Catwidget1

Arts

ရူးသွပ်သူ တစ်ယောက်ရဲ့ အော်ဂနိုက်ဇ် ဆိုတာ

အတွေးအခေါ် ၊ အယူအဆ၊ ဉာဏ်ပညာ ပိုင်းမှာ ဂျာမဏီ နိုင်ငံဟာ ဘယ်တော့မှ နောက်ကျန် မနေခဲ့တဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ တစ်နည်း ပြောရရင် ဂျာမဏီ နိုင်ငံဟာ အသိဉာဏ် ပညာ ကြွယ်ဝဆုံး တိုင်းပြည်တွေထဲက တိုင်းပြည်တစ်ခုပဲ။ အီမန်နျူဝယ်ကန့်၊ ဟေဂယ်လ်၊ ဖျူးဘတ်ခ်၊ ကားလ်မာ့စ်၊ ဆစ်ဂမန် ဖရွိုက်၊ မာတင် ဟိုက်ဒဂါ တို့လို ထင်ရှားကျော်ကြားတဲ့ ဒဿနိက ဗေဒ ပညာရှင်တွေ၊ စိတ်ပညာရှင်တွေ အများအပြား ပေါ်ထွန်းခဲ့ရာ နိုင်ငံ တစ်ခုပါ။ ဒီလို နိုင်ငံကြီး တစ်နိုင်ငံမှာ ဒီလို အသိဉာဏ် ကြွယ်ဝတဲ့ ပညာရှင်၊ ပညာတတ်ကြီး တွေကို စုရုံး နိုင်၊ ညွှန်ကြားနိုင်ခဲ့ပြီး သူ့နောက်ကို တစ်ကောက်ကောက် လိုက်ဖို့ ၊ သူ့နောက်က တစ်ကောက်ကောက် ပါနေဖို့ ဦးဆောင်နိုင်ခဲ့သူဟာ တတိယတန်းစား ပညာမတတ်သူ တစ်ယောက် ဖြစ်နေခဲ့တယ် ဆိုရင် အံ့ဩစရာ မကောင်းပေဘူးလား။ သူဟာ အဒေါ့ဖ် ဟစ်တလာပါပဲ။

အဲ့ဒါဟာ ထင်ရှားတဲ့ သမိုင်း ဖြစ်ရပ်ပါ။ ဒါပေမယ့် အခု လက်ရှိ တစ်ချို့ လူ့အဖွဲ့အစည်းတွေဟာ ဒီသမိုင်းကနေ ဘယ်သင်ခန်းစာမှ ယူခဲ့ပုံ မရဘူး။ ခင်ဗျား ဒါကို မသင်ယူထားဘူး၊ သင်ခန်းစာ မရထားဘူး ဆိုရင် ဟစ်တလာလို သမိုင်းဟာ တပါတ် ပြန်လည် လာလိမ့်မယ်။

မာတင် ဟိုက်ဒဂါဟာ ဒီရာစုနှစ်ရဲ့ အထင်ရှား အထူးခြားဆုံး ဒဿန ပညာရှင်တွေထဲက တစ်ဦး ဖြစ်ပါတယ်။ အဒေါ့ဖ် ဟစ်တလာနဲ့ ခေတ်ပြိုင်။ သူက အဒေါ့ဖ် ဟစ်တလာကို ထောက်ခံခဲ့တဲ့သူလည်း ဖြစ်တယ်။ ချွင်းခြက်မရှိ ထောက်ခံ အားပေးခဲ့တယ်။ သူတင်လား ဆိုတော့ မဟုတ်သေးဘူး။ အဲ့ဒီ အချိန် အဲ့ဒီ အခါက လူငယ်ထု တစ်ရပ်လုံးပဲ။ လူငယ်၊ ကျောင်းသား၊ ပညာတတ်၊ တက္ကသိုလ်ပရဝုဏ် အတွင်းက ဆရာ့ဆရာတွေ ၊ ပါမောက္ခတွေ။ သူတို့တွေလည်း အဒေါ့ဖ် ဟစ်တလာကို တစ်ခဲနက် ထောက်ခံခဲ့ကြတယ်။ တကယ်တမ်းတော့ အဒေါ့ဖ် ဟစ်တလာဟာ ပညာမသင်ကြားခဲ့ရသူပါ။ အနုပညာ ပန်းချီသင်တန်းကျောင်းကလည်း ငြင်းပယ်ခဲ့တဲ့သူ၊ အနုသုခုမ ကျောင်းကလည်း လက်မခံခဲ့တဲ့သူ။ ဘာလို့ လက်မခံခဲ့သလဲ မေးရင် သူ့မှာ ဘယ်အသိဉာဏ်မှ မရှိလို့ပဲ။

ဒီလူဟာ ကမ္ဘာမှာ အသိဉာဏ်အကြွယ်ဝဆုံး တိုင်းပြည်ကြီး ရဲ့ ခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။ အကြမ်းတမ်း အရက်စက်ဆုံး ဖက်ဆစ်စနစ်ကို ဖန်တီးခဲ့တယ်။ လူ ဆယ် သန်းကျော် သူ့ကြောင့် သေဆုံးရတဲ့တိုင်အောင်လူတွေဟာ သူ့ကို ထောက်ခံအားပေး နေဆဲပဲ။ အဲ့ဒါ ဘာဖြစ်လို့ပါလဲ။ လူတွေရဲ့ စိတ်ကို စိစစ်ကြည့်သင့်မယ် ထင်ပါတယ်။
ဘယ်အကြောင်းကြောင့် ဒီလို ဖြစ်ခဲ့ပါသလဲ။ အကြောင်း ကတော့ -
ဂျာမဏီဟာ ပထမ ကမ္ဘာစစ်မှာ စစ်ရှုံးသွားတယ်။ အသိ ဉာဏ်ကြွယ်ဝသူတွေ၊ ပညာရှင်တွေဟာ သူတို့ကိုယ် သူတို့ သိမ်ငယ်သလို ခံစားလိုက် ရတယ်။ အနိုင်ပြန်တိုက်ယူချင် တယ်။
သူတို့ ဆွေးနွေးတယ်။ ဆင်ခြင်တယ်။ တွေးခေါ်မြော်မြင် ကြည့်ကြတယ်။

သူတို့ အတွေးအခေါ်တွေ ၊ ဉာဏ်ပညာ တွေနဲ့သာ အလုပ်လုပ် နေပါတယ်။ အဲ့ဒီအတွက် ရုပ်ပိုင်းဆိုင်ရာ မှာ ဘာမှအသက်မဝင်လာခဲ့ဘူး။ အတ္တဝါဒီတွေဖြစ် လာခဲ့တယ်လို့ပဲ ခေါ်မလား၊ သူတို့ကိုယ်စီရဲ့ အတွင်း ပိုင်းဘဝဟာ သိုဝှက်နေတယ်။
ပထမကမ္ဘာစစ်ကြီးမှာ ရှုံးနိမ့်ပြီးသွားတဲ့ နောက်ပိုင်း ဂျာမဏီဟာ အုတ်အော်သောင်းနင်း ဗြောင်းဆန် နေ ပါတယ်။ ရှုတ်ယှက် ခတ်နေတယ်။ အဲ့ဒီ အရှုပ်တွေ ကပဲ အဒေါ့ဟစ်တလာကို မွေးဖွားပေး လိုက်ပါတယ်။ ဘာလို့လဲ ဆိုတော့ သူ ဂတိတွေ အခိုင်အမာ ပေးတယ်။ အဲ့ဂတိတွေ အတိုင်း အခိုင်အမာ ဖြစ်အောင် လုပ်တယ်။ “ကျုပ်တို့ တိုင်းပြည်ကြီး ပြန်ညီညွတ်ရမယ်။ ကျုပ်တို့ တိုင်းပြည်ကြီး ပြန်ခိုင်မာရမယ်။ ကမ္ဘာကို ချုပ်ကိုင် ချယ်လှယ်နိုင်ရမယ်။” ဒီဂတိတွေပဲ ဖြစ်ပါတယ်။

အဲ့ဒီ ဂတိတွေကို သူ ဘာလို့ ပေးပါသလဲ။ အဖြေက - ရူးနေလို့ပါ။ ပညာဉာဏ် မသွင်းထားတဲ့ သူ့ရဲ့ စိတ်သန္တာန်မှာ မုန်ယိုနေတဲ့ ဆန္ဒ၊ မုန်ယိုနေတဲ့ အတ္တလောဘ၊ ပိန်းပိတ်နေတဲ့ အာဏာတွေ ပြင်းပြင်း ထန်ထန် ရှိနေလို့။ ဒါပေမယ့် အဲ့ဒီ ရူးသွပ်နေတဲ့ ၊ အဓိပ္ပာယ် မရှိတဲ့ ဂတိတွေ ဟာ အဲ့ဒီ အချိန်က ပြင်းပြင်းထန်ထန် လိုအပ်နေတဲ့ အရာတွေ ဖြစ်ခဲ့ပါတယ်။ လူတွေ အလုပ်မလုပ်နိုင်ဘူး။ ဘာမှ တိုးတက်အောင် မကြံဆောင်နိုင်ကြဘူး။ တစ်ဦးတစ်ယောက်က တိုင်းပြည်ကို ဖြစ်တဲ့နည်းနဲ့ ဖန်တီးပေးဖို့ လိုအပ်တယ်။ အဲ့ဒီ ကွက်လပ် ကို ဟစ်တလာ ဝင်ဖြည့်လိုက်တာ ဖြစ်ပါတယ်။
 ဟစ်တလာ ဟာ ပထမ ငါးနှစ်တာမှာ အောင်မြင်ခဲ့တယ်။ ဘာဖြစ်လို့လဲ။ အာဏာနဲ့ ရူးသွပ်နေတဲ့၊ နာကျည်းမှုတွေ ဒေါသတွေနဲ့ မုန်ယိုနေတဲ့သူ့ ရဲ့ နောက်ကို အသိပညာရှင်တွေ၊ ဉာဏ်ကြီးပါတယ် ဆိုတဲ့သူတွေ တစ်ကောက်ကောက် လိုက်ပါ သွားကြလို့ ပါပဲ။ ဟစ်တလာရဲ့ ရူးသွပ်မှု ကို အတတ်ပညာ၊ အသိပညာရှင်တွေက ဝိုင်းဝန်း ပုံဖော် ပေး ကြတယ်။ ဟစ်တလာဟာ အသိပညာရှင် ဉာဏ်ပညာရှင်ကြီးတွေကို သူတို့ကိုယ်စီ ရဲ့ အတ္တတွေ အတွက် အလေးအမြတ် ပုံဖော်ခွင့်လေး ပေးလိုက်ရုံပါပဲ ။ အဲ့ဒါ သူ့ရဲ့ Organize စွမ်းရည်ပဲ။ သူပေးခဲ့တဲ့ ဂတိစကားတွေ လိုမျိုး အရင်က ဘယ်သူတွေ ဒီလိုလုပ်ပေးခဲ့ သလဲ။ “ နော့ဒစ် ဂျာမန် မျိုးနွယ်စုကြီး တစ်ခုလုံးဟာ မြင့်မြတ်ဖြူစင်တဲ့ အရိယန်မျိုးနွယ်ကြီး ဖြစ်ရမယ်။ ကမ္ဘာကို ချုပ်ကိုင်စိုးမိုး နိုင်စွမ်း ရှိရမယ်။ ကျုပ်တို့ ဂျာမန်တွေဟာ လူလွန်မသား ( Subhuman/ Superman ) တွေပဲ ဖြစ်တယ်။” ဒီစကားတွေဟာ ဟစ်တလာရဲ့ ဒေါနဲ့ မာန်နဲ့ တကိုယ်လုံး သိမ့်သိမ့်တုန်အောင် ပြောခဲ့တဲ့ စကားတွေပဲ။ သိမ်ငယ် လျော့လျဲ နေကြတဲ့ အသိပညာရှင်ကြီးများ အတွက် ဒီစကားတွေဟာ ဘယ်လောက် ကြည်နူး နှစ်သိမ့်စရာ ကောင်းလိုက်သလဲ။ အသိဉာဏ်ကြီးကြသူ တွေရဲ့ အတ္တတွေကို ဖရဏာပီတိ ဂွမ်းဆီထိစရာ ဘယ်လောက် ကောင်းပါသလဲ။ အဲ့လို အကြောင်းကြောင့် မာတင်ဟိုက်ဒဂါ လို လူမျိုးဟာ ဟစ်တလာရဲ့ ဖက်ဆစ် စနစ် ထောင်ချောက် ထဲ ကျရောက် သွားရ ပါတော့တယ်။

အဒေါ့ဖ် ဟစ်တလာ ရှုံးနိမ့်ပြီ၊ ဂျာမဏီပြည်ကြီး ပြန်လည် ပျက်ဆီးလု နီးနီး ဖြစ်ပြီ ဆိုတော့မှ လူတွေဟာ သူတို့ကိုယ် သူတို့ ပြန်အံအားသင့် ကုန်ကြတယ်။ သူတို့ ဘာလုပ်ခဲ့မိ ကြပါလိမ့်။ အိပ်မက်က ဖြတ်ခနဲ လန့်နိုးသွားကြတယ်။ ဒါပေမယ့် လူပေါင်း သန်းနဲ့ ချီပြီး သေဆုံးကုန်ကြပြီ။ စစ်ပွဲကြီးလည်း ဖြစ်နေပြီ။ အဲ့တော့မှ သူတို့ ထောက်ခံ အားပေးနေသူဟာ သတ္တဝါဆန်းကြီး ၊ လူသတ်ကောင်ကြီး ဖြစ်နေတာ တွေ့လိုက် ရတယ်။ ဟစ်တလာဟာ ကမ္ဘာမှာ အကြီးကျယ်ဆုံး လူသတ်သမား တစ်ယောက် ဖြစ်နေခဲ့ပါတယ်။
အဲ့ဒါကို သုံးသပ်ကြည့်ရင် -
ခင်ဗျားဟာ ခင်ဗျား တာဝန်ကို ကိုယ်စား ယူပေးမယ့် လူတစ်ယောက်ကို တောင့်တတယ်။ အဲ့ဒီလူက တကယ် တာဝန်ယူနိုင်လား၊ မယူနိုင်လား ၊ သူက ယူနိုင်ပါတယ် ပြောနေဦးတော့ - သူပြောတဲ့ စကားတွေဟာ ဟုတ်သလား မဟုတ်သလား မတွေးတော့ဘူး။ ခင်ဗျား လိုချင်တာ ရပြီ ဆိုပြီး စွတ် ယုံလိုက်တယ်။ အဲ့ဒီနောက်တော့ ခင်ဗျား သူ့ဆီမှာ ကျွန်ခံ လိုက်တယ်။ ဆိုလိုတာကတော့ ခင်ဗျားတို့တွေဟာ Organize အရမ်း အလုပ်ခံ ချင် တယ်။ Organize လုပ်မယ့် သူတစ်ယောက် ပေါ်ပေါက်လာ ရင် လက်ခုပ်လက်ဝါးတီးပြီး ပါသွားတော့တာပဲ။ ခင်ဗျားတို့ ကျနော်တို့ လူမျိုးတွေ ဟာ Organize သာ များများလာလုပ်ပြီး ၊ များများ သာ မျှော်လင့်ချက်တွေ ဂတိစကားတွေ ပေးကြည့်ပါ၊ စဉ်းစား တွေးခေါ်မှုတွေ ဘေးချိတ်ပြီး စိတ်ရော ကိုယ်ပါ ကောက်ကောက်ပါအောင် လိုက်တော့တာ။

အဒေါ့ဖ်ဟစ်တလာဟာ အသိဉာဏ်ကြွယ်ဝပါတယ် ဆိုတဲ့ လူတွေကို စုရုံးပြီး ခေါင်းဆောင် တက်လုပ်နိုင် ခဲ့တာ ဟာ ဘာကြောင့်လဲ။ မာတင် ဟိုက်ဒေဂါလို ဉာဏ်ကြီးတဲ့သူ တစ်ယောက်ကို သူ့ကျွန်ဖြစ်အောင် လုပ်နိုင်ခဲ့တာဟာ ဘာကြောင့်လဲ။ ဂျာမဏီနိုင်ငံ တက္ကသိုလ်တွေက ကြီးမြတ်တဲ့ ပါမောက္ခကြီးတွေ ဟာ ဟစ်တလာ ကို ထောက်ခံခဲ့ကြတယ်။ ဘာကြောင့်လဲ။

တကယ်တော့ ဟစ်တလာဟာ ရူးသွပ်နေတဲ့သူ ၊ ပညာမတတ်တဲ့သူ၊ ဘာကိုမှ မတွေးခေါ်ထားတဲ့သူပဲ။ ဒါပေမယ့် သူ့မှာ ပါမောက္ခကြီးတွေ မရှိတဲ့ အရာ ရှိတယ်။ အသိဉာဏ်ပညာကြီးသူတွေ မပိုင်ဆိုင်ထားတဲ့ အရာတစ်ခု ရှိတယ်။ မာတင် ဟိုက်ဒဂါ မှာ လိုအပ်နေတဲ့အရာဟာ သူ့မှာ ရှိတယ်။ အဲ့ဒါကတော့ သူ့ရဲ့ လုံးဝ အပြည့်အစုံ ရူးသွပ်နေမှုပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ရူးသွပ်မှုကြောင့် သူ့စကားတွေမှာ “ဒါပေမယ့်” ဆိုတာတွေ မရှိဘူး။ “ဒါသာ မဖြစ်ခဲ့ရင်” ဆိုတာ မရှိဘူး။ သူ့စကားမှာ သူမြင်နေတဲ့ ထင်နေတဲ့ အရာသာ အတိအကျ ရှိတယ်။ သူ့စကားတွေကို ပြန်ကြည့်ကြည့်ပါ။ သူ့စကားတွေဟာ ဘယ်လောက်ထိ ပေါ့သွမ်းနေ သလဲ မြင်ရမယ်။ ဘယ်လောက်ထိ အဆင်ခြင်ဉာဏ်မဲ့ ပြောခဲ့သလဲ။ ဘယ်လောက်ထိ ရူးသွပ်ခဲ့ ပါသလဲ တွေ့ရမယ်။ မဖြစ်နိုင်တာကို - ဖြစ်ရမယ်လို့ တိတိကျကျ ပြောတယ်။ မဖြစ်သင့်တာကို “ဖြစ်ကို ဖြစ်ရမယ်” လို့ ခိုင်ခိုင်မာမာ ပြောတယ်။
အဲ့ဒီ အချိန်က ဉာဏ်ပညာကြီးသူတွေအတွက် ဒီလို ခိုင်ခိုင်မာမာ ရူးသွပ်တဲ့ Organize စကားတွေဟာ အလိုချင်ဆုံး စကားတွေ ဖြစ် ခဲ့ပါတယ်။ ဘယ်လောက်ပဲ ဉာဏ်ကြီးတဲ့သူ ဖြစ်နေပါစေ၊ Orga nize တော့ အလုပ်ခံချင်နေကြတယ်။ Organize လုပ်တတ်တဲ့ စွမ်းရည်ကို အံ့ဩဘနန်း ဖြစ်ကြတယ်။ အဲ့ဒီ Organize ဟာ ရူးသွပ်နေသလား၊ ကောင်းမြတ်သလား မခွဲခြားနိုင်တော့ဘူး။ မသိချင်တော့ဘူး။ 
Organize သာ လုပ်ပါ။ နောက်က တစ်ကောက်ကောက်လိုက်ပြီး သားပဲဆိုတာမျိုး ခင်ဗျားတို့သန္တာန်မှာ ရှိနေကြတယ်။ ရူးသွပ်သူ တစ်ယောက်ရဲ့ Organize လုပ်တာမျိုးနဲ့ တွေ့ရပြီဆိုရင်တော့ ....

+++++++++++++++++++++++++++++++++
Organize လုပ်တတ်တာကို တန်ဖိုးတကြီးထားကြတဲ့ အဖွဲ့အစည်းတွေရှိတယ်။ Organize လုပ်တာ အရေးပါပါတယ်။ ဒါပေမယ့် တလွဲအရေးပါသွားရင် လွဲမှားသွားမှာပဲ ဆိုတဲ့အကြောင်း စကားပြောဆို ရင်း ရေးဖြစ်လိုက်တယ်။
+++++++++++++++++++++++++++++++++
http://zayyablogger.blogspot.com/
http://zayya.wordpress.com/
http://zayya.blog.com/

0 comments: