိုးသမီးဆေးခန်းမှာ လိုအပ်တာ ကူလုပ်ပေးလေ့ရှိတဲ့ ဒေါ်ဋ္ဌေးအသံ။

ဘာတွေလဲဟ။

စံပယ်ပင်တွေလေ မှာထားတာလာပို့သွားတာ။

ဪ ...

စံပယ်ပန်းကို သိပ်ကြိုက်တယ်။ သူ့ရနံ့သင်းသင်းလေးကို နှစ်သက်တယ်။ သူ့မှာ နှင်းဆီတွေလို ဆူးလည်းမပါဘူး။ အရောင်ကလည်း ဖြူစင်တယ်။ ရနံ့ကလည်းသင်းတယ်။ နှစ်သက်မိသူကို နည်းနည်းလေးမှတောင် ဒုက္ခ မပေးတတ်ဘူး။

ကြိုက်တာမှ ဘယ်လောက်ထိကြိုက်တာလဲဆိုရင် လမ်း ၃၀(ယခုဗဟိုအမျိုးသမီးဆေးရုံ) စက်မှုလက်မှုသိပ္ပံကျောင်းသား ဘဝ နန်းရှေ့ဈေးပေါက်ကနေ စံပယ်ပန်းကုံးတွေ ဝယ်ဝယ်လာပြီး၊ အတန်းထဲ ကိုယ့်ရှေ့ထိုင်တဲ့၊ ကိုယ့်ဘေးထိုင်တဲ့ သူငယ်ချင်း မိန်းခလေးတွေကို ကြုံရင်ကြုံသလို ပန်းကုံးတွေ ဝေပေးတတ်တဲ့အထိ အောင်ကြိုက်တယ်။ ဆံပင်ရှည်ရှည်၊ ပန်းကြိုက်တတ်တဲ့ သူငယ်ချင်းတွေကလည်း အမြတ်တနိုးပန်ပေးတတ်ကြတယ်။ သူတို့နောက် သူတို့ဘေး စာသင်ခုံမှာ၊ ပုံဆွဲခုံမှာ နေခွင့်၊ ထိုင်ခွင့်ရတာ ရနံ့သင်းလိုက်ပါဘိ။ စိတ်ကြည်လိုက်ပါဘိ။

ပန်းကြိုက်ပေမယ့် အပင်စိုက်ရတာတော့ ဝါသနာမပါလှဘူး။ လချီကြာတဲ့အထိအောင် အဲဒီစံပယ်ဆယ်ပင် ရေချိုးခန်းထဲတွင် ဒီအတိုင်း။ တစ်ရက်ပြီးတစ်ရက် တစ်ပင်ပြီးတစ်ပင် နေရောင်ခြည်မရ၊ မြေဆီဩဇာမရနဲ့ အရွက်တွေ တဖြုတ်ဖြုတ်ကြွေ သေကုန်ကြတယ်။ တစ်လခွဲလောက်ကြာတဲ့အချိန်မှာတော့ ဆယ်ပင်ထဲက နှစ်ပင်သာ ကျန်တော့ တယ်။

ဪ လောကသဘာဝ ကြည့်စမ်းပါဦး။ အခြေအနေတစ်ခုကို အတူတူကြုံနေရတာချင်းအတူတူ သေသူကသေ၊ ရှင်သူကရှင်။ ဘယ်လိုလူမျိုးတွေသေတာလဲ။ ဒါမှဒါ ဒါမှမရရင် မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးရှိသူတွေသေကြရတာ။ ဒါမရလည်း ရတာနဲ့ အသက်ရှင်အောင် ညှိယူနိုင်သူတွေ မသေကြဘူး။ စံပယ်ပင်တွေကြည့်ပြီး ဖတ်ဖူးတဲ့စာအခံနဲ့ တွေးမိတယ်။

ဒီအတွေးကိုတွေးရင် ရှင်နေတဲ့စံပယ်နှစ်ပင်ကို ဂုဏ်ပြုသောအားဖြင့် ဖယ်ထုတ်လိုက်ပြီး ပန်းအိုးထဲ ထည့်စိုက် လိုက်တယ်။

ဒီလိုတွေးမိတာ မှန်ပါရဲ့လား။ ကိစ္စတိုင်းကို အဲဒီလို ကိုယ့်မှာရှိတဲ့ ဉာဏ်အမြော်အမြင်လောက်နဲ့ လှေနံဓားထစ် တွေးလိုက်တာက သင့်တော်ပါရဲ့လား။

+++++++

ပြီးခဲ့တဲ့ရက်ပိုင်းက ကိုယ့်အိမ်အရှေ့ဘက် နှစ်အိမ်ကျော်မှာနေတဲ့ အန်တီပြုံး ကိုဗစ်ကြောင့်ဆုံးသွားသတဲ့။

အံ့ဩမှင်တက်ဖြစ်ရတယ်။ သူခမျာ ဘယ်မှလည်း မသွားပါဘူး။ မနက်ဆိုနေဆာလှုံ၊ နေ့ခင်းဘက် နေရောင်ရှိတဲ့ချိန် ရေချိုး၊ စားချိန်တန်စား၊ အိပ်ချိန်တန်အိပ်၊ လူတွေတွေ့ရင် ပြုံးပြုံး ပြုံးပြုံးနဲ့ နေရှာသူ။ ဘယ်လိုကြောင့် ကိုဗစ် ကူးစက်သွားတာလဲ။

သူမှာ ဆီချိုအခံရှိသတဲ့။ ဆီချိုကြောင့် ဆေးရုံသွားပြရင်း ဆေးရုံက ကူးတယ်ထင်ပါရဲ့။ နှစ်ရက်ပဲခံတယ်။ သူ ကိုဗစ်ကို မတွန်းလှန်လိုက်နိုင်ဘူး။ ခမျာမယ်က ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်နဲ့အညီ နေရှာသူမဟုတ်ပါလား။ သူအသက်ဆက်ရှင်နိုင်ဖို့ အတတ်နိုင်ဆုံး အားထုတ်ခဲ့တယ် မဟုတ်ပါလား။

+++++++

မြတ်ဗုဒ္ဓကတော့ ပုထုဇဉ်တွေ တွေးသလို မတွေးဘူး။ သူ့မှာရှိတဲ့ သဗ္ဗညုတရွှေဉာဏ်တော်က မြင်တဲ့အတိုင်း ဟောတယ်။ ဟောဒီသဘာဝလောကကြီးတခုလုံးဟာ သူ့နိယာမ(သဘာဝဖြစ်ရိုးဖြစ်စဉ်)အတိုင်းသာ ဖြစ်ကြရသတဲ့။ စိတ်ဆိုတာဟာ အစဉ်အတိုင်း ရှေ့စိတ်ပြီးရင် နောက်စိတ်ဖြစ်ပွားတတ်သတဲ့၊ ကုသိုလ် အကုသိုလ်ကံတို့၏ အလားတူစွာ ကမ္မဝိပါက်တရားအတိုင်း ဆင်းရဲ၊ ချမ်းသာ ဖြစ်ကြရကုန်သတဲ့၊ မူလမျိုးရိုးဗီဇအတိုင်း အလာတူဖြစ်ကြရကုန်သတဲ့၊ ဥတုရာသီအစဉ်အတိုင်း ဖြစ်ကြရကုန်သတဲ့၊ ဖြစ်ကြရမယ့်အတိုင်းဖြစ်ပြီး၊ ပျက်ကြရမယ့်အတိုင်းပျက်ကြရကုန်သတဲ့ ဒီလိုသဘာဝဖြစ်ရိုးဖြစ်စဉ် အခြေခံငါးပါးကိုဟောခဲ့တယ်။ အဲဒီငါးပါးကို အဋ္ဌကထာ၊ ဋီကာဆရာတွေက တစ်ဆယ့်ငါးပါး အထိ အကျယ်ချဲ့ပြနိုင်ပေမယ့် သူရဲ့ကျယ်ပြန့်မှုက အဲဒါထက်မကဘူး။ ဟောဒီသဘာဝလောကကြီး တစ်ခုလုံးအထိအောင် ကျယ်ပြန့်တယ်။

အမှန်တရားဆိုတာ အချက်အလက်အပေါ်မှာ မှီတည်နေတယ် ဆိုသည့်တိုင်း အချက်အလက်အတိုင်းက အမှန်တရားကို ကိုယ်စားပြုနိုင်တာမျိုး မဟုတ်ဘူး။ အချို့သော အချက်အလက်တွေဆိုတာ ကိုယ့်လက်လှမ်းမှီမှုအပေါ်မှာ တည်မှီနေတာဖြစ်လို့ ဒါဟာ အမှန်တရားပါလို့ လှေနံဓားထစ် ဆုပ်ကိုင်ထားလို့ မရဘူး။

သဘာဝတရားကို နားလည်နိုင်ပါစေ။ စံပယ်တွေ လှိုင်လှိုင်ပွင့်ပါစေ။ ရနံ့သင်းပျံ့ပါစေ။

အောင်မျိုးထွန်းကျော်
ဇန်နဝါရီလ ၁၃ရက် ၂၀၂၁

အိမ်မစောင့်ခွေး

အိမ်ကို ပြီးခဲ့တဲ့နှစ်မိုးတွင်းကြီး လမ်းဘေးက ခွေးမတစ်ကောင်ရောက်လာခဲ့တယ်။

ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို အိမ်ပေါ်တက်ဖို့ လှေကားပေါ်ပြေးတက်တယ်။

ဒီခွေးမ အတော်ခွေးပါးဝပါလား။ သွား အခုဆင်းစမ်းဆို မောင်းချရတယ်။

ခဏနေတော့ အိမ်ရှေ့ဘေးလေးကပ်ပြီး အဲဒီခွေးမ ခွေးလေးတစ်ကောင်ပေါက်တယ်။

ဪ ခမျာ အပျိုဗိုက်ထင်ပါရဲ့ မအောင့်နိုင်မအည်းနိုင် မွေးချင်လို့ နေရာရှာနေတာကိုလို့ ကရုဏာသက်မိတယ်။

ဒီတော့မှသေချာကြည့်မိ။ လက်စတော့ ပြီးခဲ့တဲ့အရင်ရက်တွေက အိမ်ကအငယ်မ ကျွေးမွေးနေတဲ့ခွေးပဲ။

ဒါကြောင့် သူဒီကိုလာတာ။

ဟဲ့ အငယ်မ ညည်းကျွေးနေတဲ့ခွေးက အိမ်ရှေ့မှာ လာမွေးနေတယ်လုပ်ဦးဆိုတော့ ပျာပျာ ပျာပျာနဲ့ ဆင်းလာတယ်။

ဘယ်မှာလဲ။ ဘယ်မှာလဲ။

ဟိုမှာလေ။

ဟင် တစ်ကောင်တည်းလား။ သူများခွေးတွေဆို အများကြီးမွေးတာပါ။
အငယ်မက ကြောင်တွေ၊ ခွေးတွေချစ်တတ်တယ်။ အရင် ကြောင်တွေအပြုံကြီးမွေးထားတုန်းက မနည်း ရှင်းထုတ် ထားရတာ။

ကြိုပြောမယ်နော် ကိုယ့်အိမ်က ဧည့်သည်ပြတ်တာမဟုတ်ဘူး။ ခွေးမွေးဖို့မစဉ်းစားနဲ့။ ကိုက်နေရင် ပြဿနာတက်နေမယ်။

အငယ်မဆီက ဘာတုံ့ပြန်သံမှမကြားရ။ ပြောသာပြောရတာ သူမွေးတော့မယ်ဆိုတာတော့ သိပြီးသားပါ။ တစ်ကောင် တည်းဆိုတော့ သိပ်ပြဿနာမရှိပါဘူးပေါ့။

ဒီလိုနဲ့ မိုးရွာတဲ့ညတွေမှာ သားအမိနှစ်ယောက် အိမ်ထဲထည့်သိပ်။ သွေးနုသားနုနဲ့ တစ်ခုခုဖြစ်သွားမှ စိုးသကိုး။ မိုးမရွာတဲ့အချိန် အိမ်ရှေ့သိပ်။ သူတို့ခွေးသားအမိ လမ်းဘေးခွေးသာဆိုတယ်၊ အတော်ဇိမ်ကျတယ်။ စောင်တွေ၊ ဂွမ်းကပ်တွေနဲ့။

အဲ ဇာတ်လမ်းက စလာတယ်။ သူတို့အတွက် ပေးထားတဲ့ စောင်တွေ၊ ဂွမ်းကပ်တွေ ဘယ်အမှိုက်ကောက်က ယူသွားတယ်မသိဘူး။ သိပ်မကြာဘူး။ ပျောက်ကုန်တယ်။

ဟဲ့ကောင်မ နင့်ဟာက အိမ်စောင့်ဖို့နေနေသာသာ နင့်အတွက်ပေးထားတဲ့ ပစ္စည်းတောင် လုံခြုံအောင် မကာကွယ်နိုင်ပါ့လား ဟန်။

ဒါတွင်ပဲလားဆို။ မဟုတ်သေးဘူး။ ခါတိုင်းသိမ်းနေကြအမှိုက်ပုံးကို သူရှိတယ်ဆိုပြီး မသိမ်းဘဲထားတာ။ အမှိုက်ပုံးပါ မ သွားပါရောလား။ သူ့ယုံမိလို့ ဆုံးရှုံးတာ အမှိုက်ပုံး သုံးပုံးတောင်။ အခုတော့ မယုံရဲတော့ဘူး။

ဒီဆောင်းတွင်းတတွင်းလုံး အိမ်ကအငယ်မက ခွေးပေါက်စကို အိမ်အပေါ်ဆုံးထပ် သူ့အခန်းထဲခေါ်သိပ်တယ်။ အစက သူ့အမေပါခေါ်သိပ်လို့။
ဟဲ့ အိမ်ခေါင်မိုးပေါ် ခွေးတက်တယ်ဆိုတာ ကောင်းတဲ့ကိစ္စမဟုတ်ဘူး။ နင့်ခွေးတွေ မတင်နဲ့ အောက်မှာထား ပြောရတယ်။ ခွေးနေရာ ခွေးထားမှပေါ့ ဘယ်နှယ် လူတွေနဲ့ ရောရောနှောနှော။

အငယ်မက တထစ်လျှော့ပေးတယ်။ ခွေးမကြီးကို အိမ်ပေါ်မတင်တော့ဘူး။ ခွေးပေါက်စကိုတော့ အပြင်မထားဘူး။ သူ့အခန်းထဲမှာပဲ သိပ်တယ်။

အံမယ် ကိုယ်မသိလိုက်ခင် အငယ်မဆင်ပေးထားတာ။ ခွေးသားအမိက ခွေးအနွေးထည်တွေနဲ့။ လမ်းဘေးခွေးချင်း တောင် မနာလိုချင်စရာကြီး။

ဒီဆောင်းတတွင်းလုံး ခွေးပေါက်စ အိမ်အပေါ်ဆုံးထပ်မှာ နေရတယ်။ အကျင့်ပါလာပုံက သင်းက တစ်နေကုန် အိမ်ရှေ့ မှာကို မနေချင်တော့ဘူး။ အိမ်ပေါ်ပဲ တက်နေချင်တော့တာ။ အိမ်မှာ အငယ်မကလွဲပြီး ကျန်တဲ့သူတွေက ဒီခွေး သားအမိကို လက်မခံဘူး။

လက်မခံဆို ကြည့်လေ။ အိမ်ကို ဧည့်သည်လာပြီဆို အမေလုပ်သူက ရန်သူမှန်းမသိ၊ မိတ်ဆွေမှန်းမသိ ဟောင်တယ်။ ဟဲ့လုပ်မရ၊ ဟွန်းလုပ်မရ။ အဆိုးဆုံးက ခွေးပေါက်စ။ ဧည့်သည်ခြေရင်းနား ကပ်ကပ်ထိုင်ပြီး တဗျင်းဗျင်းနဲ့ ကုတ်တယ်။ ခွေးသန်းရှိလိုလားဆိုတော့ မဟုတ်ပါဘူး။ အငယ်မက ရေမပြတ်ချိုး၊ သန့်ရှင်းပေးနေကြ ဘယ်မှာလာ ခွေးသန်းရှိမလဲ။ လမ်းဘေး ခွေးဆိုတော့ စရိုက် မကောင်းတာ။ ရွံတတ်တဲ့ ဧည်သည်တွေက ဒါမျိုးဘယ်လက်ခံချင်ပါ့မလဲ။

အဲဒီတော့ အိမ်ကလူတွေက အငယ်မလစ်ပြီ၊ အပြင်သွားပြီဆိုတာနဲ့ ခွေးပေါက်စကို မောင်းချကြတယ်။ မာယာများတဲ့ ခွေးပေါက်စ တအီအီ တဂိန်ဂိန်နဲ့ အသံပြုတယ်။

အိမ်ရှေ့နေတဲ့ သူ့အမေက သူကလေးရဲ့ ပုံမှန်မဟုတ်တဲ့ အသံကြားရင် အခြားလူသာ ရန်မလုပ်ရဲတာ။ အိမ်ကလူတွေကို ရန်လုပ်ချင်ချင်။

အံမယ်နင်တို့သားအမိက တယ်စည်းလုံးပါလား။ အိမ်ရှေ့နေ၊ ကျွေးတာစား၊ ဘာမှလုံခြုံအောင် အိမ်စောင့်မရဘဲ ရန်လုပ်ချင်သေးတယ်။ အေး တွေ့ကြသေးတာပေါ့။

အဲဒီနေ့က စပြီး အိမ်မှာပိုနေတဲ့ ဝါယာထိန်းရိုက်တဲ့ ကစ်ရှင်းပြားကို နှစ်ပေရှစ်လက်မလောက်ဖြတ်လိုက်တယ်။ ဟောသည်မှာ ကြည့် မြင်လာ သားအမိနှစ်ယောက်လုံး နာသွားမယ်ဆိုပြီး ခွေးရိုက်ဖို့တုတ်ဆောင်ထားရတော့တယ်။

အောင်မျိုးထွန်းကျော်
ဇန်နဝါရီလ ၁၂ရက် ၂၀၂၁
(Based on true story)

ကျွန်တော်ချာတာ လူသိပါစေ

ပဏိဓာနတော ပဋ္ဌာယ၊
တထာဂတဿ ဒသ ပါရမိယော၊
ဒသ ဥပပါရမိယော၊
ဒသ ပရမတ္တ ပါရမိယောတိ၊
သမတ္တိံသ ပါရမိယော၊
ပဉ္စ မဟာပရိစ္စာဂေ၊
လောကတ္ထစရိယံ ဉာတတ္ထစရိယံ၊
ဗုဒ္ဓတ္ထစရိယန္တိ တိဿော စရိယာယော၊
ပစ္ဆိမဘဝေ ဂဗ္ဘဝေါက္ကန္တိံ၊
ဇာတိံ အဘိနိက္ခမနံ၊
ပဓာနစရိယံ ဗောဓိပလ္လင်္ကေ မာရဝိဇယံ၊
သဗ္ဗညုတညာဏပ္ပဋိဝေဓံ၊
ဓမ္မစက္ကပ္ပဝတ္တနံ၊
နဝ လောကုတ္တရဓမ္မေတိ၊
သဗ္ဗေပိမေ ဗုဒ္ဓဂုဏေ အာဝဇ္ဇေတွာ၊
ဝေသာလိယာ တီသု ပါကာရန္တရေသု၊
တိယာမရတ္တိံ ပရိတ္တံ ကရောန္တော၊
အာယသ္မာ အာနန္ဒတ္ထေရော ဝိယ၊
ကာရုညစိတ္တံ ဥပဋ္ဌပေတွာ။

ဒါကရတနသုတ် အမွှန်းမှာပါတဲ့ ပါဠိတွေပါ။ ဒီကနေ့ ဆရာကျော်ဝင်းရေးတဲ့ ဆောင်းပါးတစ်ပုဒ်ကို မိတ်ဆွေတစ်‌ယောက် ရှယ်ထားတာတွေ့လို့ ဖတ်လိုက်ရတယ်။ Amatya Sen ပြောတဲ့ 'Global Value ဖြစ်ထိုက်သော ဗုဒ္ဓဝါဒ'တဲ့။ ဒီလ ၉ရက်နေ့က the voice journal နိုင်ငံရေးဆောင်းပါးကဏ္ဍမှာ ပါတယ်။ ဆောင်းပါးဆိုပေမယ့် လွှတ်တော်မှာ ဆရာဟောပြောခဲ့တဲ့ နိဂုံးပိုင်းကိုသာ ဆောင်းပါးအဖြစ် ဖော်ပြထားတာဖြစ်ပါတယ်။ ဟောပြောချက်အပြည့်အစုံက ဗုဒ္ဓတရားတွေအပေါ်မှာ အခြေခံထားတာပါ။ 

ကိုယ်တိုင်၌က ဗုဒ္ဓဓမ္မတွေဟာ ကမ္ဘာပေါ်မှာ ရှိရှိသမျှသော အယူဝါဒတွေ၊ အတွေးအမြင်တွေထက် သာလွန် ကောင်းမြတ်တယ်လို့ ယုံကြည်ထားသူ၊ ဗုဒ္ဓဓမ္မနဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်လို့ရရုံတွင်မဟုတ်ဘူး၊ ကမ္ဘာကြီး တစ်ခုလုံးကိုတောင် စီမံခန့်ခွဲနိုင်တယ်လို့ ဦးသန့်လို ပုဂ္ဂိုလ်မျိုးကို ကြည့်ပြီး ယုံကြည်လက်ခံထားသူရယ်ပါ။ ဘာသာရေးအကြောင်းပါလာလို့ ဟိုအမျိုးဘာသာ၊ သာသနာကုန်းအော်နေတဲ့ပုဂ္ဂိုလ်တွေနဲ့ အတူတူလို့တော့ မထင် စေချင်ဘူး။ အဲဒီပုဂ္ဂိုလ်တွေက မြတ်ဗုဒ္ဓရဲ့ ကြီးကျယ်ခမ်းနားမှုကို သေးသိမ်အောင် ဆွဲချနေတဲ့သူတွေ။

ဆရာကျော်ဝင်းပြောတဲ့ အိန္ဒိယနိုင်ငံသား Amatya Sen (အမားချက်ဆန်)ဆိုတာဟာ Human Development Theory ကို ဖော်ထုတ်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှာ နိုဘယ်လ်ဆုရရှိခဲ့သူပါ။ လက်ရှိ ဟာဗက်က္ကသိုလ်မှာ ပါမောက္ခလုပ်နေတယ်လို့ သိရတယ်။ အဲဒီပုဂ္ဂိုလ်ကြီးရဲ့စာကို ဆရာကျော်ဝင်းလို ပုဂ္ဂိုလ်က ဘာသာပြန်ပြီး ဖောက်သည်ချထားတာ။

ဆောင်းပါးမှာ သူက ဘာပြောသလဲဆိုတော့ တကယ့် Global Value ဖြစ်ထိုက်တာဟာ Confucius(ကွန်ဖြူးရှက်) မဟုတ်ဘူး။ Liberal Democracy(လစ်ဘရယ်ဒီမိုကရေစီ လူတစ်ဦးချင်းအခွင့်အရေးကို တန်းဖိုးထားသည့်ဝါဒ) လည်း မဟုတ်ဘူး။ သူတို့ထက် ပိုပြီး Global ဖြစ်ထိုက်တာက ဗုဒ္ဓရဲ့ဓမ္မပဲ။ ဗုဒ္ဓရဲ့ Philosophy(အတွေးအမြင်) ပဲလို့ ပြောပါတယ်။

ကိုယ်နဲ့ အယူအဆတူတော့ သာလို့ကြိုက်တာပေါ့။ သို့ပေမယ့် ဆောင်းပါးထဲမှာပါတဲ့ လူတင်မကဘူး။ အပင်တွေကော၊ တိရစ္ဆာန်တွေကော ဒီလောကကြီးတစ်ခုလုံးကို ကိုယ်စားပြုနိုင်တဲ့၊ ပိုကျယ်တဲ့ Radius(အချင်းဝက်) ရှိတဲ့ Trust(ယုံကြည်မှု) က ဘယ်မှာတွေ့မလဲ။ ဗုဒ္ဓမှာ ရှိတယ်။ အလွတ်မပြောပါဘူး။ ရတနာ့သုတ်နဲ့ သက်သေပြတယ်။ ရတနာ့သုတ်အမွှန်းမှာပါပဲ။ သူကောက်ပြတယ်။ လောကတ္ထစရိယာ၊ ညာတတ္ထစရိယာ၊ အတ္တတ္ထစရိယာ။ ဒါက ဘုရားရဲ့ Radius of Trust (ယုံကြည်မှုအချင်းဝက်၊ အချင်းဝက်ဖြစ်လို့ ကျယ်ချင်သပဆို အချင်းဝက်ကို ချဲ့ပေးနိုင်ဖို့ပဲလိုတယ်) မာတိကာပေါ့။ ဘုရားက နံပါတ်တစ် လောကအကျိုး၊ နံပါတ်နှစ် ဆွေမျိုးအကျိုး၊ နံပါတ်သုံး ကိုယ့်အကျိုး အဲဒီလို မာတိကာစဉ်လိုက်တယ်တဲ့။

ပြဿနာက ရတနာ့သုတ်မှာ အတ္တတ္ထစရိယာလို့ သုံးမထားဘူး။ တစ်လျှောက်လုံး ကိုယ်သိခဲ့တာကလည်း စရိယသုံးပါးမှာ လောကတ္ထစရိယာ၊ ညာတတ္ထစရိယာ၊ ဗုဒ္ဓတ္ထစရိယာလို့ပဲ သိခဲ့တာ။ အဲဒီ အတ္တတ္ထစရိယာဆိုတာကို မသိဘူး။ ဘယ်နှယ် အတ္တ ငါပဲ ငါ့ဥစ္စာပဲလို့ သုံးထားရသလဲ။ ဗုဒ္ဓတ္ထစရိယာ သတ္တဝါအများကောင်းကျိုးငှာ ဗုဒ္ဓအကျင့်ကို ကျင့်တာပဲ။ သူဟာသူ လွတ်မြောက်ဖို့ဆို ပထမဆုံး ဗျာဒိတ်ရကတည်းက မဂ္ဂ၊ ဖိုလ်နိဗ္ဗာန်ကို ရနိုင်နေပြီးသာပဲလေ။ အမားချက်ဆန် မမှားနိုင်သလို၊ ဆရာကျော်ဝင်းလည်း မမှားနိုင်ဘူး။ ဒီလိုဆို ဒီအသုံးက ကိုယ်မသိသေးတာသာ ဖြစ်လိမ့်မယ်။

ဗုဒ္ဓစာပေကို လေ့လာနေသူတစ်ယောက်ဖြစ်လို့ ကိုယ်သာတကယ်သိချင်ပြီဆို မေးလျှောက်လို့ရတဲ့ စာချစာသင် ဆရာတော်တွေက အဆင်သင့်။ ဆိုတော့ ဆရာတော်တွေဆီ အမေးလျှောက်ရတော့တာပေါ့။ တကယ်တော့ ဆရာကျော်ဝင်းက ဗုဒ္ဓစာပေနဲ့ပတ်သက်ပြီး သူသိကြောင်းတတ်ကြောင်းကို သမားဂုဏ်ပြထားတာသာဖြစ်တယ်။ ဒီမှာ သုံးထားတဲ့ အတ္တတ္ထစရိယာဆိုတာ စရိယာတွေကို ရေတွက်တဲ့အခါမှာ ရံဖန်ရံခါသုံးတယ်။ အသုံးနည်းတယ်။ ကိုယ်ထင်ထားသလို အတ္တ ငါပဲ၊ ငါဥစ္စာပဲ ဒီလိုအဓိပ္ပာယ်မထွက်ဘူး။ မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မှ မပါဘဲ အများကောင်းကျိုးငှာ ဖြည့်ကျင့်ခြင်းလို့ အဓိပ္ပာယ်ထွက်တယ်။ ဗုဒ္ဓတ္ထစရိယာနဲ့ အဓိပ္ပာယ်လေနက်မှု မတူသည့်တိုင်အောင်၊ ကွဲပြားသည့်တိုင်အောင် စရိယအကျင့်တွေကို ရေတွက်တဲ့အခါမှာ သုံးတတ်ပါသတဲ့။

အောင်မျိုးထွန်းကျော်
ဇန်နဝါရီလ ၁၂ ၂၀၂၁






အမျိုးသားရေးဝါဒလား၊ ကိုယ့်အမျိုးကောင်းစားရေးဝါဒလား

ရွေးကောက်ပွဲမတိုင်မီကနေ ဒီကနေ့အထိအကြားဆုံးစကားက အမျိုးသားရေးဝါဒဆိုတာပါပဲ။ ဒီနိုင်ငံမှာနေတဲ့ ကျွန်တော်ဟာ အမျိုးသားရေးဝါဒနဲ့ နပိုလီယံဝါဒကို သဲသဲကွဲကွဲမသိပါဘူး။ ဒါကြောင့် ရှာဖွေကြည့်မိတဲ့အခါ အခုလိုတွေ့ပါတယ်။

အမျိုးသားရေးဝါဒဟူသည်မှာ နိုင်ငံတစ်နိုင်ငံစည်းလုံးညီညွတ်ခြင်း၏ ကြီးမြတ်ခြင်းကို ပုံကြီးချဲ့ထားသောအတွေးအမြင်ဟု အချို့ကဆိုကြသည်။ ထိုအမျိုးသားရေးအတွေးအမြင်သည် အများအားဖြင့် မြေခြားရေခြားမှ လာရောက်ကျူးကျော်နေထိုင်သူများနှင့်ထိုသူများ၏ ဒေသခံများအပေါ်ဖိနှိပ်မှုများမှ ပေါ်ပေါက်လာလေ့ရှိသည်။ အဓိကအခြေခံသော ခံယူချက်မှာ နယ်မြေခြားမှ လာရောက်သူများ၏ အုပ်ချုပ်မှုကိုခံရသည်မှာ လုံးဝလက်မခံသင့်သောအရာဖြစ်သည်ဟူသော အတွေးအခေါ်ပင်ဖြစ်သည်။ အမျိုးသားရေးဝါဒသည် အခြားသဘောတရားရေးရာလမ်းစဉ်တခုခုလွှမ်းမိုးပြီးနှင့်သော နိုင်ငံများအားလုံးလိုလိုတွင် ထပ်ဆင့်၍တည်ရှိနေလေ့ရှိပြီး သာဓကအားဖြင့် ဒီမိုကရေစီလွှမ်းမိုးသည်ဆိုသောအမေရိကန်ရှိ ရှေးရိုးစွဲဝါဒ(conservatism)သည် အမေရိကန်အမျိုးသားရေးဝါဒနှင့်ပေါင်းစပ်ထားရပြီး၊ ပုံဖျက်ထားသော အမည်ခံကွန်မြူနစ်နိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်လည်း ကွန်မြူနစ်ဝါဒထက် အမျိုးသားရေးဝါဒ အတွေးအမြင်က ပိုမို၍ ရှေ့တန်းရောက်နေသည်ကို တွေ့ကြရမည်ဖြစ်ပါသည်။

အမျိုးသားရေးဝါဒ၏ပထမဆုံးမျိုးစေ့အနေဖြင့် အလယ်ခေတ်ဉာဏ်ပွင့်လင်းချိန်အတွင်း(Renaissance-၁၅ ရာစုဝန်းကျင်)တွင် အုပ်စိုးနေကြသော သက်ဦးဆံပိုင်ဘုရင်များ၏ ညီညွတ်သော နိုင်ငံတော်၏စွမ်းအားနှင့် အာဏာစက်ပုံစံများကို ဝါဒဖြန့်ရာမှ စတင်ပေါ်ပေါက်လာခဲ့သယောင်ရှိသည်။ အမျိုးသားရေးဝါဒပုံစံတခုဟူ၍ ပီပီပြင်ပြင်ပေါ်ပေါက်လာသည်မှာ ပြင်သစ်တော်လှန်ရေးတွင်ဖြစ်သည်။ ၁၇၉၂တွင် ပြင်သစ်သည် ပရူးရှားစစ်တပ်၏ ကျူးကျော်မှုကိုခံရသည့်အခါ ပြင်သစ်“ပြည်သူ”များ (အမှန်တကယ်အားဖြင့်ပြင်သစ်ဟုခေါ်တွင်နေသော နယ်မြေဒေသအတွင်းရှိသမျှလူများကို ပြင်သစ်လူမျိုးဟူ၍ ပြီးစလွယ်ခေါ်၍မရပဲ မျိုးနွယ်စုများကွဲပြားမှုများရှိသည်) ‘နိုင်ငံတော်’ကိုလက်နက်တပ်ဆင်ကာကွယ်ကြဟူသော အမျိုးသားရေးခံယူချက်ဖြင့် အပျော်တမ်းပြည်သူ့စစ်များက အသေအချာလေ့ကျင့်ထားပြီးဖြစ်သော စစ်တပ်ကိုအနိုင်ယူခဲ့သည်။

နောက်ပြီးတွင် နပိုလီယံဦးဆောင်သော စစ်တပ်၏ အမျိုးသားရေးဝါဒမသိမသာနောက်ခံထားသော အခြေအနေမှာ ဥရောပတလွှားနယ်ကျွံလာခဲ့ပြီး ပြင်သစ်၏ သိမ်းပိုက်ခြင်းခံရသော ဥရောပနိုင်ငံများ၌လည်း တန်ပြန်အမျိုးသားရေးဝါဒများ ပေါ်ထွန်းလာခဲ့သည်။ နပိုလီယံကို တွန်းလှန်ကြသော ကာလအတွင်းမှစ၍ ၁၉ရာစုရောက်သည်အထိ ဥရောပတတိုက်လုံးကို အမျိုးသားရေးဝါဒများ ပျံ့နှံ့နေခဲ့ပြီး ၂၀ရာစုနှောင်းပိုင်းတွင်တော့ ထိုဥရောပနိုင်ငံများ၏ ကမ္ဘာတလွှားရှိ ကိုလိုနီနယ်ပယ်များဆီအထိ အမျိုးသားရေးဝါဒအတွေးအခေါ်များ ပျံ့နှံ့လာခဲ့သည်။ အီတလီနှင့် ဂျာမဏီနိုင်ငံတို့မှာ အသည်းဆုံးဖြစ်သည်။ ထိုကာလအတွင်းမှ အီတလီစာရေးဆရာ မက်ဇီနီ(Giuseppe Mazzini)ကဆိုလျှင် "လူသားဟူသမျှသည် ‘နိုင်ငံတော်’ တရပ်ရပ်ကို ကိုယ်စားပြုထားမှသာလျှင် လူဖြစ်ရကျိုးနပ်မည်ဖြစ်ပြီး တဦးချင်းလွတ်မြောက်မှုကို အဓိကထားသော လွတ်လပ်မျှတမှုဝါဒထက် နိုင်ငံတော်တခုလုံးလွတ်မြောက်မှုရရေးကပို၍အရေးကြီးသည်"ဟုဆိုပြီး ပညာရေးတွင်လည်း တသီးပုဂ္ဂလဦးတည်သောအတွေးအခေါ်ကို ဖုံးလွှမ်းထားနိုင်စေရေးအတွက် အမျိုးသားရေးဝါဒအသိ ထည့်ပေးထားရမည်ဟုဆို၏။

ယနေ့ခေတ်တွင်တော့ အမျိုးသားရေးဝါဒလွှမ်းမိုးသောနိုင်ငံအများစုမှာ ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်ကြသည်။ ၂၁ရာစုရောက်လာသည့်အခါတွင်တော့ အမျိုးသားရေးဝါဒမှာ တိုင်းတပါးမှစစ်ရေးအရ ကျူးကျော်ဝင်ရောက်အုပ်ချုပ်သည်ကို တွန်းလှန်သည်ထက် စီးပွားရေးအရ ဝင်ရောက်ချယ်လှယ်အုပ်ချုပ်နေကြသည်ကို တွန်းလှန်သည့်ပုံစံပြောင်းလာခဲ့သည်။ ဤဝါဒမှာ အခြားရှိသမျှသောဝါဒများထက် စိတ်ခံစားမှုများအပေါ်တွင် မှီခိုမှုရှိနေသောသဘောရှိပြီး တစ်ဦး၏ နိုင်ငံတော်အမြင်နှင့် အခြားတစ်ဦး၏နိုင်ငံတော်အမြင်တို့ သီးခြားမဖြစ်ပဲ ဒွေးရောယှက်တင်ဖြစ်လာသည့်အခါ၊ တစ်နည်းအားဖြင့် အမျိုးသားအမြင်သည် လူမျိုးစုကွဲပြားမှုအမြင်နှင့် မကွဲပြားပဲဖြစ်လာသည့်အခါ၊ အမျိုးသားရေးဝါဒတစ်ခုဖြင့်လွှမ်းမိုးထားသော နိုင်ငံတခုအတွင်း၌ပင် လူမျိုးစုအသီးသီးက အမျိုးသားရေးဝါဒအသီးသီးကို ဆွဲကိုင်လာသည့်အခါ နိုင်ငံကို အစိတ်စိတ်အမွှာမွှာဖြစ်နိုင်သည့် အန္တရာယ်အထိ ရှိလာနိုင်သည်။ နိုင်ငံအသီးသီးကို ခြိမ်းခြောက်လာနိုင်သော အဆိုပါ အမျိုးသားရေးဝါဒကို ဒေသတွင်းအမျိုးသားရေးဝါဒ(regional nationalism)ဟူ၍လည်းခေါ်ကြ၏။

အဲဒီစာကို ဖတ်ပြီးတဲ့အချိန်မှာ ကျွန်တော်အခုလို နားလည်လိုက်တယ်။ တကယ်တော့ အမျိုးသားရေးဝါဒဆိုတာဟာ တိုင်းပြည်တည်းဟူသော နယ်နိမိတ်သတ်မှတ်ချက်အတွင်းမှာရှိတဲ့ နိုင်ငံ၊ အဲဒီနိုင်ငံအတွင်းမှာ မှီတင်နေထိုင်ကြကုန်သော နိုင်ငံသားအားလုံးကို ကိုယ်စားပြုတာသာဖြစ်တယ်။ နိုင်ငံအတွင်းမှီတင်နေထိုင်ကြတဲ့ နိုင်ငံသားအားလုံးဆိုတာဟာ တိုင်းရင်းသားပေါင်းစုံရှိမယ်၊ အဲဒါအပြင် ဟောသည်နိုင်ငံရဲ့ နိုင်ငံသားဖြစ်ခွင့် ဥပဒေအရ နိုင်ငံသားဖြစ်နေကြတဲ့ တရုတ်လည်းပါမယ်၊ ကုလားလည်းပါမယ် စသဖြင့်။ အဲဒီနိုင်ငံသားတွေရဲ့ နတ်ကိုးကွယ်မှု၊ ဗုဒ္ဓဘာသာကိုးကွယ်မှု၊ ခရစ်ယန်ဘာသာကိုးကွယ်မှု၊ အစ္စလန်ဘာသာကိုးကွယ်မှု စသဖြင့် အားလုံးအကြုံးဝင်တယ်။

အဲဒီလိုမှမဟုတ်ဘဲ လူမျိုးစုတစ်ခု၊ ဘာသာတစ်ခုကို ကိုယ်စားပြုလုပ်နေတာဟာ အမျိုးသားရေးဝါဒ၊ အမျိုးသားရေးဝါဒီလို့ ခေါင်းစဉ်တပ်လို့မရဘူး။ အဲဒီလို ကိုယ်ထင်ရာခေါင်းစဉ်တပ်နေတာဟာ ဒိုင်ဗာကျန့်သီအိုရီလို့ခေါ်တဲ့ ခွဲခြားဆက်ဆံမှုသာဖြစ်လို့ ကချင်ကတမျိုး၊ ရှမ်းကတဖုံ၊ ကရင်ကတသွယ်ဖြစ်နေဦးမှာပဲ။ အမေရိကန်လိုဖြစ်လာမှာမဟုတ်သလို၊ တရုတ်လိုလည်းဖြစ်လာမှာမဟုတ်ဘူး။ တိုင်းငယ်၊ ပြည်ငယ်၊ နိုင်ငံငယ်လေးတွေအဖြစ် အစိတ်စိတ်အမွှာမွှာကွဲသွားဖို့သာ ရှိတယ်။ ဒါဟာ နိုင်ငံတစ်နိုင်ငံကို ကိုယ်စားပြုနိုင်တဲ့ အမျိုးသားရေးဝါဒ အစစ်မဟုတ်ဘူး။ အာဏာလိုချင်လို့ ပုံဖျက်ထားတာသာဖြစ်တယ်။

တကယ့်အမျိုးသားရေးဝါဒဟုတ်မဟုတ်ဆိုတာလည်း တရုတ်နဲ့ အများဆုံးချုပ်ထားခဲ့တဲ့ စာချုပ်တွေကိုသာကြည့်ပါ။ အဲဒီစာချုပ်တွေကြောင့် ဟောသည်နိုင်ငံထဲက ဘယ်တိုင်းရင်းသားပြည်သူတွေ ကောင်းစားခဲ့တာရှိသလဲ။ အဲဒီစာချုပ်တွေကြောင့် ဟောသည်နိုင်ငံအတွင်းက တိုင်းရင်းသားပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါပေါသီသီရခဲ့တာရှိသလဲ။ ကြားရသမျှက ဒုက္ခပင်လယ်ဝေခဲ့ရတာတွေချည်း မဟုတ်ပါလား။ အဲဒီလို ဒုက္ခပင်လယ်ဝေနေတဲ့ ပြည်သူတွေဘက်က မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့ သာဓကဆိုတာမျိုးရော တွေ့ဖူးကြရဲ့လား။ ဒါဟာ အမျိုးသားရေးဝါဒလား၊ ကိုယ့်အမျိုးကောင်းစားရေးဝါဒလား၊ အာဏာလိုချင်လို့ ပုံဖျက်ထားတဲ့ အမျိုးသားရေးဝါဒလား သိသာလွန်းပါတယ်။ တကယ်တော့ ဒီနိုင်ငံကလူတွေသုံးနေတဲ့ အမျိုးသားရေးဝါဒဆိုတာဟာ နပိုလီယံကျင့်သုံးခဲ့တဲ့ ကိုယ့်အမျိုးကောင်းစားရေးဝါဒသက်သက်မျှသာဖြစ်ပါတယ်။

အောင်မျိုးထွန်းကျော်
ဇန်နဝါရီလ ၁၀ရက် ၂၀၂၁

ဖုတ်သွင်းရထား

 ဘဒ္ဒ ဤကမ္ဘာ နိမိတ်ထွန်းပါတဲ့ ကျွန်းမြတ်ဇမ္ဗူဒီပါ ဘုရားငါးဆူပွင့်တော်မူရာ ဒိဋ္ဌမှန်ပေတာ.....

စကြဝတေးမဏ္ဍပ်မင်းတို့ မြင့်မြတ်တဲ့ရာဇာ ..... သာကီနွယ်ဝင်ဘုရင်များမှာ ထီးနန်းနဲ့လည်း ဝေးရှာ တို့မြန်မာပြည်မှာ....

ဗုဒ္ဓဘာသာရောင်ဝါညှိုးလို့ တို့အမျိုး တန်ခိုးကင်းကွာ ဖြေမဆည်နိုင်ပေတာ .....

.................................................

..................................................................

ပြည်သူပြည်သား၊ မူးမတ်များနဲ့ ပညာတော်ရှိ ကဝိဆရာ သူတော်စင်ပုရောဟိတ်တွေ နိမိတ်ကို ဆောင်ယူကာ.....

ဇေယတုနဲ့ ငွေခရုသင်္ခါ ကောင်းမြတ်ချိန်မှာ .... ရတနာထွေပြား စီခြယ်ကာထားပါတဲ့ သမုဒ္ဒရာ ကြာအဆင်နဲ့ ရထားမြတ်ကို ..... မြင်းလေးစီးကစေတာ ..... ရွှေဘုန်းရှင် တင်ချင်စရာ ..... မင်းမြောက်တန်ဆာငါးပါးနဲ့သာ ..... တိုင်းခန်းကို လှည့်ရပေတာ ......

သဟာယဆရာတင်ရေးတဲ့ ဖုတ်သွင်းရထားသီချင်းကို ပြန်ဆိုထားတာတွေရှိပေမယ့် အသံတွေမကြိုက်၊ မတိုး တာကြောင့် ပြည်လှဖေရဲ့အသံနဲ့နားထောင်မိတယ်။ အဲဒီ သီချင်းကိုနားထောင်ရင်း အခုလိုဝါးမိပါတော့တယ်။

ဖုဿရထန္တိ မင်္ဂလရထံဆိုတဲ့အတွက် ဖုတ်တစ္ဆေတွေ၊ နတ်စိမ်းတွေ၊ အောက်လမ်းနည်းတွေနဲ့ စီရင်ထားတဲ့ ရထားမဟုတ်ဘူး။ မင်းစီးခဲ့တဲ့မင်္ဂလာရထားကို ဖုတ်သွင်းရထားလို့ခေါ်တာ။ ပုဿနက္ခတ်ယှဉ်ခိုက်မှာ တည်ဆောက် ထားတဲ့ ရထားဖြစ်လို့လည်း ဖုဿရထားလို့ နောက်တစ်နည်းခေါ်သေးတယ်။ ဇာတ်ပါဠိတော် နိဿယမှာ ဖုတ်သွင်းရထားလို့ ဘာသာပြန်တာကြောင့် မဟာဇနကဇာတ်တော်မှာ မင်းဘူး ဦးဩဘာသက ဖုတ်သွင်းရထားလို့ ရေးခဲ့တာဖြစ်တယ်။

မြင်းလေးစီးကရတဲ့ အဲဒီရထားကို မောင်းသူမပါဘဲ လူတွေရဲ့သစ္စာအဓိဋ္ဌာန်နဲ့သွားစေတာ။ သမ္မာဒေဝနတ်ကောင်း၊ နတ်မြတ်တွေရဲ့ တံခိုးဣဒ္ဓိပါဒ်နဲ့သွားစေတာလည်းမဟုတ်ဘူး။ အဲဒီရထားပေါ်မှာ မင်းမြောက်တန်ဆာငါးပါးတင်ပြီး မင်းဖြစ်ထိုက်သူရှိရာအရပ်မှာ ရပ်ပါစေသတည်းဆိုပြီး သစ္စာအဓိဋ္ဌာန်နဲ့ မင်းအရှာထွက်စေတာမျိုးပါ။

တိုင်းပြည်အုပ်ချုပ်မင်းလုပ်ရမယ့်သူ ရွေးချယ်ရာမှာ အဲဒီဖုတ်သွင်းရထားပေါ်မှာချည်းပုံအပ်ထားတာမျိုးလည်း မဟုတ် ပြန်ဘူး။ အဲဒီဖုတ်သွင်းရထားရဲ့နောက်ကနေ မူးမတ်ဗိုလ်ပါ၊ စစ်အင်္ဂါလေးပါးခြံရံပြီး မင်းလောင်းရှာထွက်ကြတာမျိုး။

 မဟာဇနကဇာတ်တော်မှာ ကျောက်ဖျာထက်အိပ်နေတဲ့ မင်းလောင်းကို ဘုရင်ဖြစ်ထိုက်တဲ့ ကြန်အင်လက္ခဏာ ရှိမရှိ ပညာရှိပုရောဟိတ်အမတ်တွေက စစ်ဆေးသေးတာ။ ဘုရင်ဖြစ်ထိုက်တဲ့ ကြန်အင်လက္ခဏာနဲ့ မပြည့်စုံဘူးဆိုရင် လှည့်ပြန်ချင်ပြန်လိမ့်မယ်။ ထပ်ရှာချင်ရှာလိမ့်မယ်။ သို့သော် လူအများရဲ့သစ္စာအဓိဋ္ဌာန်နဲ့ရှာဖွေတွေ့ရှိထားတဲ့ မင်းလောင်းဆိုတာ ကြန်အင်လက္ခဏာနဲ့ပြည့်စုံတာသာဖြစ်လို့ ဇာတ်တော်တွေထဲမှာ လှည့်ပြန်ရတယ်ဆိုတာမျိုးတော့ မတွေ့ဖူးဘူး။ ဒါကရုပ်ပိုင်းဆိုင်ရာကို စစ်ဆေးတာပေါ့၊ စိတ်ပိုင်းဆိုင်ရာကို စစ်ဆေးတဲ့အခါ အကြောက်တရားရှိသလား၊ သမ္မာဓိအားကောင်းရဲ့လားလို့ စစ်တဲ့အခါ အနားကပ်ပြီး အမြောက်နဲ့ချည်းထုတာပဲ။ အဲဒီလို အမြောက်နဲ့ထုတာ တောင် မတုန်မလှုပ်ရှိမှ ဘုရင်းဖြစ်ထိုက်တာ။ ဒါတွင်ဘယ်ကလိမ့်မတုန်း ပညာရှိအမတ်တွေရဲ့ ခက်ခဲလှတဲ့ မေးခွန်းတွေ ကိုလည်း ဖြေရသေးတာ။ ဒါကပညာရှိမရှိစမ်းသပ်တာပေါ့။ ဒါတွင်ပဲလား ဘယ်ဟုတ်လိမ့်မတုန်း တိုင်းပြည်အုပ်ချုပ် မင်းလုပ်မယ့်သူဆိုတာ မင်းကျင့်တရားဆယ်ပါးတို့၊ သင်္ဂဟဝတ္ထုလေးပါးတို့ကို သိရဲ့လားဆိုတဲ့ ကိုယ်ကျင့်အဘိဓမ္မာကို လို့လည်း အစစ်ဆေးခံရသေးတာ။

မင်းကျင့်တရားဆယ်ပါးဆိုတာ ဘာတွေတုန်းဆိုတော့ အလှူပေးခြင်း၊ ငါးပါးသီလ ဆောက်တည်ခြင်း၊ ပေးကမ်း စွန့်ကြဲ ခြင်း၊ ဖြောင့်မတ်ခြင်း၊ နူးညံ့ခြင်း၊ ရှစ်ပါးသီလ ဆောက်တည်ခြင်း၊ အမျက်မထွက်ခြင်း၊ ပြည်သူတို့ကို မညှဉ်းဆဲခြင်း၊ သည်းခံခြင်း၊ ပြည်သူတို့နှင့် မဆန့်ကျင်ခြင်းဆိုတဲ့အချက်တွေပေါ့။

ဒါဆို  သင်္ဂဟဝတ္ထုလေးပါးဆိုတာကရောဆိုတော့ ထွက်ပေါ်လာတဲ့သီးနှံတွေထဲက ဆယ်ပုံတစ်ပုံကိုသာ အခွန်ကောက် ခြင်း၊ အမှုထမ်းကောင်း၊ အရာထမ်းကောင်းတွေကို လစာပြည့်ပြည့်ဝဝပေးခြင်း၊ ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေကို အတိုးမဲ့ ငွေထုတ်ချေးပေးခြင်း(သုံးနှစ်အတိုးမယူဘဲပေးခြင်း)၊ တိုင်းသူပြည်သားတွေနဲ့ ဆက်ဆံပြောကြားတဲ့အခါမှာ ဦးလေးတို့၊ အဒေါ်တို့၊ အစ်ကိုတို့ ဒီလိုစကားတွေနဲ့ ဆက်သွယ်ပြီးတော့ စကားပြောခြင်းပါတဲ့။

အဲဒီလိုနည်းနဲ့ ရွေးချယ်ထားတဲ့ ရှင်ဘုရင်တွေဆိုတာ ဘုန်းရှင်ကံရှင်တွေ၊ ဉာဏ်ပညာနဲ့ပြည့်စုံသူတွေ၊ ကိုယ်ချင်း စာတရားနဲ့ပြည့်စုံသူတွေသာဖြစ်ပါသတဲ့။ ဒီလိုဘုရင်ကောင်းဘုရင်မြတ်တွေ အုပ်ချုပ်ပြီဟေ့ဆိုရင် တိုင်းပြည်ဟာ စည်ပင်ဝပြောတော့တာပါပဲ။

သို့သော် တိုင်းပြည်ရဲ့ထောက်တိုင်းလုပ်ရမယ့် မင်းမှုထမ်းတွေ အကျင့်ပျက်တဲ့အခါမျိုးတွေမှာတော့ ဆက်ခံမယ့် မင်းလောင်းမရှိလည်းအရေးမကြီးဘူး။ ဖုတ်သွင်းရထားဆိုတာလည်း ဖုတ်လေတဲ့ငပိရှိစရာမလိုဘူး။ သူတို့ ကိုယ်တိုင်နဲ့ သူတို့အမျိုးတွေကသာ တိုင်းပြည်ကိုတက် မင်းလုပ်အုပ်ချုပ်ကြတော့တာ။ အဲဒီလိုအခါ တိုင်းပြည်ဟာ အစစအရာရာဆုတ်ယုတ်လားပြီး နောက်ဆုံးတော့ တိုင်းပြည်ပျက်တော့တာပါပဲ။ ဘယ်လောက်တောင် တိုင်းပြည်ပျက် တာလဲဆိုရင် နောက်ပိုင်းသမိုင်းသုတေသီတွေက ကမ္ဘာ့မြေပုံရဲ့ ဘယ်နေရာမှာ ဒီတိုင်းပြည်ရှိခဲ့တာပါလိမ့်လို့ အစအန ခြေရာပြန်ကောက်လို့ မရလောက်တဲ့အထိအောင် ပျက်စီးကြရတာပါ။

မင်းကျင့်တရားဆယ်ပါးဆိုတာ သိဖို့မလိုသလို၊ သင်္ဂဟဝတ္ထုလေးပါးဆိုတာလည်း လာမပြောနဲ့။ သင်္ဂဟဝတ္ထုလေးပါး နဲ့ပတ်သက်ပြီး အလွဲသုံးစားလုပ်ခဲ့တဲ့အဖြစ်က အထောက်အထားရှိတယ်။ ဇာတ်တော်တခုထဲမယ်ပေါ့ သကျ သာကီဝင်စုက ဩက္ကာကမင်းကြီးလက်ထက် ပုဏ္ဏားယုတ်တွေက သင်္ဂဟဝတ္ထုလေးပါးကို စကားလုံးအသစ်တွေနဲ့ အစားထိုးပြီး သူတို့အကျိုးအတွက် သုံးခဲ့သတဲ့။

မူလက သဿမေဓ(ထွက်ပေါ်လာတဲ့သီးနှံတွေထဲက ဆယ်ပုံတစ်ပုံကိုသာ အခွန်ကောက်ခြင်း)၊ ပုရိသမေဓ (အမှုထမ်းကောင်း၊ အရာထမ်းကောင်းတွေကို လစာပြည့်ပြည့်ဝဝပေးခြင်း)၊ သမ္မာပါသ(ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေကို အတိုးမဲ့ ငွေထုတ်ချေးပေးခြင်း(သုံးနှစ်အတိုးမယူဘဲပေးခြင်း))၊ ဝါစာပေယျ(တိုင်းသူပြည်သားတွေနဲ့ ဆက်ဆံပြောကြားတဲ့ အခါမှာ ဦးလေးတို့၊ အဒေါ်တို့၊ အစ်ကိုတို့ ဒီလိုစကားတွေနဲ့ ဆက်သွယ်ပြီးတော့ စကားပြောခြင်း) ဆိုတဲ့ အဲဒီပါဠိ တွေနေရာမှာ အခုလိုအစားထိုးလိုက်တယ်။ သဿမေဓ ဆိုတဲ့ပါဠိမှာ အဿမေဓလို့အစားထိုးတယ်။ မေဓဆိုတာ အသိဉာဏ်ဆိုတဲ့စကားလုံးကနေ သတ်ဖြတ်ခြင်းဆိုတဲ့ အဓိပ္ပာယ်နဲ့အစားထိုးခံရတယ်။ အဿမေဓ မြင်းတွေကို သတ်ပြီးယဇ်ပူဇော်ရမတဲ့။ ပုရိသမေဓ လူယောက်ျားတွေကိုသတ်ပြီး ယဇ်ပူဇော်ရမတဲ့။ အဲဒီလို ယဇ်ပူဇော်တဲ့အခါ သမ္မာပါသတဲ့ နွားထမ်းပိုးက နွားတွေဘေးထွတ်မသွားအောင်ထိန်းတဲ့ လည်ပတ်ကြိုးနေရာက တုတ်တို (ထမ်းပိုးကျည်း) ပစ်လိုက်လို့ ကျတဲ့အရပ်မှာ ယဇ်ပုလ္လင်လုပ်ရမတဲ့။ ဝါစာပေယျကို ဝါဇပေယတဲ့ မန္တန်စုပ်ထားတဲ့ ထောပတ်တို့ ဆီတို့ကို သောက်ပြီးတော့ ယဇ်ပူဇော်ရမတဲ့လေ။ ဘယ်လောက်ဆိုးတဲ့ ပုဏ္ဏားတွေလဲဆိုတာ။

အဲဒီလိုပုဏ္ဏားတွေရဲ့ အကြံဉာဏ်တွေနဲ့ တည်ဆောက်ထားတဲ့ တိုင်းပြည်မှာနေရတဲ့ တိုင်းသူပြည်သားတွေဆိုတာ ဘယ်မှာလာပြီး အေးအေးချမ်းချမ်းနေကြလိမ့်မလဲလေ။ အချိန်တိုင်း ကျီးလန့်စာစားနေရသလိုပဲဖြစ်တော့မပေါ့။

အောင်မျိုးထွန်းကျော်

ဇန်နဝါရီလ ၆ရက် ၂၀၂၁