Catwidget1

Arts

သူတို့ဆီက လူငယ်တွေ အပိုင်း (၂) နိဂုံး

ကြီးမားကျယ်ပြန့်တဲ့ကုမ္ပဏီ 

ကျွန်တော်တို့ သွားရောက်လေ့လာခဲ့တဲ့ နေရာတော်တော်များများမှာ ငယ်ငယ်ရွယ်ရွယ် တရုတ်အမျိုးသမီး ဧည့်လမ်းညွှန်တွေက လိုက်လံရှင်းပြလေ့ရှိတယ်။ အလားတူပဲ ရထားစီးတဲ့အချိန်မှာလည်း လက်မှတ်စစ်၊ တွဲထိန်းတွေဟာ အမျိုးသမီးတွေပါပဲ။ ယွမ်တကုမ္ပဏီကို သွားရောက်လေ့လာချိန်မှာတော့ အင်ဂျင်နီယာ နည်းပညာတွေ ဖြစ်နေတာကတစ်ကြောင်း၊ အဲဒီနေရာက သီးသန့်မြို့လေးတစ်ခုလိုဖြစ်နေတာက တစ်ကြောင်း ကြောင့် ထင်ပါရဲ့ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးငယ်တစ်ယောက်က တာဝန်ယူရှင်းပြပေးပါတယ်။ အသက် ၂၅-၃၀ ဝန်းကျင်လောက်သာ ရှိဦးမယ့် ဒီမိန်းခလေး တာဝန်ယူရှင်းပြပေးရတဲ့ ယွမ်တကုမ္ပဏီ ဟာ သေးသေးကွေးကွေး ကုမ္ပဏီမဟုတ်သလို၊ လာလေ့လာတဲ့သူတွေထဲမှာလည်း ကတ်သီးကတ်သတ်မေးခွန်းတွေ အလွန်မေးတတ်တဲ့ သတင်းသမားတွေ ပါလာခဲ့တယ်။

အင်္ဂလိပ်လို ဘရော့(Broad) ကြီးမားကျယ်ပြန့်သော လို့အဓိပ္ပာယ်ရတဲ့ ဒီကုမ္ပဏီက နာမည်နဲ့လိုဂိုလည်း လိုက်ဖက်ပါတယ်။ တော်တော်များများ သိကြတဲ့ @ (At) သင်္ကေတ a နေရာမှာ b နဲ့အစားထိုးပုံဖော်ထားတဲ့ လိုဂိုအမှတ်တံဆိပ်ဟာ ယွမ်တကုမ္ပဏီပါ။ “ဘီ” ဘရော့ ယွမ်တက တစ်ကမ္ဘာလုံးမှာရှိရမယ်ဆိုတဲ့ သဘောပေါ့။ ယွမ်တကုမ္ပဏီဆိုတာထက် ယွမ်တကုမ္ပဏီအုပ်စု လို့ခေါ်မှ ပြည့်စုံမှာပါ။ ဒီကုမ္ပဏီမှာက လုပ်ငန်းမတူတဲ့ သီးခြားလုပ်ငန်းတစ်ခုစီအတွက် ကုမ္ပဏီခွဲ လေးခုရှိတယ်။

လေအေးပေးစက်ထုတ်လုပ်တဲ့ ကုမ္ပဏီအဖြစ် ၁၉၈၈ ခုနှစ်မှာ စတင်ထူထောင်တယ်။ သူတို့ဆီက ထုတ်တဲ့ လေအေးပေးစက်တွေက လျှပ်စစ်မီးမလိုဘူး၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိဘူး။ စက်ထဲမှာပါတဲ့ ဓာတ်ငွေ့တွေ ဓာတ်ပြုပြီး လေအေးပေးစက်ကို လည်ပတ်စေတယ်။ ဘယ်ကနေလာတဲ့ နည်းပညာလဲဆိုတော့ လူအရေပြားပေါ်ကို အရက်ပျံစွတ်လိုက်ရင် စွတ်ပြီးခဏ အေးကျန်နေခဲ့တဲ့စနစ်ကနေ တီထွင်ထားတာလို့ ဆိုတယ်။

၁၉၉၇ ခုနှစ်မှာတော့ ချန်ရှားမြို့လယ်ခေါင်ကနေ ၁၆ ကီလိုမီတာ (၁၀ မိုင်နီးပါး)၊ ချန်ရှားလေဆိပ်ကနေ ၁၂ ကီလိုမီတာ (၇ မိုင်ခွဲ)လောက်အရပ်မှာ ကျွန်တော်တို့အဖွဲ့လေ့လာခဲ့ရတဲ့ ယွမ်တသိပ္ပံနှင့်နည်းပညာ ဥယျာဉ်၊ ယွမ်တရုံးချုပ်ကို တည်ဆောက်ခဲ့တယ်။ တစ်စတုရန်းကီလိုမီတာ (၂၄၇ ဧကကျော်)ရှိတဲ့ စက်မှုမြို့တော်ဆိုပေမယ့် သူတို့တပ်ထားတဲ့ ဥယျာဉ်ဆိုတဲ့အမည်နဲ့လိုက်အောင် ၀ ဒဿမ ၆၈ စတုရန်ကီလိုမီတာ (၁၆၈ ဧက)ကို ဂေဟဗေဒစနစ်နဲ့ အော်ဂင်းနစ်စိုက်ပျိုးရေးအတွက် ချန်ထားပြီး ကျန်တဲ့မြေနေရာတွေအပေါ်မှာ စက်ရုံအလုပ်ရုံ တွေကို တည်ဆောက်ထားတာပါ။ အဲဒီကအဆောက်အဦးတွေမှန်သမျှ သူတို့ကုမ္ပဏီက ထုတ်တဲ့ နည်းပညာတွေနဲ့ချည်း စီမံထားတယ်။ ယွမ်တသိပ္ပံနှင့်နည်းပညာဥယျာဉ်ထဲမှာ ပူပြင်းခြောက်သွေ့ပြီး မွဲခြောက်ခြောက် ဖြစ်မနေဘူး၊ အနံဆိုးတွေထွက်မနေဘူး။ စိမ်းစိုပြီး ဝန်ထမ်းတွေအတွက် နေချင်စဖွယ်ကောင်းတဲ့ တကယ့် ဥယျာဉ်တစ်ခုပါ။
ယွမ်တက လေထုသန့်စင်ပေးတဲ့ နည်းပညာကုမ္ပဏီကို ၂၀၀၅ ခုနှစ်မှာ တိုးချဲ့တည်ထောင်တယ်။ အဲဒီစက်တွေက လေထုအပူချိန်ကို ၈၀ ရာခိုင်နှုန်းထိန်းပေးထားနိုင်ပြီး လေထုကို ရာနှုန်းပြည့်နီးပါး သန့်စင်ပေး နိုင်ပါသတဲ့။ ဒီကုမ္ပဏီက လေထုညစ်ညမ်းမှုကို တိုင်းတာတဲ့စက်တွေနဲ့ လေထုညစ်ညမ်းမှုကနေ ကာကွယ်တဲ့ပစ္စည်းတွေ ထုတ်လုပ်ပါတယ်။

အဲဒါအပြင် သူတို့ဆီကထုတ်တဲ့ စွမ်းအင်ချွေတာရေးပစ္စည်းတွေကို သုံးပြီး စွမ်းအင်ချွေတာနိုင်စေဖို့အတွက် စွမ်းအင်အသုံးချမှု စီမံခန့်ခွဲရေးကုမ္ပဏီကို ၂၀၀၇ ခုနှစ်မှာ တည်ထောင်ထားတယ်။ ဒီကုမ္ပဏီက စွမ်းအင်အသုံးချမှုဆိုင်ရာ ပစ္စည်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ ဒီဇိုင်းတည်ဆောင်မှုနဲ့ လုပ်ငန်းလည်ပ တ်နိုင်တဲ့အထိ တာဝန်ယူ ဆောင်ရွက်ပေးတယ်။

“လူသားဖြစ်တည်မှုအတွက် အချိုးညီညီ ဖွံ့ဖြိုးတိုးတက်မှု အစစ်အမှန်ကို ရှာတွေပြီ” ဆိုတဲ့ ကြွေးကြော်သံ နဲ့အတူ ဆောက်လုပ်ရေး နည်းပညာကုမ္ပဏီကို ၂၀၀၉ ခုနှစ်မှာ တည်ထောင်ခဲ့ပြန်တယ်။ သူတို့ဆီက ဆောက်လုပ်ရေး ဆိုတာက သံချီသံကွေးလေးလုပ်လိုက်၊ ကျောက်သွေးလေးလောက်လိုက်၊ ပုံလေးရိုက်လိုက်နဲ့ အဆောက်အဦး တစ်ခုတစ်ခုကို နှစ်ပေါက်နေအောင် လုပ်တာမျိုးမဟုတ်ဘူး။ သူတို့ကုမ္ပဏီ မှာ အတိုင်းအတာအတိကျနဲ့ ပုံစံထုတ်ထားပြီးသားတွေကို ဆောက်တဲ့နေရာတွေမှာ လာတပ်ဆင်တာမျိုးပါ။ သူတို့ဆောက်တဲ့ အဆောက်အဦးတွေက ရစ်ချက်စတာစကေး ၉ အဆင့်ရှိတဲ့ငလျင်ဒဏ်ကို ခံနိုင်တယ်လို့ ဆိုတယ်။ သူတို့ရဲ့ ဆောက်လုပ်နိုင်တဲ့နှုန်းကလည်း ၁၇၀၀၀ စတုရန်းမီတာ (စတုရန်ပေ တစ်သိန်းရှစ်သောင်းကျော်)ရှိတဲ့ အထပ် ၃၀ အဆောက်အဦးတစ်ခုကို နာရီပေါင်း ၃၆၀၊ ၁၅ ရက်နဲ့ အပြီး ဆောက်နိုင်တယ်။ တစ်ရက် နှစ်ထပ်နှုန်းလောက်နဲ့ကို ဆောက်နိုင်တာ။ အဆင်သင့်လုပ်ထားပြီးသား အတိုင်းအတာအတိအကျနဲ့ ပုံစံတွေကို လာရောက်တပ်ဆင်တာ ဖြစ်လို့ အဆောက်အဦးပြီးသွားတဲ့အချိန်မှာ ပစ္စည်းအလေအလွင့်နဲ့ အမှိုက်ဆိုတာလည်း မရှိသလောက် နည်းတယ်။

သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် နည်းပညာသုံးလုပ်ဆောင်နေတဲ့ ယွမ်တကုမ္ပဏီဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၅ နိုင်ငံရှိတဲ့အထဲက နိုင်ငံပေါင်း ၈၀ မှာ ဈေးကွက်ဝေစု ရရှိထားပါတယ်။ ဒီလောက်ကြီး ကျယ်တဲ့ ကုမ္ပဏီအကြောင်း ကျွန်တော်တို့အဖွဲ့ကို ရှင်းလင်းပြောကြားဖို့ အသက် ၂၅-၃၀ လောက်သာရှိသေးတဲ့ မိန်းကလေးလက်ထဲ တာဝန်အပ်နှင်းရဲတဲ့ ယုံကြည်မှုကို သဘောကျမိတယ်။

ပါလာတဲ့ သတင်းသမားတွေက မြန်မာနိုင်ငံကို ပို့တဲ့ပို့ကုန်တွေမှာ အခြားနိုင်ငံတွေကို ပို့တဲ့ပို့ကုန်တွေထက် အရည်အသွေးလျော့ထားတာမျိုးတွေ ရှိသလားမေးတော့ ကျွန်မတို့မှာ အဲဒီလိုမူဝါဒမျိုးမရှိပါဘူး။ ကျွန်မတို့ ကုမ္ပဏီတည်ထောင်သူက သုံးစွဲသူတွေအားလုံးကို တပြေးညီဆက်ဆံဖို့ ဆန္ဒပြင်းပြသူပါတဲ့။
ကျွန်တော်တို့အဖွဲ့ ပြန်လာပြီးတဲ့နောက် ဇွန်လ ၂၇ ရက်နေ့မှာ ယွမ်တဆောက်လုပ်ရေးကုမ္ပဏီကို မြန်မာနိုင်ငံက ဆောက်လုပ်ရေးအင်ဂျင်နီယာအဖွဲ့ သွားရောက်လေ့လာခဲ့ကြတယ်ဆိုတဲ့ သတင်းကို ယွမ်တ ကုမ္ပဏီ အင်တာနက်သတင်းစာမျက်နှာမှာ တင်ထားတာဖတ်ရလို့ ကျေနပ်မိတယ်။ ကျွန်တော်တို့အဖွဲ့ လေ့လာတာနဲ့ သူတို့လေ့လာတာ မတူနိုင်ဘူး။ သူတို့က လုပ်ငန်းခွင်မှာ တကယ်အလုပ်လုပ်နေကြသူတွေမို့ နိုင်ငံအတွက် ပိုပြီး အကျိုးရှိနိုင်တယ်။

လေးနှစ်အရွယ်သမီးငယ်

ဒီပြည်နယ်နှစ်ခု ခရီးစဉ်တစ်လျှောက်လုံးမှာ ကျွန်တော်နဲ့မိတ်ဖွဲ့ခွင့်ရသူတွေဆီကနေ ဝီချက်အကောင့်တွေ ပါ ချိတ်ဆက်ထားခဲ့တယ်။ ရေးတဲ့သားတဲ့အချိန်မှာ လိုအပ်ရင်မေးမြန်းနိုင်ဖို့အပြင် သူတို့စိတ်အခြေအနေနဲ့ ဘဝတွေ ကိုလေ့လာချင်လို့ပါ။

သူတို့လူမှုကွန်ရက်သုံးပုံက စည်းကမ်းရှိတယ်။ သူတို့ရဲ့ပို့စ်အတော်များများကို သောကြာ၊ စနေ၊ တနင်္ဂနွေလို ရက်တွေမှာသာ တွေ့မြင်နိုင်တယ်။ သူတို့မိသားစု၊ သူတို့အလုပ်အကြောင်းကလွဲရင် အခြားဘာပို့စ်မှ ဘာအကြောင်းကိုမှ မတွေ့ရဘူး။ အားလပ်ရက် မိသားစုအပန်းဖြေခရီးထွက်တာမျိုး၊ သူငယ်ချင်း တွေနဲ့ လွတ်လွတ်လပ်လပ်နေတာမျိုးတွေကိုပဲ တွေ့ရတတ်တယ်။ အဲဒီလိုရက်တွေမှာ အားလုံးကို လွှတ်ချထားပြီး တကယ့်ကို ပေါ့ပေါ့ပါးပါးနေကြတာ။

ကွမ်ရှီပြည်နယ် နိုင်ငံတကာဆက်ဆံရေး၊ အာဆီယံဆက်ဆံရေးဌာနမှာ အလုပ်လုပ်တဲ့ မမြတ်နိုးချယ်ရီ တရုတ်အမည် မစ္စချင်ဝမ်ကျန် (Qin Wenjian)ဆိုရင် အသက် ၃၃ နှစ်ပဲ ရှိသေးတယ်။ ပြီးတော့ မြန်မာစကား တတ်တယ်။ သူမ ယွင်နန် မင်ကျုတက္ကသိုလ် ကနေ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှာ မြန်မာစာ လာသင်ဖူးတယ်။ မြတ်နိုးချယ်ရီ ဆိုတာက မြန်မာသူငယ်ချင်းတွေက ပေးထားတဲ့ နာမည်တဲ့။ သူမဝီချက်တစ်ခုလုံး သူမရဲ့ လေးနှစ်အရွယ် သမီးလေးပို့စ်တွေက များတယ်။ အပတ်တိုင်းလိုလို သူ့သမီးလေးသွားချင်တဲ့ နေရာတွေ၊ ဗဟုသုတရမယ့်နေရာတွေ၊ ကိုယ်လက်ကြံ့ခိုင်ရေးအတွက် ကစားလို့ရ မယ့်နေရာတွေကို ခရီးတိုတွေ လိုက်ပို့ပေးလေ့ရှိတယ်။

အဲဒီလေးနှစ်သမီးဆိုတာလည်း ချစ်စရာကောင်းသလို အင်္ဂလိပ်စာအဖတ်၊ အပြောမှာ ဖော်နက်တစ် အသံထွက်အတိုင်း ဖတ်နိုင်၊ ပြောနိုင်နေပြီ။ တစ်ရက်တော့ သူ့သမီးဆော့တဲ့ ဗီဒီယိုဖိုင်တွေတက်လာလို့ ကြည့်မိလိုက်တယ်။ ကလေးက သူ့အမေအကူအညီနဲ့ လက်ကနေလှည့်လိုက်ရင်မီးလင်းတဲ့ဂျင်နရေတာလေး ဆင်နေတာ။ လက်လှည့်ဂျင်နရေတာဆိုတာ သံလိုက်စက်ကွင်းလည်ပတ်မှုကနေ လျှပ်စစ်ထုတ်ပေး တဲ့စက်ပါ။ အဲဒီစက်ကို တပ်ဆင်ပြီးသွားပြန်တော့ သူ့ရဲ့တပ်ဆင်ထားမှုနဲ့ အဲဒီစက်ရဲ့အလုပ်လုပ်ပုံကို အင်္ဂလိပ်စကားပြောနဲ့ ရှင်းလင်းတင်ပြသေးတယ်။

တရုတ်နိုင်ငံက လူငယ်တွေ တော်တယ်ဆိုတာ သူတို့လေ့လာသင်ယူရတဲ့ အခြေအနေတွေ၊ ပြုစု ပျိုးထောင်ခံ ရတဲ့ စနစ်တွေ ကောင်းနေလို့ပါ။

အမုန်းစိတ်နဲ့တော့မရ

တရုတ်ကောင်စစ်ဝန်ရုံး၊ တရုတ်-မြန်မာချစ်ကြည်ရေးအသင်းတို့ အစီအစဉ်နဲ့ ခရီးသွားခဲ့ကြတဲ့သူတွေက တရုတ်နိုင်ငံက လူငယ်တွေ တော်တယ်လို့ပြောရင် ခရီးသွားဆောင်းပါးတွေ ရေးကြရင် သွားလာ စားသောက်ခဲ့ ရလို့ အနေချောင်အောင်ပြောတာလို့၊ မှိုင်းမိလာပြီလို့ ထင်နေကြသူတွေက ဒီအပြောမျိုးတွေကို သိပ်ခံတွင်း မတွေ့ကြပါဘူး။ လက်ရှိမြန်မာနိုင်ငံအခြေအနေနဲ့ အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ ဆက်ဆံရေး အခြေအနေကိုကြည့်ပြီး အားမလိုအားမရ ဖြစ်နေသူတွေအနေနဲ့ မျက်ရစ်မပါတဲ့ အသားဝါတွေတွေ့တိုင်း မုန်းနေရုံလောက်နဲ့ ဘာမှဖြစ်လာမှာ မဟုတ်ဘူးဆိုတာ သတိချပ်ဖို့လိုပါတယ်။

၂၁ ရာစုဟာ လူရိုင်းတွေအတွက် နေရာမရှိပါဘူး။ ကိုယ့်နိုင်ငံကို ချစ်တယ် တိုးတက်ချင်တယ် ကာကွယ်ချင်တယ် ဆိုရင် အရည်အချင်းရှိတဲ့ အစိုးရအဖွဲ့ဝင်တွေကို ရွေးချယ်ပေးဖို့လိုတယ်။ ကိုယ်တိုင်ကြိုးစား အားထုတ်ဖို့လိုတယ်။ မိမိမျိုးဆက်တွေကို ပညာတတ်အောင် လေ့ကျင့်သင်ကြားပေးထားဖို့လိုပါတယ်။
အောင်မျိုးထွန်းကျော်
Credit:Paukphaw

0 comments: