Catwidget1

Arts

ကျောင်းတွင်း ဒီမိုကရေစီ နိဒါန်း

ရေးသားသူ  ✒️✒️✒️ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်

ဒီမိုကရေစီ ဝါဒသည် နှစ်သက် လိုလား အပ်သော အင်္ဂါရပ်များ အများအပြားရှိသော်လည်း ခြောက်ပြစ် ကင်း သဲလဲစင်ဝါဒမဟုတ်ပေ။ ချွတ်ယွင်းချက် များလည်းရှိပေသည်။ အများသိရှိပြီးဖြစ်သော ချွတ်ယွင်းချက်မှာ နှေးကွေးခြင်းပင်ဖြစ်၏။ တိုင်းပြည်တစ်ပြည်ကို ဖက်ဆစ်နိုင်ငံဖြစ်လာအောင် ငါးနှစ်အတွင်း ဖန်တီးပေးနိုင်ပေ သည်။ သို့ရာတွင် ဒီမိုကရေစီနိုင်ငံဖြစ်လာအောင်မူကား ဆယ်နှစ်နှင့်ပင် ဖန်တီး၍ မရကောင်းပေ။ တကယ့် ဒီမိုကရေစီနိုင်ငံဖြစ်လာစေရန်အတွက် ပြဿဒ်ဆောက်သကဲ့သို့ တစ်ဆင့်ပြီးတစ်ဆင့် တစ်ထစ်ပြီးတစ်ထစ် သာလျှင် ဖန်တီးပေးနိုင်၏။ ဒီမိုကရေစီဝါဒသည် ခုရေတွင်းတူး ခုရေကြည်သောက်နိုင်သော ဝါဒမဟုတ်သည်ကို အထူးသတိပြုရပေမည်။

စကားပလ္လင်
  
စာသင်ကျောင်းများတွင် ဒီမိုကရေစီ နည်းအရ မည်သို့ ကျင့်သုံးလိုက်နာလျက်ရှိသည်။ လက်တွေ့ ဒီမိုကရေစီ နည်းနာနိသျများကို မည်ကဲ့သို့ သင်ကြားပို့ချပေးနိုင်သည်ကို စုံစမ်းစစ်ဆေးရန် အင်္ဂလန်ပြည်တွင် ဖွဲ့စည်း တည်ထောင်ထားသော (ပြည်သူ့နီတိ ပညာ ပြန့်ပွားရေး အသင်း) က ကော်မတီတစ်ရပ် ဖွဲ့စည်းလျက် တာဝန် ပေးခဲ့၏။ ထိုကော်မတီတွင် ပညာရေးနှင့် ဆိုင်ရာ ပုဂ္ဂိုလ် ၁၂ ဦးပါဝင်၍ ကျောင်းဆရာကြီးများ၊ ပညာဝန်များ၊ တက္ကသိုလ်ကျောင်းအုပ်ကြီးများ ပါဝင်လေသည်။ ထိုကော်မတီသည် အင်္ဂလန်ပြည်ရှိ စာသင်ကျောင်းပေါင်း အမြောက်အမြားကို သွားရောက် ကြည့်ရှုလေ့လာပြီးလျှင် စကားလုံးပေါင်း ၅၅၀၀၀ခန့် ပါဝင်သော အစီရင်ခံစာ တစ်စောင်ကို ၁၉၄၇ ခုနှစ်အတွင်းက (ပြည်သူ့နီတိ ပညာပြန့်ပွားရေး အသင်း) သို့ တင်ပြခဲ့လေသည်။ ထိုအစီရင်ခံစာတွင် စာသင်ကျောင်းများ၌ ဒီမိုကရေစီ အုတ်မြစ်ချရေးနှင့် ပတ်သက်၍ အဖိုးတန်သော အချက်အလက်များနှင့် ထိရောက်သော အကြံပေးချက်များ အများအပြားပါဝင်သဖြင့် အစီရင်ခံစာ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အင်္ဂလန်ပြည်၌သာမက ကမ္ဘာအရပ်ရပ်ရှိ ပညာရေးလောကတွင် ဂယက် ရိုက်သွားသည်ကို တွေ့ရလေသည်။

ဒီမိုကရေစီဝါဒကို လက်ကိုင်ပြုလျက် ဒီမိုကရေစီနိုင်ငံထူထောင်ရန် အားသွန်ကြိုးပမ်းလျက်ရှိသော ကျွနု်ပ်တို့ ပြည်ထောင်စုမြန်မာနိုင်ငံတွင်လည်း စာသင်ကျောင်းများကစ၍ ဒီမိုကရေစီစနစ်ကို လက်တွေ့ကျင့်သုံးနိုင်ရန် များစွာ လိုလားအပ်သဖြင့် အထက်ပါ အစီရင်ခံစာကို အကျဉ်းချုံးပြီးလျှင် ဆီလျော်အောင် မြန်မာပြန်ဆို ထုတ်ဝေ အပ်ပါသည်။ ဤစာအုပ်ငယ်သည် ကျောင်းသူ ကျောင်းသားများအား ဒီမိုကရေစီ သဘောတရားများ ကို လက်တွေ့ကျင့်သုံးနိုင်ရန် အထောက်အကူဖြစ်ပါစေသတည်း။ ဒီမိုကရေစီဟူသော နာမပညတ်၏ အဓိပ္ပာယ် ကို ကောင်းစွာ သိမြင်နိုင်ကြပါစေသတည်း။

၁၉၅၂ ခု - မေလ ၁၀ ရက် 
မောင်သန့်
ရန်ကုန်မြို့ 
အကျိုးဆောင် အုပ်ချုပ်မှု အတွင်းရေးမှူး
မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း

နိဒါန်း

အင်္ဂလန်ပြည်ရှိ ပြည်သူ့နီတိ ပညာပြန့်ပွားရေးအသင်းကို ၁၉၅၂ ခုတွင် စတင်ဖွဲ့စည်းခဲ့သည်။ သို့ရာတွင် ထိုအသင်းကို မဖွဲ့စည်းမီ ရှေးပဝေဏီကပင် ပြည်သူ့နီတိပညာကို အနည်းနှင့် အများဆိုသလို ရေးခဲ့ ပြောခဲ့ကြသည်။ ပြည်သူ့နီတိပညာ ဆိုသည်မှာလည်း ပြည်သူပြည်သားကောင်း တစ်ယောက် ဖြစ်လာစေရန် ရည်ရွယ်၍ သင်ကြားပို့ချသော ပညာရပ်ပင် ဖြစ်၏။ တနည်းဆိုသော် ပြည်သူ့ လမ်းညွှန်ပညာ ဖြစ်ပေသည်။

ရှေးအခါက နိုင်ငံ အများ၌ပင် ပညာရေးစနစ်သည် ပြည်သူပြည်သားကောင်းများ ဖြစ်လာရန် ရည်ရွယ်သော စနစ်ပင်ဖြစ်ပါသည်။ ဥပမာ ဟစ်တလာ၏ လက်အောက် ဂျာမနီပြည်တွင် စာသင်ကျောင်းများ၌ (ပြည်သူပြည်သားကောင်းများ) ဖြစ်လာရန် ရည်ရွယ်၍ သင်ကြားပို့ချပေးသည်မှာ မှန်ပါသည်။ ကလေးသူငယ် များသည် မိမိတို့ တိုင်းပြည်ကို အလွန်အမင်းချစ်ကြရမည်ဟု ဆို၏။ နိုင်ငံတော်သည် ကလေးများ၏ ကျန်းမာရေး ကိုလည်း အထူးဂရုစိုက်၏။ ကလေးများ၏ ဉာဏ်ထက်မြက်ရေးကိုလည်း နည်းအမျိုးမျိုးဖြင့် ဖန်တီး ၏။ နိုင်ငံသမိုင်းကိုပင် ရည်ရွယ်ချက် ပြန်လည်ရေးသား ပြစုစေ၍ သင်ကြားပို့ချကြရ၏။ သို့ရာတွင် ဟစ်တလာ၏ လက်အောက် ပညာရေးစနစ်သည် ကျွန်ုပ်တို့ နားလည်လက်ခံသော ဒီမိုကရေစီ ပညာရေးစနစ် မဟုတ်ပေ။ မဟုတ်ယုံမျှမက အလွန်ပင် ကွာဝေးပေသည်။ ကိုယ့်အမျိုးကို ချစ်ယုံ၊ ကျန်းမာယုံ၊ ဉာဏ် ပညာ ကောင်းယုံမျှနှင့် ကလေးသူငယ်တစ်ယောက်သည် ဒီမိုကရေစီ ပညာကို သိနားလည်ခြင်းမရှိနိုင်ပေ။ ဒီမိုကရေစီ ပညာသည်လည်း အစိုးရက တိုင်းသူပြည်သားများအား လက်ကမ်း၍ ပေးနိုင်သော ပညာမဟုတ်။ ဆရာက တပည့်အား သင်ကြားပို့ချ၍ လုံလောက်သော ပညာမဟုတ်။ ဆရာရော တပည့်ပါ ဒီမိုကရေစီစနစ်အတိုင်း လိုက်နာကျင့်ကြံနေထိုင်မှသာလျှင် တတ်မြောက်နိုင်သည့် ပညာရပ် ဖြစ်လေသည်။ အတုမြင် အတတ်သင်ဆိုသည့် စကားအတိုင်း လက်တွေ့ပြုလုပ်မှသာလျှင် ထိုကဲ့သို့ ဒီမိုကရေစီကို လက်တွေ့ကျင့်သုံးနိုင်ရန်အတွက် ကျင့်သုံးသူများသည် အတော်အတန် လွတ်လပ်မှုရှိရပေမည်။ ထိုသို့ လွတ်လပ်မှုကိုပင် အများလွတ်လပ်မှုအတွက် အနစ်နာခံလိုစိတ်ရှိရပေမည်။ ကျောင်းမှထွက်သော ကလေး သူငယ်များသည် လွတ်လွတ်လပ်လပ် တွေးတောကြံဆတတ်သော အလေ့အကျင့်သည်ပင်လျှင် တိုးတက်ရေး ၏ ဇီဝမျိုးစေ့ ဖြစ်၏။ အထက်က ညွှန်ကြားချက်အရ ဤသို့သာ တွေးတော ကြံဆရမည်။ ထိုသို့ မတွေးတော မကြံဆရဟူသော ချုပ်ချယ်မှု တို့သည် ဒီမိုကရေစီ၏ ရန်သူများဖြစ်ကြပေသည်။ ဒီမိုကရေစီ၏ အင်္ဂါတစ်ရပ်ကား စိတ်ကူးကိုသော် လည်းကောင်း၊ အပြုအမူကိုသော် လည်းကောင်း၊ ချုပ်ခြယ်ခြင်း လုံးဝကင်းစင်ခြင်းပင်တည်း။

(ဒီမိုကရေစီ) ဟူသော စကားလုံးသည် ရံဖန်ရံခါ အဓိပ္ပာယ်ကင်းမဲ့စွာ အသုံးပြုခြင်းကို ခံရတတ်လေ သည်။ နိုင်ငံရေးနှင့် စပ်လျဉ်း၍ သဘောကျသော အကြောင်းအရာ တစ်ရပ်ကို (ဒီမိုကရေစီ) ဖြစ်သည်ဟု ချီးကြူး ပြောဆိုလေ့ရှိကြ၍ သဘောမကျသော အကြောင်းအရာ တစ်ရပ်ကို (ဖက်ဆစ်) ဖြစ်သည်ဟု ကဲ့ရဲ့ ရှုတ်ချလေ့ရှိကြ၏။ သို့ရာတွင် ထိုသို့ ပြောဆို သုံးစွဲသူတို့သည် အများအားဖြင့် ဒီမိုကရေစီ၏ အဓိပ္ပာယ်ကို သော်လည်းကောင်း၊ ဖက်ဆစ်၏ အဓိပ္ပာယ်ကိုသော် လည်းကောင်း မသိရှာကြလေ။ ဒီမိုကရေစီသည် ပါတီ နိုင်ငံရေး မဟုတ်၊ အားလုံးနှင့် သက်ဆိုင်သော နိုင်ငံရေး ပါတီဖြစ်၏။ တနည်းအားဖြင့်ဆိုသော် ဒီမိုကရေစီ ရှိမှ သာလျှင် ပါတီများလည်း ရှိနိုင်ပေမည်။ ဒီမိုကရေစီမရှိလျှင် ပါတီအများမရှိနိုင်ပေ။ ဒီမိုကရေစီ၏ အင်္ဂါရပ်များမှာ လွတ်လပ်စွာ စိတ်ကူးနိုင်မှု၊ လွတ်လပ်စွာ ပြောဆိုနိုင်မှု၊ လွတ်လပ်စွာ ရေးသားနိုင်မှု၊ လွတ်လပ်စွာ စည်းရုံးနိုင်မှု အစရှိသော လူ့အခွင့်အရေးများပင်တည်း။

ဒီမိုကရေစီ၏ အခြားအင်္ဂါတစ်ရပ်မှာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အရေးကြီးပုံကို အသိအမှတ် ပြုသည်။ အစိုးရသည် လူပုဂ္ဂိုလ်များအတွက်သာဖြစ်သည်။ လူပုဂ္ဂိုလ်များသည် အစိုးရအတွက် မဟုတ် ဟူသော ဥပဒေသကို လက်ကိုင်ပြုသည်။ လူပုဂ္ဂိုလ်များသည် အရေးကြီးသည်ဆိုရာ၌ လူပုဂ္ဂိုလ်အသီးအသီးသည် အသိဉာဏ်ပညာချင်းတူအောင် စိတ်နေစိတ်ထားချင်းတူအောင် ညှိ၍ မပေး၊ ကိုယ်သန်ရာ သန်ရာ ပညာရပ်တွင် ထူးချွန်အောင်သာ အားပေးသည်။ စိတ်ကူးအယူအဆချင်းမတူညီကြသည်ကို တသဘောတည်း ဖြစ်အောင် ဒီမိုကရေစီက စုစည်း၍မပေး စိတ်ကူးအမျိုးမျိုး အယူအဆအမျိုးမျိုးမှ တိုင်းပြည်အတွက် အဖိုးတန် ဆုံးသော အကြံဉာဏ်များ ပေါ်ပေါက်လာလိမ့်မည်ဟု ဒီမိုကရေစီသည် အားကိုးယုံကြည်၏။ တကျောင်းတဂါထာ၊ တရွာတပုဒ်ဆန်းဟူသော ဝါဒသည် တနည်းအားဖြင့်ဆိုသော် ဒီမိုကရေစီ ဝါဒ ထပ်တူကျလျက်ရှိသည်။

ဒီမိုကရေစီ ဝါဒသည် နှစ်သက် လိုလား အပ်သော အင်္ဂါရပ်များ အများအပြားရှိသော်လည်း ခြောက်ပြစ် ကင်း သဲလဲစင်ဝါဒမဟုတ်ပေ။ ချွတ်ယွင်းချက် များလည်းရှိပေသည်။ အများသိရှိပြီးဖြစ်သော ချွတ်ယွင်းချက်မှာ နှေးကွေးခြင်းပင်ဖြစ်၏။ တိုင်းပြည်တစ်ပြည်ကို ဖက်ဆစ်နိုင်ငံဖြစ်လာအောင် ငါးနှစ်အတွင်း ဖန်တီးပေးနိုင်ပေ သည်။ သို့ရာတွင် ဒီမိုကရေစီနိုင်ငံဖြစ်လာအောင်မူကား ဆယ်နှစ်နှင့်ပင် ဖန်တီး၍ မရကောင်းပေ။ တကယ့် ဒီမိုကရေစီနိုင်ငံဖြစ်လာစေရန်အတွက် ပြဿဒ်ဆောက်သကဲ့သို့ တစ်ဆင့်ပြီးတစ်ဆင့် တစ်ထစ်ပြီးတစ်ထစ် သာလျှင် ဖန်တီးပေးနိုင်၏။ ဒီမိုကရေစီဝါဒသည် ခုရေတွင်းတူး ခုရေကြည်သောက်နိုင်သော ဝါဒမဟုတ်သည်ကို အထူးသတိပြုရပေမည်။

ဒီမိုကရေစီဝါဒ အောင်မြင်စေရန်အတွက် ပဌမအဆင့်မှာ တိုင်းသူပြည်သားများသည် အသိဉာဏ်ပညာ တိုး၍ တိုး၍ ရင့်သန်လာရမည်။ ထို့နောက် ဒီမိုကရေစီ၏ လက်တွေ့လုပ်ငန်းများတွင် တိုး၍ တိုး၍ ကိုယ်ထိ လက်ရောက် ပါဝင်ဆင်နွှဲကြရမည်။ ဒီမိုကရေစီ၏ အောင်မြင်မှုသည် လူထု၏ အသိဉာဏ်ပညာ၊ လူထု၏ ကျွမ်းကျင်မှု၊ လူထု၏ စိတ်ပါဝင်စားမှု၊ လူထု၏ အများအကျိုး ဆောင်ရွက်လိုမှုများ ပေါ်တွင် တည်၏။ ထို့ကြောင့် ဒီမိုကရေစီဝါဒသည် ဝါဒအားလုံးအနက် အခက်ခဲဆုံးသော ဝါဒဖြစ်ပေသည်။ ဖက်ဆစ်နိုင်ငံ (ဝါ) အာဏာရှင် နိုင်ငံများတွင် လူထုအသိဉာဏ်ပညာ ရှိသည် မရှိသည်မှာ အရေးမကြီး၊ လူထုကျွမ်းကျင်သည် မကျွမ်းကျင်သည်မှာ အရေးမကြီး လူထုစိတ်ဝင်စားခြင်း စိတ်မဝင်စားခြင်းမှာ အရေးမကြီး လူထုက အများအကျိုး ဆောင်ရွက်လိုစိတ် ရှိမရှိမှာ အရေးမကြီး၊ အထက်အာဏာပိုင်များက ပုံသေကားချ စီမံဆောင် ရွက်ခြင်းသာလျှင် အရေးကြီးပေသည်။ ဒီမိုကရေစီနိုင်ငံများတွင်မူကား ထိုသို့မဟုတ်ပေ။ လူထုသည် အရေးအကြီးဆုံး ဇာတ်လိုက်များဖြစ်ကြပေသည်။

အာဏာရှင် နိုင်ငံများတွင် အထက် အာဏာပိုင်တို့က လက်ညှိုးညွှန်ရာကိုသာ လူထုက မညည်း မညူ ကျွဲနွားများပမာ လိုက်နာ ဆောင်ရွက်ကြရသဖြင့် အလုပ်တွယ်ကျယ်သည်။ အချိန်တိုတိုနှင့် ဆောင်ရွက်၍ ပြီးစီး သည်။ ဒီမိုကရေစီနိုင်ငံများတွင်မူကား လူထု၏ဆန္ဒကို အရေးပေးသဖြင့် အချိန်ယူ၍သာ ဆောင်ရွက်ကြရသည်။ သို့ရာတွင် ဤချွတ်ယွင်းချက်ကား လူ့အခွင့်အရေးများအတွက် ကျွန်တော်တို့ပေးရသော တန်ဖိုးမျှသာ ဖြစ်သည်။ ဒီမိုကရေစီ ကြွေးကြော်သံမှာ (အချိန်ကြာလိုက ကြာပါစေ။ သို့ရာတွင် လူထုဆန္ဒ အရသာ ဖြစ်ပါစေ) ဟူသော ကြွေးကြော်သံပင်တည်း။

ဒီမိုကရေစီစနစ် အောင်မြင်ရန် အလွန်ခက်ခဲလှသောကြောင့် အချို့နိုင်ငံများသည် လက်လျှော့ပြီးလျှင် အာဏာရှင်စနစ်ကို ထူထောင်ကြသည်။ သို့ရာတွင် အာဏာရှင်စနစ်သည် တစ်နေ့ထက်တစ်နေ့ တစ်လထက် တစ်လ၊ တစ်နှစ်ထက်တစ်နှစ် လူထုကို တိုး၍သာ နဖားကြိုးတပ်၏။ လူထုသည် ငုံ့၍သာ ခံကြရသည်။ ပါးစပ်ကို မဟဝံ့ကြ။ ဒီမိုကရေစီကိုသာ ပြန်လည်လွမ်းဆွတ်တောင့်တကြသော်လည်း ဖိုးလမင်းကို လိုချင်ပါသည်ဟု တောင့်တသော ကလေးငယ်ပမာ အချည်းနှီးသာလျှင် ဖြစ်ရ၏။ ထို့ကြောင့် ဒီမိုကရေစီကို စိတ်ပျက်၍ အာဏာရှင်စနစ်ကို ကူးပြောင်းရန် လွယ်ကူလှသော်လည်း အာဏာရှင်စနစ်ကို စိတ်ပျက်၍ ဒီမိုကရေစီသို့ ကူးပြောင်းရန်မှာ အလွန့်အလွန် ခဲယဉ်းသော လုပ်ငန်းဖြစ်ပေသည်။ ထို့ကြောင့် ဒီမိုကရေစီစနစ် အမြစ်တွယ် စေရန်အတွက် တိုင်းသူပြည်သားများသည် ကျောင်းသို့ ကျောင်းသားအရွယ်မှစ၍ ဒီမိုကရေစီဝါဒကို ကောင်းစွာ လေ့လာ သင်ကြားကြရမည်။ သို့ရာတွင် လေ့လာသင်ကြားရုံမျှနှင့် မပြီးသေး။ ဒီမိုကရေစီစနစ်ကို လက်တွေ့ လိုက်နာ ဆောင်ရွက် ကြရပေမည်။ သို့မှသာလျှင် ဒီမိုကရေစီ သဘောတရားများသည် ကျောင်းသူ ကျောင်းသားတို့၏ ဦးခေါင်းတွင် အမြစ်တွယ်ပေမည်။ ကျောင်းများ၌ ဒီမိုကရေစီဝါဒကို စာအုပ်ကြီး အတိုင်းလည်း သင်ကြားပို့ချ၍ မဖြစ်ပေ။ ဤကားမှန်သည် ဤကားမှားသည်ဟု ကျောင်းသားသူငယ်များ၏ စိတ်ကူးကို မလေးမစားပြု၍ မသင်ကြားရာ၊ ကျောင်းသားသူငယ်များ၏ စိတ်၌ပင် ဤကားမှန်သည် ဤကားမှား သည် ဟူ၍ အသိတရား ဝင်ရောက်လာရန် သင်ကြား ပြသမှုသာလျှင် မှန်ကန်သော လမ်းစဉ်ဖြစ်၏။

ကျောင်းသား သူငယ်များအား အသိဉာဏ်ပေးရာ၌ အောက်ပါ အခြေခံ အချက်အလက်များကို နားလည်အောင် ကြိုးစားရပေမည်။ ယခုခေတ်ကြီးတွင် နေထိုင်မှုပြဿနာများသည် ရှေးကထက် ပိုမို ရှုပ်ထွေး လာသည်။ လူတစ်ဦး တစ်ယောက်တည်း သတ်သတ်နေ၍ မဖြစ်။ တယောက်နှင့် တယောက် ဆက်သွယ်စုရုံး၍ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဆိုသလို အမှီသဟဲပြု၍ နေကြရသည်။ တနည်းအားဖြင့် ဆိုသော် လူ့လောကသည် တစ်ဦးနှင့် တစ်ဦး တစ်ယောက်နှင့် တစ်ယောက် ပူးပေါင်းဆက်သွယ်၍ လုပ်ကိုင်ဆောင်ရွက်ကြရသော သမဝါယမ လောကတမျိုးပင်ဖြစ်၏။ လူတစ်ဦးနှင့် တစ်ဦး မသိမသာ နားလည်မှုဖြင့် ချုပ်ဆိုထားသော စာချုပ် ကြီးများ ရှိကြပေသည်။ ထိုစာချုပ်အရ တစ်ဦးက တစ်ဦးကို စော်ကားခြင်းမပြုရ နှောက်ယှက်ခြင်းမပြုရ။ အချုပ် အချယ် မပြုရ။ ထိုနားလည်မှု စာချုပ်ကြီးကြောင့်သာလျှင် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် လူ့အသင်းကြီး၏ အသင်းသားတစ်ဦး ဖြစ်လာရလေသည်။ စည်းမျဉ်း ဥပဒေများ ရေးဆွဲထားခြင်းမရှိသော်လည်း ထို လူ့အသင်း ကြီးတွင် ပါဝင်ရသည့်အတွက် လိုက်နာရသော ဥပဒေများရှိ၏။

ဥပမာ လူတစ်ဦးက တစ်ဦးကို ဆဲရေးတိုင်းထွာ ခြင်းမပြုရ။ ထိုးသတ်ရိုက်နှက်ခြင်း မပြုရ။ မည်သည့်အစာကိုစား၍ မည်သည့်အဝတ်ကို ဝတ်ပါဟု သြဇာ ပေးခြင်း မပြု။ ကျောင်းနေခြင်း၊ ကစားခြင်း၊ တစ်ယောက်ထဲ လမ်းလျှောက်ခြင်း၊ စာမေးပွဲအောင်ခြင်း ထူးချွန်၍ စကောလာရှစ်ဆုရခြင်း စသည့် အဖြစ်အပျက်များမှာ လူ့အသင်းဝင်တစ်ဦး အဖြစ်ဖြင့် ရရှိခံစားရသော အခွင့် အရေးများပင်တည်း။ လူတိုင်းလူတိုင်းပင် လူ့အသင်းဝင် အဖြစ်ဖြင့် အခွင့်အရေးများ ရရှိသကဲ့သို့ တာဝန် ဝတ္တရားများလည်း ဆောင်ရွက်ရန် အများအပြားပင်ရှိလေသည်။ ထိုကဲ့သို့ လူ့အခွင့်အရေးများနှင် လူ့တာဝန် ဝတ္တရားများကို ကျောင်းသားသူငယ်များ သိရှိသဘောပေါက်အောင် ပြသပေးရေးသည် ဆရာ ဆရာမများ၏ အလွန်အရေးကြီးသော လုပ်ငန်းကြီးတစ်ရပ်ဖြစ်ပေသည်။

အထက်ပါ လူ့အခွင့်အရေးများနှင့် လူ့တာဝန်ဝတ္တရားများ (ဝါ) ပြည်သူပြည်သားများ၏ အခွင့်အရေးများ နှင့် ပြည်သူပြည်သားများ၏ တာဝန်ဝတ္တရားများကို သင်ကြားပို့ချရန်အတွက် နည်းလမ်း နှစ်လမ်းရှိလေသည်။ တစ်လမ်းမှာ အခြားဘာသာရပ်များကို သင်ကြားရင်း ပြည်သူ့နီတိကို အခွင့်ရတိုင်း ထည့်သွင်း သင်ကြားခြင်း ဖြစ်၍ အခြားတစ်လမ်းမှာ ပြည့်သူ့နီတိကို ဘာသာရပ်တစ်ရပ်အနေဖြင့် သင်ကြားပို့ချခြင်းပင် ဖြစ်၏။ ပထမနည်းလမ်း အရ နိုင်ငံသမိုင်းကို သင်ကြားရာ၌လည်းကောင်း၊ ဖတ်စာများကို သင်ကြားရာ၌လည်းကောင်း၊ ပြည်သူ့နီတိနှင့် ပတ်သက်သော အချက်အလက်များကို သွယ်ဝိုက်သော နည်းဖြင့် သင်ကြားပို့ချနိုင်ပေသည်။ ဒုထိယနည်းလမ်းအရ ပြည်သူ့နီတိကို ဘာသာရပ်တစ်ရပ်အနေဖြင့် တိုက်ရိုက်သင်ကြားရာတွင် ဆရာသည် အရေးအကြီးဆုံး ဖြစ်လေသည်။ ထိုသို့ သင်ကြားရာတွင် ပြည့်သူ့နီတိသည် ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော ဘာသာရပ်တစ်ရပ်အနေဖြင့် သမရိုးကျ နည်းစနစ်အတိုင်း သင်ကြားပါမူ အကျိုးရှိမည်မဟုတ်ပေ။ သို့ရာတွင် ကျောင်းသားသူငယ်များ စိတ်ပါဝင်စား လာစေကြရန် (ထွင်) ၍ သင်ကြားရန် အရေးကြီး၏။ ဥပမာ (အခွန်) နှင့် (အတုတ်) မည်သို့ ခြားနားကြောင်းကို ရှင်းလင်းပြောဆိုခြင်းထက် အခွန်တော်ကို မည်သည့်အတွက် ပေးဆောင်ကြရကြောင်းကို ဥပမာ ဥပမေယျများနှင့် ရှင်းလင်းပြောဆိုခြင်းသည် ပိုမိုထိရောက်၏။ ဥပဒေ ဘယ်နှစ်မျိုး ရှိသည်ကို ကျောင်းသားလူငယ်များအား အလွတ် ကျက်မှတ် စေခြင်းထက် ဥပဒေများကို အဘယ် ကြောင့် ပြုလုပ်ရသည်။ ဥပဒေများ ပြုလုပ်ထားရှိသည့်အတွက် တိုင်းသူ ပြည်သားများသည် မည်ကဲ့သို့ လူမှု လွတ်လပ်ရေး ရရှိသည်ကို စိတ်ဝင်စားအောင် ပြောဆိုရှင်းလင်းသင့်၏။ အချုပ်အားဖြင့် ဆိုသော် ပြည်သူ့နီတိကို သင်ကြားရခြင်းကြောင့် ကျောင်းသားသူငယ်များ၏ စိတ်တွင် တိုး၍ ရှိသိလိုသောစိတ်၊ အများနှင့် ဆက်ဆံလို သော စိတ်၊ တိုင်းပြည်လူထုအတွက် ဆောင်ရွက်လိုသော စိတ်များ ပေါ်ပေါက်လာရန် ဖန်တီးပေးရမည်။ လူ့အသင်းကြီးတွင် မိမိတို့လည်း အသင်းသားများဖြစ်ကြ၍ အသင်း၏ ကောင်းရာကောင်းကြောင်းအတွက် ဆောင်ရွက်လိုစိတ်များ တဖွားဖွား ပေါ်ပေါက်စေရမည်။

ဆရာ၊ ဆရာမများအထူးသတိပြုသင့်သော အချက်တချက်မှာ ကျောင်းသည် စာသင်ရာ ဌာနမျှသာ မဖြစ်သင့်ပေ။ ကျောင်းသည် အသင်းတစ်ခု၊ အစည်းအရုံးတစ်ခု လူ့လောကကလေးတစ်စုံဖြစ်စေရမည်။ ထို လူ့လောကလေးအတွင်း၌ ပါဝင်သူတို့သည် အတူတကွနေထိုင်ကြ၍ အတူတကွ သင်ကြားကြ၍ အတူတကွ ကစားကြ၍ အတူတကွ အပေးအယူပြုကြ၍ အတူတကွ အုပ်ချုပ်စီမံနိုင်ကြသော ဘဝကို တတ်နိုင်သမျှ ဖန်တီး ရပေမည်။ ထိုလူ့လောကကလေးမှ အလေ့အကျင့်များသည် တကယ့်လူ့လောကကြီးတွင် အထောက်အပံ့ဖြစ် စေရမည်။ တတ်နိုင်လျှင် ဆရာကမပြောဘဲနှင့် တာဝန်များ ဝတ္တရားများကို နားလည်လာကြရန် ဖန်တီးပေးရမည်။ လွတ်လပ်စွာ ပြောဆိုခြင်း၊ လွတ်လပ်စွာ ရေးသားခြင်းစသော လူ့အခွင့်အရေးများသည် အကွပ်အတိန်းမရှိသော ပစ္စလတ်ခတ် လွတ်လပ်ခြင်းမျိုးမဟုတ်ဘဲ အကွပ်အထိန်းရှိသော စနစ်တကျ လွတ်လပ်ခြင်းဖြစ်သည်ဟု သိရှိနားလည်လာကြရမည်။ ထို့ကြောင့် ပြည်သူ့နီတိကို သင်ကြားရာတွင် စာတွေ့ သင်ကြားခြင်းထက် ငါတွေ့သင်ကြားခြင်းသည် များစွာ ပိုမို၍ ခရီးရောက်ပေသည်။

အထက်တွင် ဖော်ပြခဲ့သော အချက်များမှာ ဒီမိုကရေစီ ပညာပေးရာတွင် အထောက်အပံ့ဖြစ်စေမည့် အကြံပေးချက်များသာဖြစ်ပေသည်။ အရွယ်ရောက်လာ၍ ဒီမိုကရေစီလောကတွင် ဝင်ရောက်ပါဝင်ရမည့် သူသည် ကျောင်းတွင် နေထိုင်စဉ်ကပင် ဒီမိုကရေစီ အလေ့အကျင့်များကို တတ်နိုင်သလောက် ကိုယ်ထိ လက်ရောက် ပါဝင်ဆောင်ရွက်ရန် အရေးကြီး၏။ ကျောင်းသားသူငယ်တို့သည် ကျောင်းတွင် ပညာသင်ကြားစဉ် ဆရာပြောသည်ကိုသာ မှတ်၊ ဆရာက ညွှန်ကြားသည်ကိုသာ လုပ်၍ မိမိကိုယ်တိုင် ထိုးထွင်းလုပ်ကိုင်ရမည့် အလုပ်၊ ထိုးထွင်းကြံစည်ရမည့် စိတ်ကူးများ ခေါင်းပါးခဲ့လျှင် ထိုသူသည် ကြီးပြင်းလာသော အခါ ဒီမိုကရေစီနိုင်ငံအတွက် အကျိုးများနိုင်မည့် လူစားမျိုးမဟုတ်နိုင်ပေ။ ထို့ကြောင့် ကျောင်း၌ ရှိနေစဉ် ထိုးထွင်း အလုပ်၊ ထိုးထွင်းဉာဏ်များကို တတ်အားသမျှ အသုံးချနိုင်သော အခွင့်အရေးများ ရှိရပေမည်။ ထိုသို့ ရှိရမည်ဟု ဆိုသဖြင့် ကျောင်းသား လောကသည် တကယ့် ဒီမိုကရေစီ လောက သာလျှင် ဖြစ်ရမည်ဟု ကျွန်ုပ်တို့ မဆိုလို ပေ။ ကျောင်းသားသည် ကျောင်းသားမျှသာ ဖြစ်၍ အရွယ်ရောက်ပြီးသော လူကြီးများ၏ အခြေခံပညာ၊ ကျယ်ဝန်းသော ဗဟုသုတများ မရှိ ရှာကြသေးချေ။ ထို့ကြောင့် လူကြီးများ လိုက်နာ ကျင့်သုံးရသော ဒီမိုကရေစီ အခွင့်အရေးမျိုးကို ကျောင်းသားသူငယ်များအား ကျပ်ပြည့်တင်းပြည့်ပေးအပ်ရန် မသင့်လျော်ပေ။ ကျောင်းတွင်း ဒီမိုကရေစီသည် အသက်အရွယ် အသိဉာဏ် ဗဟုသုတများနှင့် ကိုက်ညီအောင် အခြေခံထားသော ဒီမိုကရေစီ မျှသာ ဖြစ်သင့်ပေသည်။ ပြည်တွင်း ဒီမိုကရေစီသည် အရွယ်ရောက်ပြီး သူတို့သာ ပါဝင်ဆင်နွှဲကြရသဖြင့် ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဌာနများတွင် စိတ်တိုင်းကျ စီမံခန့်ခွဲနိုင်ကြသည်။ ကျောင်းတွင်း ဒီမိုကရေစီမှာမူကား ထိုဒီမိုကရေစီစံနစ်ကို ပုံသေကူးချ၍ မဖြစ်နိုင်ပေ။ ကျောင်းတွင်း ဒီမိုကရေစီ အောင်မြင်မှုအတွက် အရေးကြီးသော အချက်တစ်ရပ်ကို သတိပြုရပေမည်။ ထိုအချက်မှာ အခြားမဟုတ် ကျောင်းတွင်း ဒီမိုကရေစီ ကျင့်သုံးရမည့်သူများမှာ လူဦးရေများသော်လည်း ဆရာသည် ကျောင်းသားထက် အသိဉာဏ် ဗဟုသုတ စသည့် အရည်အချင်းများ ပိုမိုပေသည်။ ထိုအချက်ကို သတိပြုလျက် အခြေအနေနှင် သင့်လျော်အောင် ဒီမိုကရေစီကို ကိုယ်တွေ့ကျင့်သုံးနိုင်ကြရန် အရေးကြီးလှပေသည်။

0 comments: