Catwidget1

Arts

သူတို့ဆီက လူငယ်တွေ အပိုင်း(၁)

"ဆရာမဖြိုး ဘာဂီကို ခဏရပ်ဖို့ ပြောပေးပါ" ကိုယ်ရှာနေတဲ့ အရာတစ်ခု မြင်ကွင်းထဲရောက်လာတာကြောင့် ဘာဂီရပ်ခိုင်းဖို့ ဘာသာပြန်ဆရာမဖြိုးပြည့်စုံကို အကူအညီတောင်းလိုက်တာပါ။ ကိုယ်ကြောင့် အခြားလူတွေ စောင့်နေရမှာကို အားမနာနိုင်အောင်ပါပဲ။ နောက်တစ်ခေါက် ဒီလိုအခြေအနေမျိုးနဲ့ ဒီနေရာကိုပြန်ရောက်ဖို့ ဖြစ်နိုင်ခြေနည်းတဲ့အတွက် ကျွန်တော်အားမနာနိုင်ပါဘူး။ 
ဘာဂီရပ်လိုက်တာနဲ့ တစ်ပြကျော်ကျော် ပန်းခြံအလယ်မှာ လမ်းလျှောက်နေတဲ့ လူငယ်စုံတွဲဆီ တဟုန်ထိုး ပြေးသွားလိုက်တယ်။ ပြီးတော့ ဓာတ်ပုံရိုက်ခွင့်ပြုဖို့ ခွင့်တောင်းလိုက်ပါတယ်။ ဒီတရုတ်လူငယ်နှစ်ယောက်က လူပေါင်းများစွာရှိနေတဲ့ ပန်းခြံထဲမှာ ဟန်အင်ပါယာခေတ် အဝတ်အစားတွေဝတ်ပြီး လျှောက်လည် နေကြတာ လေ။ ကျွန်တော်တို့ရောက်နေတဲ့နေရာက တရုတ်နိုင်ငံ တောင်ပိုင်းအလယ်ပိုင်း ပြည်နယ်တွေထဲက ဟူနန်ပြည်နယ်၊ ချန်ရှားမြို့၊ ကျွီကျီကျို (JuZiZhou) လို့ခေါ်တဲ့ လိမ္မော်သီး ကျွန်းပေါ်မှာပါ။
 
မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ရုံးနဲ့ တရုတ်-မြန်မာချစ်ကြည်ရေးအသင်း အစီအစဉ်နဲ့ ပြီးခဲ့တဲ့ မတ်လ ၂၂ရက်ကနေ ၂၉ရက်နေ့အထိ ချစ်ကြည်ရေးအတွက် ခရီးထွက်ခဲ့ကြတယ်။ စစ်ကိုင်း၊ မန္တလေး၊ ပြင်ဦးလွင်က စာရေးဆရာ၊ သတင်းစာဆရာ၊ ဓာတ်ပုံဆရာတွေနဲ့ပါ။ ကျွန်တော်တို့အဖွဲ့မှာ ဘာသာပြန်အပါအဝင် ၁၄ဦးလိုက်ပါလာတယ်။ ကွမ်တုန် (Guangdong)၊ ဟိုင်နန် (Hainan)၊ ဟယ်နန် (Henan)၊ ဟူပေ့ (Hubei)၊ ဟူနန် (Hunan)၊ ကွမ်ရှီကျွမ့် (Guangxi Zhuang) လို့ခေါ်တဲ့ တရုတ်နိုင်ငံ တောင်ပိုင်းအလယ်ပိုင်းပြည်နယ် ခြောက်ခုထဲက ဟူနန် ပြည်နယ်နဲ့ ကွမ်ရှီပြည်နယ် နှစ်ခုကို ကျွန်တော်တို့လေ့လာခွင့်ရကြတယ်။ ပြည်နယ်နှစ်ခုဆိုပေမယ့် မန္တလေးတိုင်းဒေသကြီး အကျယ်အဝန်းနဲ့နှိုင်းယှဉ်ရင် ပြည်နယ်တစ်ခု တစ်ခု ၅ဆကျော်၊ ၆ဆလောက်ရှိတဲ့ ဒီပြည်နယ်တွေရဲ့ ဒေသအချို့ကိုသာ ရတဲ့အချိန်လေးတွေအတွင်း လေ့လာကြရတယ်။ အထူးသဖြင့် မော်စီတုန်းမွေးရပ်မြေ၊ မော်စီတုန်းတစ်သက်တာ ပြတိုက်၊ ခရီးသွားလုပ်ငန်း၊ စက်မှု၊ အိုင်တီနဲ့ အီလက်ထရောနစ် ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ မီဒီယာလုပ်ငန်းနဲ့ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းစင်တာတွေ အကြောင်းပါ။
 
ကျွီကျီကျို (JuZiZhou) လို့ခေါ်တဲ့ လိမ္မော်သီးကျွန်းဟာ လူထုအပန်းဖြေရာပန်းခြံ၊ ခရီးသွားလုပ်ငန်း၊ ဥက္ကဋ္ဌကြီးမော်စီတုန်း အထိမ်းအမှတ်နေရာတစ်ခု ဖြစ်ပါတယ်။ ကျွန်းပေါ်ရောက်ရောက်ချင်း အုပ်စုလိုက် လမ်းလျှောက်လည်နေကြတဲ့ တရုတ်ရှေးခေတ်အဝတ်အစားတွေနဲ့ လူငယ်အုပ်စုတစ်ခုကို တွေ့ခဲ့ရပေမယ့် ရိုက်ကူးရေးတစ်ခုခုရှိလို့နေမယ်လို့ ထင်မိတယ်။ ဓာတ်ပုံရိုက်ဖို့လည်း အခွင့်မသာလိုက်ဘူး။ ဘာဂီပေါ်မှာ ကျွန်တော့်အနားကပ်ထိုင်နေတဲ့ နိုင်ငံတကာဆက်ဆံရေးဌာန ဘာသာပြန် မစ္စတာယွီမင်း (YuMing) ကို မေးကြည့်တော့မှ ရိုက်ကူးရေးရှိလို့မဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။ သူတို့က အနောက်တိုင်းယဉ်ကျေးမှု လွှမ်းမိုးလာတဲ့အပေါ် မိမိယဉ်ကျေးမှု အခိုင်အမာရှိကြောင်း ဖော်ထုတ်ပြသဖို့ စိတ်အားထက်သန်တဲ့ လူငယ်တွေတဲ့။ ဒါကြောင့် အခုလို အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာ၊ ပြည်တွင်းပြည်ပခရီးသွားတွေရှိတဲ့ နေရာမှာ ဟန်အင်ပါယာခေတ်က အဝတ်အစားတွေဝတ်ပြီး ထုတ်ဖော်ပြသကြတာလို့ ဆိုပါတယ်။ 

ဟူနန်ပြည်နယ် နိုင်ငံတကာ ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး မစ္စချန်ရှီ (ChenXi) ရှင်းပြချက်အရတော့ ပြီးခဲ့တဲ့နှစ်ကမှ စတင်လာခဲ့တာ။ တစ်နှစ်မှာ နှစ်ကြိမ် နွေဦးရာသီနဲ့ ဆောင်းဦးရာသီတွေမှာ လူငယ်တွေ အုပ်စုလိုက် အခုလို ဝတ်စားဆင်ယင်ပြသကြတယ်။ သူတို့အဲဒီလို ဝတ်စားဆင်ယင်ဖို့ ဘယ်သူကမှ အတင်းမတို က်တွန်းဘူး။ တကယ်လို့ ဝတ်စားဆင်ယင်ဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ ပရဟိတအသင်း တွေရှိတယ်။ သူတို့နဲ့ဆက်သွယ်ပြီး ကိုယ်ဝတ်ချင်တဲ့ဝတ်စုံကိုပြလိုက်ရင် ကိုယ်အတိုင်းရှာပေးပြီး ထုတ်ပေးတယ်လို့ဆိုပါတယ်။ 

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအစီအစဉ်တွေထဲကတစ်ခု ဖြစ်နိုင်စရာရှိပေမယ့် ဆန္ဒရှိတဲ့ လူငယ်တွေနဲ့ ထောက်ပံ့ပေးဖို့ အဆင်သင့်ရှိနေတဲ့ ပရဟိတအသင်းတွေ ရှိနေတယ်ဆိုတာက စိတ်ဝင်စားစရာပါ။ 

အနားရောက်လာသူတွေ 

၂၀၁၆ ခုနှစ်ကတည်းက စတင်လာခဲ့တဲ့ ချစ်ကြည် ရေးခရီးစဉ်တွေမှာ စာရေးဆရာ၊ သတင်းစာဆရာတွေအပြင် ရဟန်းသံဃာတွေ၊ တက္ကသိုလ်တွေက ဆရာ ဆရာမတွေ၊ ဓာတ်ပုံဆရာတွေ၊ နိုင်ငံရေး သမားတွေ စသဖြင့် အဖွဲ့အစည်းအသီးသီး ပါဝင်တယ်။ အဲဒီခရီးစဉ်က ပြန်လာကြတဲ့ စာရေးဆရာ၊ သတင်းစာဆရာ ကြီးကြီး ငယ်ငယ်တွေဆီက ပြန်ကြားရတာ၊ သူတို့ရေးတဲ့စာတွေထဲ ဖတ်ခွင့်ရတာတွေက တရုတ်လူငယ်တွေ သိပ်တော်ကြတာပဲတဲ့။ 

နိုင်ငံတကာက ဧည့်သည်လာလုပ်တဲ့လူတွေအနားကို တော်တဲ့ထက်တဲ့သူတွေကိုပဲ လွှတ်ပေးထားတာ သိပ်တော့ မထူးဆန်းပါဘူး။ တစ်ချို့ဆို စာပေဆိုင်ရာဒေါက်တာဘွဲ့ရတွေ ပါပါတယ်။ အများအားဖြင့်တော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကျမ်းပြီးထားတဲ့သူတွေ။ အလည်အပတ်သွားတဲ့သူတွေက သာသာယာယာ ခရီးသွားသူ တွေ လေ့လာအားနည်းတဲ့သူတွေဆိုရင် ဂုဏ်ပြုညစာစားပွဲတွေမှာ ကိုယ်အနားသူတို့လာထိုင်တဲ့အချိန် သူတို့ စေ့စေ့ပေါက်ပေါက် မေးတဲ့ မေးခွန်းတွေကို ဖြေနိုင်ဖို့ မလွယ်ပါဘူး။ 

ကျွန်တော်တို့အဖွဲ့ကို ဟူနန်မှာ တာဝန်ယူခဲ့တဲ့ မစ္စချန်ရှီနဲ့အတူပါလာတဲ့ မစ္စတာယွီမင်းဆိုရင် ခရီးစဉ်စာအုပ်မှာ နိုင်ငံတကာဆက်ဆံရေး၊ ပြည်ပဆက်ဆံရေးဌာန ဘာသာပြန်လို့ဖော်ပြထားပေမယ့် တကယ့်တ ကယ် သူ့ကို ဝီချက်ကနေ အင်တာဗျူးလုပ်ကြည့်တဲ့အခါ သူက ဟူနန်နည်းပညာတက္ကသိုလ် အင်ဂျင်နီယာဘွဲ့ ရတစ်ယောက် ဆိုတာ သိခွင့်ရလိုက်တယ်။ သို့သော် သူတို့တာဝန်ယူရတဲ့အလုပ်ကို တာဝန်ထမ်းဆောင်တယ် ဆိုတာထက် သူတို့အလုပ်ကို စိတ်ပါလက်ပါ လုပ်ကြသူတွေပါ။ ညွှန်ကြားမှူး မစ္စချန်ရှီဆို သူ့ရာထူးကို ဖယ်ထားပြီး သွားလာ လည်ပတ်တဲ့နေရာတွေ ဘတ်စကားပေါ်တွေမှာ ဧည့်လမ်းညွှန်လုပ်တဲ့အလုပ်တွေကို လိုအပ်ရင် လိုအပ်သလို ပေါ့ပေါ့ပါးပါးပဲ ဝင်လုပ်ပေးတယ်။ သူတို့က ခရီးစဉ်အတွင်း အန္တရာယ်ကင်းရှင်းဖို့ သိချင်တာတွေပြောပြဖို့ စိတ်ချမ်းသာ ပျော်ရွှင်စေဖို့ တစ်ခုတည်းကိုပဲ အာရုံထည့်ထားသူတွေပါ။ 
အဲဒါအပြင် စကားအရာမှာလည်း လိမ္မာပါးနပ်စွာ ပြောတတ်သူတွေပါ။ နေရာအကျယ်အဝန်းမှာ ဂရင်းနစ် စံချိန် တင်ထားတဲ့ ရှီဟူလုံစားသောက်ဆိုင်မှာ နေ့လည်စာစားဖို့ အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းဦး (မန္တလေး နေ့စဉ် အယ်ဒီတာချုပ်)၊ မစ္စချန်ရှီ၊ စာရေးဆရာမ ဒေါ်နုနုကြည်(အမေ့အိမ်)တို့နဲ့အတူ ထိုင်ဖြစ်တယ်။ အဲဒီမှာ မကြာသေးမီက မြောက်ကိုရီးယား သမ္မတနဲ့ အမေရိကန် သမ္မတတို့ တောင်ကိုရီးယားမှာတွေ့ဆုံမှုအပေါ် ဘယ်လိုမြင်သလဲလို့ မစ္စချန်ရှီက မေးတဲ့အခါ အဖွဲ့ခေါင်းဆောင်က ရလဒ်ကောင်းတွေထွက်ဖို့ သိပ်မမျှော်လင့်ရ ပါဘူးလို့ ပြန်ဖြေတယ်။ ကျွန်တော်က နိုင်ငံတကာမှာ စိတ်ဝင်စားစရာတွေ ဒီလောက်အများကြီးထဲက ဘာဖြစ်လို့ မြောက်ကိုရီးယားနဲ့တွေ့ဆုံမှုအကြောင်း မေးတာလဲလို့ မေးခွန်းထုတ်တော့ သူက တရုတ်နိုင်ငံ နိုင်ငံတကာ ဆက်ဆံရေးဌာနမှာ အလုပ်လုပ်တာလေ။ အဲဒီတော့ မြောက်ကိုရီးယားအကြောင်း စိတ်ဝင်စားတာ သိပ်မဆန်းပါဘူးတဲ့။ ကျွန်တော်တို့ ကွမ်ရှီပြည်နယ်ဖက်ရောက်တော့ ကွမ်ရှီနည်းပညာပြတိုက်ရှေ့မှာ စာကြည့်တိုက်အဖြစ် ပြသထားတဲ့ မီးရထားတွဲအကြောင်းပြောကြရင်း သိခဲ့ရတာက အဲဒီနေ့တွေ့ဆုံပွဲမှာ မြောက်ကိုရီးယားသမ္မတ စီးသွားခဲ့တဲ့ မီးရထားက ကွမ်ရှီးပြည်နယ်က ထုတ်တာပါတဲ့။ 
အောင်မျိုးထွန်းကျော်
Credit:Paukphaw

0 comments: