Catwidget1

Arts

ပန်းနုရောင်စွယ်တော် ရွှေဝါရောင်ပိတောက် အပိုင်း (၂)နိဂုံး

wechat-image_20190527200225
လျှိုကျို့မြို့က သူ့သဘာဝပထဝီအနေအထားအရကိုက လျှိုမြစ်ကွေ့ဝိုက်စီးဆင်းရာ စက်ဝိုင်းခြမ်းပုံစံမှာ တည် ထားတာမို့ အမြင်ဆန်းပြီး လှပါတယ်။ သူ့မြို့တည်ခဲ့တဲ့ သက်တမ်းက နှစ်ပေါင်း ၂၀၀၀ ကျော်ပါပြီ။ သဘာဝ ပတ်ဝန်းကျင် ကောင်းမွန်လာတဲ့ လျှိကျို့မြို့က စက်မှုလုပ်ငန်းအပြင် သူရဲ့နဂိုသဘာဝကပေးထားတဲ့ အလှတရားကို ခံစားနိုင်စေဖို့ ခရီးသွားလုပ်ငန်းကိုလည်း တိုးချဲ့ဆောင်ရွက်နိုင်လာခဲ့တယ်။ အဲဒီလို ခရီးသွားလုပ်ငန်းအဖြစ် ဆောင်ရွက်နိုင် ဖို့အတွက်လည်း တရုတ်ခရီးသွားလာရေးဝန်ကြီးဌာနက အေလေးလုံးအဆင့် သတ်မှတ်ချက်တွေကို ၁၉၉၉ခုနှစ်မှာ ထုတ်ပြန်ပေးခဲ့တယ်။ ၂၀၀၄ခုနှစ်မှာတော့ အေငါးလုံးအဆင့်ထိတိုးမြှင့် သတ်မှတ်ချက် ရှိလာတယ်။ အေအဆင့် သတ်မှတ်ရာမှာ သတ်မှတ်ချက်တွေ အများကြီးရှိပေမယ့် အဓိကအားဖြင့်တော့ ခရီးသွားဧရိယာရဲ့ အရေးပါမှု၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှု၊ လုံခြုံစိတ်ချရမှု၊ သန့်ရှင်းမှုနဲ့ မိလ္လာ၊ ရေဆိုးစနစ် ကောင်းမွန်မှုတွေ ပါဝင်တယ်။ အဆင့်သတ်မှတ်ရာမှာ အေတစ်လုံးကနေ အေငါးလုံးအထိ အဆင့်ဆင့် သတ်မှတ်တယ်။ အေတစ်လုံးက အနိမ့်ဆုံး၊ အေငါးလုံးက အမြင့်ဆုံးပါ။
wechat-image_20190527200239
၂၀၁၈ ခုနှစ် စာရင်းတွေအရ လျှိုကျို့မြို့မှာ အဲဒီသတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ အေလေးလုံးအဆင့်ရှိတဲ့ သဘာဝခရီးသွားလုပ်ငန်း ၁၆ ခု၊ အေသုံးလုံးအဆင့် ခရီးသွားဧရိယာ ၁၅ ခု ရှိလာခဲ့တယ်။ဒီလိုတွေလုပ်နိုင်တာဟာ နိုင်ငံချမ်းသာတာ၊ ခေတ်မီဖွံ့ဖြိုးတိုးတက်တာ၊ အစီအမံကောင်းတာ ဆိုတာအပြင် တရုတ်နိုင်ငံရဲ့ နိုင်ငံရေး စန စ်ကြောင့်လို့လည်း ဆိုနိုင်တယ်။ ၁၉၉၃ ခုနှစ်က ရိုက်ထားခဲ့တဲ့ ဓာတ်ပုံတွေနဲ့ ၂၀၁၈ ခုနှစ်က ရိုက်ထားတဲ့ လျှိုကျို့မြို့ ဓာတ်ပုံတွေကို ယှဉ်ကြည့်ရင် ဒါကို သိသိသာမြင်နိုင်တယ်။ ဥပမာ လျှိုမြစ်အရှေ့ဖက်ကမ်း ဖန်လုံတောင်ခြေမှာရှိတဲ့ အာရှမှာအကြီးဆုံး လူတွေဖန်တီးထားတဲ့ ရေတံခွန်နေရာမှာ အရင်ကစက်ရုံအကြီးကြီးတစ်ခု ရှိနေတယ်။ ဒီလိုပဲ အနီရောင်ဝမ်ဝှေ့ မြစ်ကူးတံတားအလှကို ကွယ်နေတဲ့ အထပ်မြင့်အဆောက်အဦးတွေ ၂၀၁၈ ခုနှစ် ဓာတ်ပုံတွေမှာ မတွေ့ရတော့ဘူး။ အဲဒါအပြင် လျှိုမြစ်အရှေ့ဖက်ကမ်း အနီရောင်ဝမ်ဝှေ့မြစ်ကူးတံတား ချဉ်းကပ်လမ်းလို့ ပြောလို့ရတဲ့ ကျာဟယ့်လမ်းတစ်လျှောက် လမ်းဘေးလူနေဆိုင်ခန်း၊ အဆောက်အဦးတွေနေရာမှာ ပန်းနုရောင်စွယ်တော် ပန်းပင်ေ တွ အစားထိုး စိုက်ပျိုးအလှဆင်ထားတာ တွေ့နိုင်တယ်။
capture1
ဒါတွင် မကသေးပါဘူး။ နောင်အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ကမ္ဘာကြီးပူနွေးလာမှု၊ သစ်ပင်တွေ လျော့နည်းလာ မှုအတွက် ကြိုတင် အစီအစဉ်တွေလည်း ရှိနေပါသေးတယ်။
stefano-boeri-architetti_liuzhou-forest-city_view-1

ကျွန်တော်တို့မရောက်ခဲ့ မလေ့လာခဲ့ရပေမယ့် လျှိုကျို့မြို့ မြောက်ပိုင်းတောင်ကုန်းတွေပေါ် ၁၇၅ ဟက်တာ (၄၃၇ ဧက)မှာ လျှိုကျို့သစ်တောမြို့ ဆိုတာရှိတယ်။ သူ့ကိုဒေါင်လိုက်သစ်တော (Vertical Forest) မြို့လို့လည်း တင်စားတယ်။ သူ့ရဲ့ ဗိသုကာပုံစံက အဆောက်အဦးတွေမှာကိုပဲ သစ်ပင်တွေ စိုက်ပျိုးထားတဲ့ ပုံစံပါ။ ဒီမြို့ရဲ့သတင်းတွေကို ကမ္ဘာ့နာမည်ကြီး သတင်းဌာနတွေဖြစ်တဲ့ National Geographic ချန်နယ်လို၊ Interni သတင်းဌာနလို၊ CNBC သတင်းဌာနလို စတဲ့ သတင်းဌာနကြီးတွေက ပထမဆုံးသစ်တောမြို့ဆိုတာမျိုးနဲ့ တခုတ်တရ ဖော်ပြကြတယ်။ ဒီစီမံကိန်းကာလကို ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ သတ်မှတ်ထားတယ်။ ဒီမြို့မှာ အရိပ်ရအပင်ပေါင်း လေးသောင်းနဲ့ မျိုးစိတ်မျိုးကွဲ တစ်ရာပါဝင်တဲ့ အခြားအပင်ပေါင်း တစ်သန်းကို စိုက်ပျိုးထားတယ်။ တစ်နှစ်တစ်နှစ်ကို လေထုညစ်ညမ်းစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် တန်တစ်သောင်း၊ အခြားလေထုညစ်ညမ်းစေတဲ့ ဓာတ်ငွေ့ ၅၇ တန်ကို စုပ်ယူနိုင်ဖို့နဲ့ လူတို့အသက်ရှုတဲ့ အောက်ဆီဂျင် အနည်းဆုံး တန် ၉၀၀ ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားတာပါ။ အဲဒီသစ်တောမြို့မှာ ရုပ်ကြွင်းလောင်စာသုံးယာဉ်တွေ သုံးစွဲခွင့်မရှိပါဘူး။ လျှပ်စစ်ယာ ဉ်တွေကို သာ အသုံးပြုခွင့်ပေးထားတာပါ။ ဒီစီမံကိန်းသာ အောင်မြင်ရင် တရုတ်နိုင်ငံရဲ့ နန်ကျင်မြို့ (Nanjing)၊ ရှန့်ဟိုင်မြို့ (Shanghai)နဲ့ စိန်ကျန် (Shenzhen) မြို့တွေမှာ လျှိုကျို့သစ်တောမြို့လို မြို့တွေ အစားထိုး တည်ဆောက်သွားဖို့ အစီအစဉ်ရှိနေပါတယ်။
wechat-image_20190527200143
သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု အခြေအနေဆိုးတွေကနေ မြန်မြန်ဆန်ဆန် ရုန်းထွက်လာခဲ့တဲ့ လျှိုကျို့ရဲ့ အပူချိန်တွေ ကိုကြည့်ရင် ၁၉၈၁ ကနေ ၂၀၁၀ အထိ အမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီစီတီဂရိတ်၊ အနိမ့်ဆုံးအပူချိန် အနှုတ် ၃ ဒီဂရီစီတီဂရိတ် ရှိပြီးတော့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ အမြင့်ဆုံးအပူချိန် ၃၃ဒဿမ၂ ဒီဂရီစီတီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၇ဒဿမ၁ ဒီဂရီစီတီဂရိတ်အထိ ပြောင်းလဲသွားတယ်။ ပူလွန်းအေးလွန်းတဲ့ ရာသီဥတုကို အပင်တွေက ထိန်းညှိပေးလိုက်တာ သိသိသာသာပါပဲ။
2010liuzhou
2019liuzhou
ရှေးနှစ်ပေါင်းများစွာကတည်းက သင်္ကြန်နဲ့ ပိတောက်ပန်းတွဲလျက်ဆိုတာ အထိမ်းအမှတ်တစ်ခုရယ်ပါ။ အခု အချိန်အခါလို သင်္ကြန်ကသီးသန့်၊ ပိတောက်ပန်းကသီးခြားဆိုရင် ပိတောက်နဲ့ သင်္ကြန်၊ သင်္ကြန်နဲ့ ပိတောက် တွဲဖက်ပြောခဲ့ကြလိမ့်မယ် မဟုတ်ဘူး။ အခုတော့ သင်္ကြန်ရောက်ရင် ပိတောက်ပန်း ပွင့်မယ် မပွင့်ဘူး ဆိုတာဘယ်သူ မှမပြောနိုင်၊ မခန့်မှန်း နိုင်ကြတော့ပါဘူး။
ဒါဟာ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့် ဂေဟဗေဒစနစ် ပျက်စီးလာတဲ့သဘောပါ။ စာတွေထဲက တင်စားသလို ပိတောက်က သစ္စာမရှိတော့ဘူးဆိုတာထက် ကျွန်တော်တို့ ပိုမြင်ဖို့ လိုအပ်နေပါပြီ။
အောင်မျိုးထွန်းကျော်
Credit : PaukPhaw












0 comments: