Catwidget1

Arts

အတိတ်၊ ပစ္စုပ္ပန် တရုတ်-မြန်မာဆက်ဆံရေး

သက္ကရာဇ် ၂၀၂၀ပြည့်နှစ် သမ္မတရှီကျင့်ဖျင်ရဲ့ နှစ်ဦးပြည်ပခရီးစဥ်အဖြစ် ဇန်နဝါရီလ ၁၇ရက်မှာ မြန်မာနိုင်ငံကို လာရောက်ပါတယ်။ တရုတ်လို့ပြောလိုက်ရင် မြောက်၊ အရှေ့မြောက်ဒေသက လက်နက်ကိုင် အဖွဲ့အစည်းတွေကို မြင်လာကြတယ်၊ စီးပွားရေးမှာ လိုက်နာရမယ့် စည်းမျဥ်းစည်းကမ်းတွေကို ဂရုမစိုက်တဲ့ တရုတ်စီးပွားရေးသမားတွေကို မြင်လာကြတယ်။ အတိတ်က ဗမာပြည်ကွန်မြူနစ်ပါတီကို အားပေးကူညီ ခဲ့တာတွေကို ပြန်သတိရစေတယ်။ အတိတ်သမိုင်းထဲက မြန်မာ့ပဒေသရာဇ်မြို့ပြနိုင်ငံတွေဖြစ်တဲ့ သရေခေတ္တရာ၊ ဟန်လင်း၊ ပုဂံ၊ ပင်းယစတဲ့ မြန်မာ့ထီးနန်းတွေ အဖျက်စီးခံခဲ့ရတာတွေကို အောင်မေ့စေပါတယ်။

သူတို့ဆီက လူငယ်တွေ အပိုင်း(၁)

"ဆရာမဖြိုး ဘာဂီကို ခဏရပ်ဖို့ ပြောပေးပါ" ကိုယ်ရှာနေတဲ့ အရာတစ်ခု မြင်ကွင်းထဲရောက်လာတာကြောင့် ဘာဂီရပ်ခိုင်းဖို့ ဘာသာပြန်ဆရာမဖြိုးပြည့်စုံကို အကူအညီတောင်းလိုက်တာပါ။ ကိုယ်ကြောင့် အခြားလူတွေ စောင့်နေရမှာကို အားမနာနိုင်အောင်ပါပဲ။ နောက်တစ်ခေါက် ဒီလိုအခြေအနေမျိုးနဲ့ ဒီနေရာကိုပြန်ရောက်ဖို့ ဖြစ်နိုင်ခြေနည်းတဲ့အတွက် ကျွန်တော်အားမနာနိုင်ပါဘူး။

သူတို့ဆီက လူငယ်တွေ အပိုင်း (၂) နိဂုံး

ကျွန်တော်တို့ သွားရောက်လေ့လာခဲ့တဲ့ နေရာတော်တော်များများမှာ ငယ်ငယ်ရွယ်ရွယ် တရုတ်အမျိုးသမီး ဧည့်လမ်းညွှန်တွေက လိုက်လံရှင်းပြလေ့ရှိတယ်။ အလားတူပဲ ရထားစီးတဲ့အချိန်မှာလည်း လက်မှတ်စစ်၊ တွဲထိန်းတွေဟာ အမျိုးသမီးတွေပါပဲ။ ယွမ်တကုမ္ပဏီကို သွားရောက်လေ့လာချိန်မှာတော့ အင်ဂျင်နီယာ နည်းပညာတွေ ဖြစ်နေတာကတစ်ကြောင်း၊ အဲဒီနေရာက သီးသန့်မြို့လေးတစ်ခုလိုဖြစ်နေတာက တစ်ကြောင်း ကြောင့် ထင်ပါရဲ့ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးငယ်တစ်ယောက်က တာဝန်ယူရှင်းပြပေးပါတယ်။

အလေးနီပြုကြသူတွေ အပိုင်း(၁)

“ဒီကြေးရုပ်ကြီးအမြင့်က တစ်ရာ့တစ်မီတာမြင့်တယ်။ အဲဒါက ဆယ်လပိုင်းတစ်ရက်နေ့ကို ကိုယ်စားပြုထားတာ” ကျွန်တော်တို့အဖွဲ့နဲ့အတူလိုက်ပါလာတဲ့ ဘာသာပြန်ဆရာမ မဖြိုးပြည့်စုံ ရှင်းပြနေတာပါ။ ကျွန်တော် တို့ ရောက်နေတဲ့နေရာက မော်စီတုန်း မွေးရပ်မြေ၊ မော်စီတုန်း တစ်သက်တာပြတိုက်ရှေ့ မော်စီတုန်း ကြေးရုပ် ရှိရာ ရင်ပြင်မှာပါ။

အလေးနီပြုကြသူတွေ အပိုင်း(၂) နိဂုံး

ဧည့်လမ်းညွှန်းက အဲဒါ တိန်ရှောင်ဖိန်လက်ရေး၊ တိန်ရေးပေးထားတာတဲ့။ တိန်ရှောင်ဖိန်ဆိုတာ မော့်စစ်ရေးနည်းဗျူဟာကို စီးပွားရေးရေးနည်းဗျူဟာအဖြစ်ပြောင်းလဲကျင့်သုံးခဲ့သူ၊ တရုတ်နိုင်ငံရဲ့ ဆိုရှယ်လစ် ဝါဒနဲ့ ခေတ်သစ်တည်ဆောက်ရေး စီမံကိန်းကို ဦးဆောင်ရေးဆွဲခဲ့သူ၊ တရုတ်နိုင်ငံကို ဈေးကွက်စီးပွားရေး စနစ်ဆီ ဦးဆောင်သွားခဲ့သူ ပြုပြင်ပြောင်းလဲရေးသမားအဖြစ် နာမည်ကြီးပါတယ်။ မော့်အိမ်တော် တံခါးဝ သူရေးထားတဲ့စာက သူရဲ့ တိုင်းပြည်အပေါ်ထားတဲ့ နိုင်ငံရေးအမြင်ကို သိသာစေတယ်။

ပန်းနုရောင်စွယ်တော် ရွှေဝါရောင်ပိတောက် အပိုင်း(၁)

ဒီကမိတ်ဆွေတို့ ရောက်လာတာ နှစ်ပတ်လောက် စောသွားတယ်။ နှစ်ပတ်လောက်နောက်ကျပြီးမှ ရောက်လာ ရင် လျှိုကျို့မြို့ တမြို့လုံး စွယ်တော်ပန်းတွေပွင့်ပြီး ဒီထက်မက လှနေမှာလို့ လျှိုကျို့မြို့ ဒုတိယမြို့တော်ဝန် မစ္စလုလျှိုပင်း (LuLiuPing) ကပြောတယ်။ တရုတ်နိုင်ငံ ကွမ်ရှီပြည်နယ်၊ လျှိုကျို့မြို့ ဒုတိယမြို့တော်ဝန်နဲ့ စစ်ကိုင်းတို င်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးက စာရေးဆရာ၊ သတင်းစာဆရာ၊ ဓာတ်ပုံဆရာတွေ ပါဝင်တဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ မတ်လ ၂၇ ရက်နေ့ ညက တွေ့ဆုံခဲ့ကြတယ်။

ပန်းနုရောင်စွယ်တော် ရွှေဝါရောင်ပိတောက် အပိုင်း (၂)နိဂုံး

လျှိုကျို့မြို့က သူ့သဘာဝပထဝီအနေအထားအရကိုက လျှိုမြစ်ကွေ့ဝိုက်စီးဆင်းရာ စက်ဝိုင်းခြမ်းပုံစံမှာ တည် ထားတာမို့ အမြင်ဆန်းပြီး လှပါတယ်။ သူ့မြို့တည်ခဲ့တဲ့ သက်တမ်းက နှစ်ပေါင်း ၂၀၀၀ ကျော်ပါပြီ။ သဘာဝ ပတ်ဝန်းကျင် ကောင်းမွန်လာတဲ့ လျှိကျို့မြို့က စက်မှုလုပ်ငန်းအပြင် သူရဲ့နဂိုသဘာဝကပေးထားတဲ့ အလှတရားကို ခံစားနိုင်စေဖို့ ခရီးသွားလုပ်ငန်းကိုလည်း တိုးချဲ့ဆောင်ရွက်နိုင်လာခဲ့တယ်။ အဲဒီလို ခရီးသွားလုပ်ငန်းအဖြစ် ဆောင်ရွက်နိုင် ဖို့အတွက်လည်း တရုတ်ခရီးသွားလာရေးဝန်ကြီးဌာနက အေလေးလုံးအဆင့် သတ်မှတ်ချက်တွေကို ၁၉၉၉ခုနှစ်မှာ ထုတ်ပြန်ပေးခဲ့တယ်။

ကျောင်းတွင်း ဒီမိုကရေစီ အခန်း (၇) နိဂုံး

ရေးသားသူ ✒️✒️✒️ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်
စာသင်ကျောင်းများ၏ အဓိကရည်ရွယ်ချက်မှာ ကျောင်းသူကျောင်းသားများ စာမေးပွဲ အောင်မြင်ရန် မဟုတ်၊ အလုပ်ရရန်မဟုတ်၊ အသက်မွေးဝမ်းကျောင်း ပညာတစ်ခုခုကို တတ်ကျွမ်းရန်လည်းမဟုတ်၊ ကျောင်းသူ ကျောင်းသားများသည် သိနားလည်သော တိုင်းသူပြည်သားကျောင်းများ ဖြစ်လာကြစေရန် ရည်ရွယ်ချက် ထားရှိရပေမည်။ ထိုသို့သော တိုင်းသူပြည်သားကောင်း ဆိုသည်မှာလည်း ဒီမိုကရေစီသဘောတရားများကို ကောင်းစွာ သဘောပေါက်နားလည်၍ ကောင်းစွာ လက်တွေ့ကျင့်သုံးနိုင်သူများ ဖြစ်စေရမည်။ ဤကား စာသင်ကျောင်းတိုင်း၏ အဓိကရည်ရွယ်ချက် ဖြစ်ရ‌‌‌‌‌စေမည်။
အခန်း (၇)
ထောက်ခံအကြံပေးချက်များ

အထက်တွင် ဖော်ပြပါရှိသော အကြံပေးချက်များကို အကျဉ်းချုံး၍ ပြန်လည်ဖော်ပြရန် လိုအပ်ပေသည်။ ထို့ကြောင့် ဤအခန်းတွင် အရေးကြီးသော အချက်အလက်များကို အကျဉ်းချုံး၍ ပြန်လည်ဖော်ပြပေအံ့။

စာသင်ကျောင်းများ၏ အဓိကရည်ရွယ်ချက်မှာ ကျောင်းသူကျောင်းသားများ စာမေးပွဲအောင်မြင်ရန် မဟုတ်၊ အလုပ်ရရန်မဟုတ်၊ အသက်မွေးဝမ်းကျောင်း ပညာတစ်ခုခုကို တတ်ကျွမ်းရန်လည်းမဟုတ်၊ ကျောင်းသူ ကျောင်းသားများသည် သိနားလည်သော တိုင်းသူပြည်သားကျောင်းများ ဖြစ်လာကြစေရန် ရည်ရွယ်ချက် ထားရှိရပေမည်။ ထိုသို့သော တိုင်းသူပြည်သားကောင်း ဆိုသည်မှာလည်း ဒီမိုကရေစီသဘောတရားများကို ကောင်းစွာ သဘောပေါက်နားလည်၍ ကောင်းစွာ လက်တွေ့ကျင့်သုံးနိုင်သူများ ဖြစ်စေရမည်။ ဤကား စာသင်ကျောင်းတိုင်း၏ အဓိကရည်ရွယ်ချက် ဖြစ်ရေမည်။

တိုင်းသူပြည်သားကျောင်းဆိုသည်မှာ လူတော်လူကောင်းဖြစ်ရန် အရေးကြီးပေသည်။ ပညာတရပ်ရပ် တွင် မည်မျှပင် ထူးချွန်စေကာမူ စာရိတ္တ ချွတ်ယွင်းလျှင် ထိုသူသည် လူတော်လူကောင်း မဟုတ်နိုင်တော့ပေ။ 

ထို့ကြောင့် ပညာသင်ကြားရာ၌ ဘာသာရပ်များကို ကောင်းစွာ နားလည်သင့်သကဲ့သို့ လူတော်လူကောင်း ဖြစ်လာရေးကိုလည်း ကောင်းစွာ နားလည်သင့်ပေသည်။ ကျောင်းသူကျောင်းသားများ အား အောက်ပါ ရည်ရွယ်ချက်များဖြင့် ဖန်တီးပေးရန်လည်း အရေးကြီးပေသည်။


(က) မိမိ၏ ကိန်းအောင်းနေသော ဉာဏ်၊ အစွမ်းသတ္တိ၊ လုပ်ရည်ကိုင်ရည်တို့ကို အစွမ်းကုန် အသုံးပြု နိုင်ရန် လမ်းဖွင့်ပေးရမည်။ သို့မှသာလျှင် ၎င်းသည် အသုံးဝင်သော တိုင်းသူပြည်သားကောင်း တစ်ယောက် ဖြစ်လာနိုင်ပေမည်။

(ခ) မိမိ၏ ပတ်ဝန်းကျင်ရှိ လူ့လောက အတွင်း၌ မည်ကဲ့သို့ နေထိုင် ကျင့်သုံးရမည် ဟူသော လက်တွေ့ဗဟုသုတကိုလည်း ပေးရမည်။

(ဂ) မိမိ၏ ဝါသနာပါသော လုပ်ငန်းတစ်ခုခုဖြင့် ပြင်ပလောက၏ ကောင်းကျိုးအတွက် ဆောင်ရွက် နိုင်စေရမည်။

(ဃ) လူအချင်းချင်း ဆက်ဆံမှုတွင်လည်း ယဉ်ကျေးသိမ်မွေ့၍ ကူညီရိုင်းပင်းလိုသော စိတ်များ ပေါ်ပေါက်လာအောင် လက်တွေ့ နည်းများဖြင့် သင်ကြား ပို့ချပေးရမည်။

ကျောင်းတွင်း ဒီမိုကရေစီအောင်မြင်ရန် အတွက် ကျောင်းသူကျောင်းသားများသည် လွတ်လွတ် လပ်လပ် မိမိတို့၏ စိတ်ဆန္ဒကို ပြသနိုင်ခွင့် ရှိစေရမည်။ သို့ရာတွင် ဆရာကြီးနှင့် ဆရာ ဆရာမများ၏ ရှိပြီး ဖြစ်သော ထူးခြားသည့် အခွင့်အရေးများကို ထိခိုက်စေခြင်း မရှိစေရ၊ ထိုအချက်ကို ဆရာနှင့် တပည့်ကောင်းစွာ သဘောပေါက်လျှင် ကျောင်းတွင်းလောကသည် အလွန်အဆင်ပြေသော လောက ဖြစ်ပေလိမ့်မည်။ 

ကျောင်းသူကျောင်းသားများ ကြီးပြင်းလာသောအခါ ဒီမိုကရေစီဝါဒကို ကောင်းစွာကျင့်သုံးနိုင်ရန် အတွက် ကျောင်းနေစဉ်ကာလ၌ ဒီမိုကရေစီ နည်းနာနိသျများကို တတ်နိုင်သလောက် လိုက်နာ ကျင့်သုံးရမည်။ ထိုသို့ကျင့်သုံးနိုင်ရန်အတွက် အောက်ပါအချက်များသည် အရေးကြီးပေသည်။

(က) ကျောင်းသူ ကျောင်းသား တိုင်းသည် ကျောင်းတွင်းကိစ္စများကို စီမံရာ၌ တတ်နိုင်သလောက် ကိုယ်ထိ လက်ရောက် ပါဝင်သင့်သည်။

(ခ) ကျောင်းတွင်းကိစ္စများနှင့် ပတ်သက်၍ ကျောင်းသူကျောင်းသားများသည် ရံဖန်ရံခါ လွတ်လွတ် လပ်လပ် ဆွေးနွေးစေရမည်။

(ဂ) ဆရာ ဆရာများ၏ ထူးခြားသော အခြေအနေနှင့် အခွင့်အရေးကို ကျောင်းသူ ကျောင်းသားများက အသိအမှတ်ပြုရသည့်နည်းတူ ကျောင်းသူကျောင်းသားများ၏ အခွင့်အရေးများကိုလည်း ဆရာ ဆရာမများက အသိအမှတ်ပြုသင့်ပေသည်။

(ဃ) ကျောင်းသားများအား ရံဖန် ရံခါ တာဝန်ယူရသော အလုပ်ဝတ္တရားများကို လွှဲအပ်ပေးသင့် ပေသည်။ သို့မှသာလျှင် ကျောင်းသူ ကျောင်းသားများသည် ကျရောက်သော တာဝန်ကို ထမ်းဆောင် နိုင်ပေလိမ့်မည်။

(င) အတန်းအုပ်များ ရွေးချယ်ရာ၌ သော်လည်းကောင်း၊ အခြားတာဝန်ရှိသော နေရာများသို့ ကျောင်းသူကျောင်းသားများအား ရွေးချယ်ရန်ရှိလျှင် မဲဆန္ဒဖြင့် ရွေးချယ်ခြင်းသည်သာလျှင် အကောင်းဆုံး နည်းလမ်းဖြစ်ပေသည်။ ဆရာကြီးကသော်လည်းကောင်း၊ ဆရာ ဆရာမများကသော်လည်းကောင်း သဘော အတိုင်းရွေးချယ်ခြင်းသည် ဒီမိုကရေစီ အလေ့အထသင်ကြားမှုနှင့် ဆန့်ကျင်၏။

(စ) ဆရာနှင့် တပည့်စုပေါင်း၍ အတူတကွ ဆောင်ရွက်လုပ်ကိုင်ရသော ကိစ္စမျိုးကို မကြာခဏ ပြုလုပ် ဖန်တီးပေးရမည်။ ဆရာသည် တပည့်များအား သြဇာပေးသူမဟုတ်ဘဲ ရှေ့ဆောင်လမ်းပြ ကောင်းကျိုး လိုလားသူ မိတ်ဆွေကြီးဖြစ်သည်ဟု တပည့်များ၏ စိတ်တွင် ဖြစ်စေရမည်။

(ဆ) ကျောင်းစည်းကမ်းများ ရေးဆွဲရာတွင် လိုသည်ထက်ပို၍ မရေးဆွဲသင်ပေ။ အထက်တန်း ကျောင်းများတွင် ကျောင်းစည်းကမ်းများကို တတ်နိုင်သရွေ့ ကျောင်းကောင်စီများ၏ သဘောတူညီချက် ဖြင့်သာ လျှင် ရေးဆွဲသင့်ပေသည်။

(ဇ) ဆရာနှင့် တပည့်များသည် ရံဖန်ရံခါ စုပေါင်း၍ ကစားခြင်း၊ အပြင်သို့ လှည့်လည်သွားရောက်ခြင်း နှီးနှောခြင်း စသည်တို့ကို ပြုလုပ်သင့်ပေသည်။ ကျောင်းသားမိဘများသည် ကျောင်းနှင့် နီးကပ်နိုင်သမျှ နီးကပ်အောင် ဆက်သွယ်ထားသင့်ပေသည်။ ကျောင်း၏အရေးသည် ဆရာနှင့် ကျောင်းသားများ၏ အရေး သာမက မိဘများ၏ အရေးလည်း ဖြစ်သည်ဟု သဘောပေါက်စေသင့်၏။ ထို့ကြောင့် ဆရာများနှင့် မိဘများ ပူးပေါင်း၍ အသင်းဖွဲ့စည်းခြင်းသည် အလွန်အကျိုးရှိစေနိုင်၏။ ထိုအသင်းများ၏ လုပ်ငန်းအရပ်ရပ်ကို ကာလ ဒေသလိုက်၍ သတ်မှတ်ထားရှိသင့်ပေသည်။ ကျောင်းသားဟောင်းများသည်လည်း အသင်းအပင်းဖွဲ့စည်း၍ မိမိတို့၏ ကျောင်းဟောင်းနှင့် နီးကပ်စွာဆက်သွယ်နိုင်လျှင် ကျောင်းအတွက် များစွာ အကျိုးများနိုင်ပေသည်။


ကျောင်းသူကျောင်းသားများသည် လောကဇာတ်ခုံကြီး၏ အကြောင်းအရာများကို သိရှိ နားလည် ကြစေရန်အတွက် မကြာခဏဆေးရုံများ စာတိုက်များ ရဲဌာနများ လယ်ယာများ အလုပ်ရုံများ စသည်တို့ကို လည်ပတ်ကြည့်ရှု သင့်ကြသည်။ ထိုမျှသာမဏ မျိုးချစ်စိတ်ထက်သန်စေရန်အတွက် ရာဇဝင်နှင့်ဆိုင်သော အဆောက်အဦးများကိုလည်း ကြည့်ရှုလေ့လာသင့်ပေသည်။

ကျောင်းသူကျောင်းသားများသည် ကျောင်းထွက်သည်နှင့်တပြိုင်နက် ဒီမိုကရေစီအလေ့အထများတွင် ကျင့်သားရပြီး ဖြစ်စေသင့်သည်။ ဥပမာ အစည်းအဝေးကျင်းပခြင်း၊ သဘာပတိရွေးကောက်ခြင်း၊ အဆိုတင် သွင်းခြင်း၊ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း စသည့် အချက်တို့ကို ကောင်းစွာ နားလည်ကျွမ်းကျင်ပြီး ဖြစ်စေရမည်။ ကျောင်းသားကြီးများသည် မြူနီစပါယ် အစည်းအဝေးများ၊ တရားရုံးများ စသည်တို့ကို သွားရောက် ကြည့်ရှုခြင်းသည် များစွာ အကျိုးများနိုင်သည်။

ကျောင်းတွင် စည်းကမ်းသတ်မှတ်ရာ၌ ဆရာကြီးနှင့် ဆရာများက ၎င်းတို့၏ သဘောအတိုင်း သတ်မှတ်ခြင်းထက် ကျောင်းကောင်စီများတွင် တင်ပြပြီးနောက် ဆွေးနွေးအတည်ပြုပြီးမှသာလျှင် ပြဌာန်းသင့် ပေသည်။ သို့မှသာလျှင် စည်းကမ်း ဥပဒေများသည် လိုက်နာရမည့်သူများကိုယ်တိုင် သဘောတူလက်ခံပြီး သော စည်းကမ်းများဖြစ်သဖြင့် ဒီမိုကရေစီ စံနစ်နှင့် ကိုက်ညီပေသည်။

ကျောင်းတွင်းဒီမိုကရေစီအောင်မြင်စေရန်အတွက် ဆရာရော တပည့်ပါ ယုံယုံကြည့်ကြည်လိုက်နာကျင့် သုံးသင့်ပေသည်။ လူကြားကောင်းရုံ ဒီမိုကရေစီလုပ်တမ်းကစားခြင်းသည် အလွန်အကျိုးယုတ်နိုင်ပေသည်။ ထိုကဲ့သို့ ပေါ့ပျက်ပျက် ဖြစ်ကတတ်ဆန်းပြုလုပ်ပါက ကျောင်းသားကျောင်းသားများသည် တသက်ပတ်လုံး ဒီမိုကရေစီသဘောတရားများကို ပေါ့ပျက်ပျက်ပင် မှတ်ထင်ယုံကြည်ပေလိမ့်မည်။ 

ကျောင်းတွင်းဒီမိုကရေစီ အောင်မြင်သည် မအောင်မြင်သည်ဟူသော အချက်ကို အကဲခပ်ရန် မခဲယဉ်း လှသော ဒီမိုကရေစီ စနစ်ကို လိုက်နာသော ကျောင်းများတွင် ကျောင်းသူ ကျောင်းသားများသည် ရဲရင့်ခြင်း၊ ယဉ်ကျေးခြင်း၊ မိမိတို့ပြောလိုသော အချက်အလက်ကို မဆုတ်ပြောတတ်ခြင်း၊ အများအကျိုးအတွက် ဆောင်ရွက်လိုခြင်း၊ ပြည်သူ့တာဝန် ဝတ္တရားများနှင့် အခွင့်အရေးများကို ကောင်းစွာသိခြင်း စသည့် အရည်အချင်းများကို တွေ့နိုင်ပေသည်။ ဒီမိုကရေစီစံနစ်ကို မလိုက်နာသော ကျောင်းများတွင်မူကား ကျောင်းသူ ကျောင်းသားများသည် အထက်ပါအရည်အချင်းများ မရှိဘဲ ကြောက်ရွံခြင်း၊ အထက်မှ ခိုင်းသည်ကို သာ လုပ်တတ်ခြင်း၊ မိမိတို့၏ ပင်ကိုယ်ဉာဏ်ကို အသုံးမပြုတတ်ခြင်း စသည်တို့ကို တွေ့နိုင်ပေသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းရှိ စာသင်ကျောင်းများတွင် ဒီမိုကရေစီစံနစ်ကို လိုက်နာကျင့်သုံး ကြမည်လော။ သို့တည်းမဟုတ် ဒီမိုကရေစီ စနစ်ကိုပယ်၍ သြဇာအာဏာနှင့် အုပ်ချုပ်ကြမည်လော။ အဖြေနှင့် ပတ်သက်၍ ဝိဝါဒ ကွဲပြားရန်မလိုဟု ကျွန်ုပ်တို့ ယုံကြည်၏။ ကျွန်ုပ်တို့၏ ကျောင်းတိုင်းသည် ဒီမိုကရေစီ ဝါဒကို လက်တွေ့ကျင့်သုံးသော ကျောင်းများသာ ဖြစ်ရန် အကျွန်ုပ်တို့လိုလားပေသည်။ သို့မှသာလျှင် ကျွန်ုပ်တို့၏ ကျောင်းသူ ကျောင်းသားများသည် ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးတွင် အကျိုးရှိစွာ ပါဝင်ဆောင်ရွက်နိုင်ကြ ရန် အခြေခံရှိပြီး ဖြစ်ကြပေလိမ့်မည်။ ကျောင်းတွင်းဒီမိုကရေစီသည် ဒီမိုကရေစီနိုင်ငံ၏ တောင့်တင်းခိုင်မာသော အခြေခံ အုတ်မြစ်ကြီးသာလျှင်ဖြစ်၏။

ဦးသန့်

ကျောင်းတွင်း ဒီမိုကရေစီ အခန်း (၆)

ရေးသားသူ ✒️✒️✒️ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်
ဒီမိုကရေစီကျောင်းထွက်သည် ဝါဒဖြန့်ခြင်းကို မျက်စိမှိတ်ပြီး ယုံကြည်မည့်သူ မဟုတ်ပေ။ ဆန်ခါတွင်တင်၍ အပြန်ပြန်အလှန်လှန် ဆင်ခြင်သုံးသပ်ပြီးမှသာလျှင် လက်ခံမည့် လူစားမျိုးဖြစ်သည်။ ကိုယ်ပိုင်ဉာဏ်ကို အများဆုံး အသုံးပြုရသော လူစားမျိုး ဖြစ်ပေသည်။ (ငါမသိပါဘူး ကွာ) ဟု ညည်းညူသော လူပျင်းတို့၏ လက်သုံးစကားကိုလည်း လက်ကိုင်ပြုခြင်းမရှိပေ။ မသိလျှင် သိအောင် လုပ်လိုစိတ်များကို မွေးမြူသူလည်း ဖြစ်၏။ ဒီမိုကရေစီကျောင်းထွက်တစ်ဦးသည် ပညာရှာရာတွင် အတောမသတ်သော ဆန္ဒရှိ၏။ 

အခန်း (၆)
လူတော်လူကောင်းများပေါ်ထွက်ရေး

ကျောင်းတွင်း ဒီမိုကရေစီနှင့် ပတ်သက်၍ အရေးကြီးသော အချက်အလက်များကို ကျွန်ုပ်တို့ ရေးသား ဆွေးနွေးပြီးခဲ့လေပြီ။ ထိုကဲ့သို့ ဒီမိုကရေစီ စံနစ်ကို ဂရုပြု၍ လိုက်နာဆောင်ရွက်သော စာသင်ကျောင်းများမှ မည်သို့သော ကျောင်းသူ ကျောင်းသားများ ပေါ်ထွက်လာပါမည်နည်းဟု မေးစရာရှိလေသည်။ အဖြေမှာ လွယ်ကူလှပေသည်။ ဒီမိုကရေစီဖြန့်ဖြူးသော ကျောင်းများမှ ဒီမိုကရေစီ ဝါဒကို သက်ဝင်ယုံကြည်လာသူများ ထွက်ပေါ်လာမည်ဖြစ်၏။ ထိုကျောင်းထွက်များသည် စာပေပါရဂူကြီးများ၊ သက်မွေးဝမ်းကျောင်း ပညာရပ်များတွင် နားလည်ကျွမ်းကျင်သူများသာမက ထို့ထက်ပိုမိုတန်ဘိုးရှိသော လူတော်လူကောင်းများ ထွက်ပေါ်လာမည်မှာ သေချာပေသည်။ စာပေတွင် ထိပ်ဆုံးတန်းမှ အောင်မြင်သူများ၊ အတွက်အချက်တွင် အံ့သြဘွယ် ထူးချွန်သူများ၊ နိုင်ငံသမိုင်းကို ကရားရေလွှတ်သလို တတွတ်တွတ်ပြောနိုင်သူများ၊ လောက ဓာတ်ပညာတွင် အရွယ်နှင့် မလိုက်အောင်တော်သူများ ထွက်ပေါ်ရေးသည် မည်သည့်စံနစ်နှင့်သင်သော ကျောင်းမျိုးပင် ဖြစ်စေကာမူ ဂုဏ်ယူနိုင်ပေသည်။ ဒီမိုကရေစီစနစ်နှင့် သင်သော ကျောင်းမျိုးသာမက သြဇာအာဏာနှင့် ဖိ၍ သင်သော ကျောင်းမျိုးကလည်း အထက်ပါလူစားမျိုးကို မွေးထုတ်နိုင်ပေသည်။ သို့ရာတွင် ဒီမိုကရေစီ စနစ်နှင့်သင်သော ကျောင်းမျိုးမှာမူ အခြားစံနစ်နှင့်သင်သော ကျောင်းမျိုးထက်သာသောအချက်မှာ အခြားမဟုတ်၊ စိတ်ထားမြင့်မြတ်၍ သတ္တိရှိသော သူများကိုမွေးထုတ်နိုင်ပေသည်။ ထိုကျောင်းထွက်များသည် သဘောထားကြီးခြင်း ကိုယ်ကျိုးထက် အများအကျိုးကို ကြည့်ခြင်း၊ ရပ်ရွာနယ်ပါယ် တိုင်းပြည် ကောင်းစားရေး အတွက် စေတနာရှိခြင်း၊ ရဲရင့်ခြင်းစသော ဂုဏ်ထူးဝိသေသများနှင့် ပြည့်စုံပေသည်။

ဒီမိုကရေစီစံနစ်အတိုင်း ဆောင်ရွက်စီမံသော ကျောင်းများမှ ထွက်လာသူများသည် အခြားစနစ်ဖြင့် သင်ကြားပို့ချသော ကျောင်းများမှ ထွက်လာသူများထက် မည်သည့် အရည်အချင်းများ ပိုမိုလာသည်ကို ရှင်းလင်းအောင်ဖော်ပြ၍ မဖြစ်နိုင်ပေ။ သို့ရာတွင် အကျဉ်းချုံး၍ ဖော်ပြရသော် ရကောင်း၏။


ဒီမိုကရေစီ အလေ့အကျင့်ရသော ကျောင်းသူကျောင်းသားတစ်ဦးသည် မိမိ၏ အစွမ်းကို မိမိကောင်းစွာ ယုံကြည်၏။ မိမိနှင့် သက်ဆိုင်သော ကိစ္စတစ်ရပ်ကို ဆောင်ရွက်ရလျှင် အောင်မြင်မည်ဟု စိတ်ချသူဖြစ်၏။ ရှေးကကြောက်ဆုတ်ဆုတ်လုပ်နေသောသူ ဖြစ်စေကာမူ ပိုမို၍ ရဲတင်းလာ၏။ မိမိ၏ သဘောဆန္ဒကို ထုတ်ဖော် ပြောဆိုရန် နောက်တွန့်ခြင်းမရှိပေ။ မိမိသည်စာတွင် ညံ့ဖျင်းစေကာမူ၊ မိမိတော်သောဘက်တွင် မိမိဂုဏ်ယူ၏။ ဥပမာစကားပြောကောင်းခြင်း သို့မဟုတ် ကစားခုန်စားဘက်တွင် ထူးချွန်ခြင်း၊ သို့မဟုတ် ရပ်ရွာအကျိုးကို အပင်ပန်းခံ၍ ဆောင်ရွက်လိုခြင်း စသောအရည်အချင်းများကို ကောင်းစွာ သဘော ပေါက်၍ အကျိုးရှိစွာ အသုံးချလိုစိတ်ရှိပေသည်။

ဒီမိုကရေစီ ကျောင်းထွက် တစ်ဦးသည် ပြဿနာတစ်ရပ်ရပ်ကို ကြည့်လျှင် ဟိုဘက်ဒီဘက် ခြုံ၍ ကြည့်၏။ အဆိုးနှင့် အကောင်း ကိုနိုင်းချိန်၏။ စဉ်းစားဝေဖန်၏။ ၎င်းနောက်မှ ဆုံးဖြတ်ချက် ချမှတ်၏။ အများ မိုးခါးရေ သောက်၍ လိုက်ပြီး သောက်လိုသော သူမဟုတ်ပေ။ ပင်ကိုယ်ဉာဏ်ကို တကယ်အသုံးပြု၏။ မိမိ၏ စွမ်းရည်ကို မိမိကောင်းစွာ ယုံကြည်ပေသည်။ လောကဇာတ်ခုံတွင် မိမိသည် အရှုံးကို တွေ့ရငြားလည်း အောင်မြင်မှုကို တွေ့ရဦးမည်ဟု အားတင်းနိုင်သောသူ ဖြစ်ပေသည်။ ဒီမိုကရေစီ ကျောင်းထွက်သည် အနိုင်မခံ အရှုံးမပေးသော သတ္တိခဲသာလျှင် ဖြစ်ဘိ၏။

ဒီမိုကရေစီ ကျောင်းထွက်သည် ကျရောက်သော တာဝန်ကို ကောင်းစွာ ထမ်းဆောင်လိုစိတ်ရှိပေသည်။ ကျောင်းတွင် တာဝန်အမျိုးမျိုးကို မိမိစွမ်းဆောင်သည့်ဘက်က ထမ်းဆောင်ခဲ့ရရာ ထို အလေ့အကျင့်သည် ကြီးပြင်းသည်တိုင်အောင် စွဲ၍ ပါလာတတ်၏။ သို့ရာတွင် ထိုကဲ့သို့ တာဝန်သိတတ်သော စိတ် မွေးမြူနိုင်ရန် တစ်နှစ် နှစ်နှစ်စသည်ဖြင့် သင်ကြား၍ မရနိုင်ပေ။ ကျောင်းတွင် နှစ်ပေါင်းအတော်ကြာအောင် လက်တွေ့ လိုက်နာဆောင်ရွက်မှသာလျှင် မွေးမြူနိုင်ပေမည်။ ဒီမိုကရေစီကျောင်းများတွင် ကျောင်းသူကျောင်းသား များသည် (ဒါတို့ကျောင်း) ဟူသော စိတ်ထားကို မွေးမြူရုံသာမက (ဒါတို့မြှင့်မှ မြင့်မည့်ကျောင်း) ဟူသော တာဝန်ခံစိတ်ထားကိုလည်း မွေးမြူကြရပေသည်။

တာဝန်သိတတ်သည်နှင့်အမျှ စုပေါင်းဆောင်ရွက်လိုစိတ် ထွင်၍ လုပ်လိုစိတ်များလည်း ရှိတတ်ပေသည်။ ကျောင်းသား ကျောင်းသူများသည် မိမိတို့ သန်ရာသန်ရာကိစ္စများတွင် ကိုယ်ထိလက်ရောက် ပါဝင်လုပ်ကိုင်ကြရသဖြင့် အများနှင့်ဆက်ဆံရသော လုပ်ငန်းများတွင် ကျင့်သားရသားပြီး ဖြစ်လေသည်။ အထက်မှ ချုပ်ချယ်မှုများ ကင်းလွတ်သဖြင့်လည်း ထွင်၍လုပ်လိုသော ဗီဇကလေး ပါလာတတ်၏။ ထိုဗီဇသည်ပင်လျှင် တိုးတက်မှု၏ အရင်းခံဖြစ်လေသည်။ ဥပမာကျောင်း မဂ္ဂဇင်းတွင် ပါဝင်ကူညီခဲ့ရသော ကျောင်းသူ ကျောင်းသား တစ်ဦးသည် ထိုးထွင်း၍ စိတ်ကူးခြင်း ထိုးထွင်း၍ ရေးသားခြင်း ဗီဇပါလာတတ်၏။ ထိုဗီဇ သည်ပင်လျှင် ဒီမိုကရေစီ စံနစ်၏ ကျေးဇူးတစ်ခု ဖြစ်ပေသည်။ 

ဒီမိုကရေစီကျောင်းထွက်သည် ဝါဒဖြန့်ခြင်းကို မျက်စိမှိတ်ပြီး ယုံကြည်မည့်သူ မဟုတ်ပေ။ ဆန်ခါတွင် တင်၍ အပြန်ပြန်အလှန်လှန် ဆင်ခြင်သုံးသပ်ပြီးမှသာလျှင် လက်ခံမည့်လူစားမျိုးဖြစ်သည်။ ကိုယ်ပိုင်ဉာဏ်ကို အများဆုံး အသုံးပြုရသော လူစားမျိုး ဖြစ်ပေသည်။ (ငါမသိပါဘူး ကွာ) ဟု ညည်းညူသော လူပျင်းတို့၏ လက်သုံးစကားကိုလည်း လက်ကိုင်ပြုခြင်းမရှိပေ။ မသိလျှင် သိအောင် လုပ်လိုစိတ်များကို မွေးမြူသူလည်း ဖြစ်၏။ ဒီမိုကရေစီကျောင်းထွက်တစ်ဦးသည် ပညာရှာရာတွင် အတောမသတ်သော ဆန္ဒရှိ၏။ 

ဒီမိုကရေစီကျောင်းထွက်သည် အပြောအဆို အမူအရာ အစခပ်သိမ်းတွင် ယဉ်ကျေးသိမ်မွေ့၏။ မောက်မာခြင်းမရှိ။ ဝင့်ကြွားခြင်းကင်း၏။ ဤအရည်အချင်းတို့သည် ကျောင်းမှပါလာသော အလေ့အကျင့်များသာ ဖြစ်ပေသည်။ ဆရာနှင့် တပည့် ဆက်ဆံရာတွင် ဆရာသည် တပည့်ကို မောက်မာခြင်းမရှိ၊ ဝင့်ကြွားခြင်း ကင်းခဲ့၏။ ဤနမူနာသည် ကျောင်းသားသူငယ်တို့၏ စိတ်တွင် အမြဲထာဝရ ကိမ်းအောင်းပေတော့မည်။ ၎င်းတို့သည် အများနှင့် ဆက်ဆံရာတွင် ပြေပြစ် ပျူငှာသည်သာတည်း။ 

ဒီမိုကရေစီ အလေ့အကျင့်သည် ရာဇဝတ်မှုများကိုပင် သိသိသာသာ လျော့နည်းစေလိမ့်မည်။ ဖျက်ဆီးလိုစိတ်၊ သူများမျက်ရည်ကျမှ ဝမ်းသာလိုစိတ်၊ ရိုင်းစိုင်းသော စိတ်ထားများသည် ဒီမိုကရေစီ၏ စံနစ်တွင် ပျောက်ကွယ်ရမည်သာတည်း။

ဒီမိုကရေစီကျောင်းထွက်တစ်ဦးသည် ဒီမိုကရေစီစနစ်၏ နည်းနာနိသျများကိုလည်း နားလည်ပြီး ဖြစ်ပေသည်။ အစည်းအဝေးကို မည်ကဲ့သို့ ကျင်းပရသည်။ သဘာပတိကို မည်ကဲ့သို့ ရွေးချယ်ရသည်။ အဆိုကို မည်ကဲ့သို့ တင်သွင်းရသည်။ ထိုအဆိုကို မည်ကဲ့သို့ မဲခွဲရသည်ဟူသော အချက်များတွင် ကျင့်သားရပြီးဖြစ်ပေသည်။ ကျောင်းအပြင်ရှိလောကဇာတ်ခုံတွင် ထိုနည်းနာနိသျများကို အကျိုးရှိစွာ အသုံးချနိုင်ပေတော့မည်။ ဤကား ဒီမိုကရေစီစံနစ်ဖြင့် တိတိကျကျသင်ကြားပို့ချသော ကျောင်းများမှ ထွက်ပေါ်နိုင်ပါမည် နည်းဟူသော မေးခွန်းကို အကျဉ်းချုံး၍ ဖြေရသော် လူတော်လူကောင်းများ ပေါ်ထွက်လာမည်ဟု ဖြေဆိုနိုင်သည်။
ကျောင်းတွင်း ဒီမိုကရေစီ အခန်း (၇)နိဂုံး

ကျောင်းတွင်း ဒီမိုကရေစီ အခန်း (၅)

ရေးသားသူ ✒️✒️✒️ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်
ကျောင်းလောကသည် ပြင်ပလောကနှင့် အဆက်ပြတ်၍ ထည်းထည်း တည်ရှိနိုင်သော လောကမဟုတ်ပေ။ ပြင်ပလောကဆိုသည် မှာလည်း မိမိတို့၏ နိုင်ငံတစ်ခုတည်းကိုသာ ကွက်၍ မြင်ရသော ကျဉ်းမြောင်းသည့်လောကမျိုး မဖြစ်စေသင့်ပေ။ ကမ္ဘာလောကတစ်ခုလုံးကြိုခုံ၍ မြင်နိုင်သော ကျယ်ဝန်းသည့်လောကမျိုးသာ ဖြစ်သင့်၏။ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် တနေ့ထက်တနေ့ ပိုမိုရင်းနှီးစွာ ဆက်ဆံလာကြရသည် ဖြစ်ရကား တိုင်းစိတ် ပြည်စိတ် မွေးမြူရုံမျှမက ကမ္ဘာစိတ်ကိုလည်း မွေးမြူနိုင်ကြရန် ရှေ့ဆောင်သင်ကြားမှုသည် ပညာရေး ရှေ့ဆောင် လမ်းပြတို့၏ အရေးကြီးသော တာဝန်တရပ်ဖြစ်ပေသည်။

အခန်း(၅)
ကျောင်းနှင့် လောက ဇာတ်ခုံ

ကျောင်းတွင်း ဒီမိုကရေစီ အောင်မြင်ရေးအတွက် ကျောင်းလောကသည် ပြင်ပလောကနှင့် ဆက်စပ် နိုင်သမျှ ဆက်စပ်ရမည်ဖြစ်၏။ ကျောင်းသူ ကျောင်းသားများသည် ကျောင်းလောက၏ ပြဿနာရပ်များကို ရင်ဆိုင်ရာတွင် ပြင်ပလောက၏ ပြဿနာရပ်များကိုပါ လေ့လာနိုင်သလောက် လေ့လာရပေမည်။ သို့မှသာလျှင် ကျောင်းသူ ကျောင်းသား ဘဝသည် လောကကြီးကို ရင်ဆိုင်နိုင်ရန် အတွက် သင်ခန်းစာပေးသော ဘဝ ဖြစ်ပေမည်။

ကျောင်းသူကျောင်းသားများသည် ရံဖန်ရံဖန် ကျောင်းဝင်းပြင်ပရှိ လောကလုပ်ငန်းများကို လေ့လာ ကြည့်ရှုသင့်၏။ ဆေးရုံများ၊ အလုပ်ရုံများ၊ လယ်ယာများ၊ စာတိုက်များ၊ ရုံးများ၊ ရဲဌာနများ၊ မြူနီစပယ်အဖွဲ့များ၊ မီးသတ်ဌာနများ၊ ဆိပ်ကမ်းများ၊ မီးရထားရုံများ စသည်တို့ကို သွားရောက်လည်ပတ်၍ လေ့လာလျှင် စာတွေ့ ထက် ထူးခြားပိုမိုသော အသိဉာဏ်တမျိုးကို ရရှိပေမည်။ ထိုသို့ သွားရောက်လည်ပတ်ရာတွင် သက်ဆိုင်ရာ ကျွမ်းကျင်သူ ပုဂ္ဂိုလ်များ လိုက်ပါရန် အထူးအရေးကြီးပေသည်။ ၎င်းတို့ ကိုယ်တိုင် ရှင်းလင်းပြေပြခြင်းသည် အရေးကြီးသော အချက်အလက်များကို မှန်ကန်စွာ ရှင်းလင်းပြောပြခြင်းဖြစ်သဖြင့် ဗဟုသုတလည်း တိုး၍ ကလေးသူငယု်များ၏ စိတ်တွင်လည်း စွဲလမ်းခြင်း ဖြစ်ပေမည်။ အထက်ပါ နေရာများသို့ ကြိုတင် စီစဉ်မှု မရှိဘဲ သွားရောက် လည်ပတ်ပြီးလျှင် သာမန်ကာ လျှံကာ ကြည့်ရှုခြင်းမျိုးသည်ကား အကျိုးမရှိသည့်အပြင် ကျောင်းသူ ကျောင်းသားကလေးများ၏ စိတ်တွင် သာမန်ကာလျှံကာ ကြည့်တတ်သော စိတ်ထားမျိုး ပေါ်ပေါက်စေတတ်၏။ ထို့ကြောင့် စေ့စေ့စပ်စပ် ကြည့်ရှုလေ့လာနိုင်ရန် အရေးကြီးပေသည်။

ထိုသို့ ကြည့်ရှုပြီးနောက် စိတ်တွင် မည်မျှ စွဲလန်းသည် မည်ကဲ့သို့ စွဲလန်းသည်ဟူသော အချက်ကို စစ်ဆေးနိုင်ပေသည်။ စစ်ဆေးသော နည်းမှာ အမျိုးမျိုးရှိ၏။ ပထမနည်းမှာ ထိုသို့သွားရောက်ကြည့်ရှုပြီးနောက် ကျောင်းသို့ပြန်ရောက်လာကြသောအခါ ကိုယ်တွေ့ ဗဟုသုတများကို ပြန်လည်ရေးသားစေခြင်းဖြစ်၏။ ဒုတိယနည်းမှာ သွားရောက်လည်ပတ်စဉ်၌ပင် မိမိတို့ ရေးသားလိုသော မှတ်စုများကို မိမိတို့ သဘောအတိုင်း ရေးသားစေခြင်းဖြစ်၏။ တတိယနည်းမှာ သွားရောက်လည်ပတ်ပြီးနောက် ဗဟုသုတ ဆွေးနွေးနှီးနှောပွဲမျိုး အနေနှင့် ကျောင်းသား အချင်းချင်း ပြောဆို ဆွေးနွေးခြင်းပင်ဖြစ်ပေသည်။


ထိုကဲ့သို့သွားရောက် လည်ပတ်နိုင်ရန်အတွက် ကျောင်းသားဟောင်းများ အသင်းသည် များစွာ အကူအညီပေးနိုင်ပေသည်။ ဥပမာ ကျောင်းသားဟောင်းတစ်ဦးသည် မီးသတ်ဌာနတွင် ဝင်ရောက်လုပ်ကိုင် နေသူဖြစ်မူ ၎င်းကပင်ရှေ့ဆောင်၍ ကျောင်းသားငယ်များကို စုရုံးခေါ်ဆောင်ပြီးလျှင် မီးသတ်လုပ်ငန်း အရပ်ရပ်ကို ရှင်းလင်းပြောပြနိုင်ပေသည်။ ကျောင်းသားဟောင်း တစ်ဦးသည် မြူနီစပါယ်ရုံးတွင် လုပ်ကိုင်နေသူ ဖြစ်လျှင် (ဝါ) မြူနီစံပါယ် လူကြီးတစ်ဦးဦးဖြစ်နေလျှင် ကျောင်းသားငယ်များကို စုရုံးခေါ်ဆောင်၍ မြူနီစပယ် အဖွဲ့၏ လုပ်ငန်းများကို ရှင်းလင်းပြောပြနိုင်ပေသည်။ 

ထိုသို့သွားရောက်၍ ကိုယ်တိုင် ကြည့်ရှုခြင်းသည် ကျောင်းသင်ပညာရပ်များနှင့်လည်း ဆက်စပ်၍ ရပေသည်။ ဥပမာ အခြေခံ ဓနဗေဒပညာ၊ ပြည်သူ့နီတိပညာစသည်တို့ကို စာတွေ့သင်ကြားပြီးနောက် ငါတွေ့လည်း ဆက်စပ်၍ သင်ကြားလျှင် စိတ်ထဲတွင် ပိုမိုစွဲမြဲစေလိမ့်မည်။ ပြည်သူ့နီတိပညာတွင် အခွန်တော် အကြောင်း သင်ကြားပို့ချပြီးနောက် အခွန်တော်ဌာနသို့ ကျောင်းသူ ကျောင်းသားများကို ခေါ်ဆောင်လျှက် အခွန်တော်အရာရှိက လက်တွေ့ရှင်းလင်းပြောပြခြင်းမျိုးသည် စာတွေ့နှင့် ကိုယ်တွေ့ ပညာများကို ဆက်စပ်ပေးခြင်းပင် ဖြစ်၏။ ရဲသားများ၏ လုပ်ငန်းကိုစာတွေ့သင်ကြားပြီးနောက် ရဲဌာနသို့ သွားရောက်ပြီးလျှင် လွန်ခဲ့သော တစ်ပတ်အတွင်း ရဲအရာရှိများ ရဲသားများက ရာဇဝတ်မှုများကို မည်သို့နှိမ်နင်းကာကွယ်ခဲ့ရသည့် အကြောင်းများကို ရှင်းလင်းပြောပြလျှင် ကလေးသူငယ်တို့၏ စိတ်တွင် ပိုမိုစွဲလန်းပေမည်။ ထိုကဲ့သို့ ကိုယ်တွေ့ လေ့လာစေခြင်းအားဖြင့် ငြိမ်ဝပ်ပိပြားရေး ကိစ္စများတွင် ပိုမိုဂရုပြုလာမည့်အပြင် ရဲသားများ၏ လုပ်ငန်းကိုလည်း ပိုမိုနားလည်လာမည်ဖြစ်၏။

ရံဖန်ရံခါ ကျောင်းသူကျောင်းသားများသည် မိမိတို့ ရပ်ရွာမှ ထွက်ခွာ၍ ရာဇဝင်နှင့် ပတ်သက်သော အဆောက်အဦများ သစ်တောလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်း စသည်တို့ကို သွားရောက် ကြည့်ရှု လေ့လာသင့်သည်။ ရာဇဝင်နှင့် ပတ်သက်သော အဆောက်အဦများသည် နိုင်ငံသမိုင်းသင်ကြား ရာတွင် များစွာအထောက်အပံ့ ဖြစ်စေနိုင်သည့်အပြင် သစ်တောလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ သတ္တုတွင်း လုပ်ငန်း၊ စသည်တို့သည် တိုင်းပြည်၏ စီးပွားရေးပညာကို လေ့လာရာတွင် များစွာ အထောက်အပံ့ဖြစ်စေ၏။ မြန်မာနိုင်ငံ၏ သယံဇာတ ပစ္စည်းများ ကြွယ်ဝပုံကို စာအုပ်ဖြင့်သာ သင်ကြားခြင်းထက် ကိုယ်တွေ့ ပြသ သင်ကြားနိုင်လျှင် မျိုးချစ်စိတ် ပိုမိုထက်သန်မည်သာမက မမေ့ပျောက်နိုင်သော လက်တွေ့ဗဟုသုတများလည်း ရရှိနိုင်ပေမည်။

ကျောင်းသူကျောင်းသားများအား သတင်းစာ၊ဂျာနယ်၊မဂ္ဂဇင်းများ ဖတ်ရှုစေခြင်းသည်လည်း လောက ဇာတ်ခုံအကြောင်းကို သင်ကြားပြသခြင်းပေတည်း။ စာနယ်ဇင်းများကို လိမ်မာပါးနပ်စွာ ဖတ်ရှုနိုင်အောင် လမ်းပြပေးနိုင်လျှင် မိမိတို့၏ တိုင်းပြည်ရေးရာများသာမက ကမ္ဘာ့ ရေးရာများတွင်လည်း ပိုမို စိတ်ဝင်စားကြမည် ဖြစ်၏။ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် မည်ကဲ့သို့ ဖြစ်ပျက်လျက်ရှိသည်။ မည်ကဲ့သို့ တိုးတက်လျက် ရှိသည် ဟု ဗဟုသုတအမျိုးမျိုးရရှိကြမည် ဖြစ်သဖြင့် အထက်တန်းကျောင်းသား များသည် စာနယ်ဇင်းများကို ဖတ်လိုသော အကျင့် ဖြစ်ပေါ်အောင် ဖန်တီးပေးသင့်သည်။ 

အချုပ်အားဖြင့်ဆိုရသော် ကျောင်းတွင်းလောကသည် ပြင်ပလောကနှင် နီးစပ်နိုင်သမျှ နီးစပ်စေရမည်။ ကျောင်းတွင်းလောကသည် ပြင်ပလောက ဇာတ်ခုံ၏ တစိတ်တဒေသဖြစ်စေရမည်။ ကျောင်းလောကသည် ပြင်ပလောကနှင့် အဆက်ပြတ်၍ ထည်းထည်း တည်ရှိနိုင်သော လောကမဟုတ်ပေ။ ပြင်ပလောကဆိုသည် မှာလည်း မိမိတို့၏ နိုင်ငံတစ်ခုတည်းကိုသာ ကွက်၍ မြင်ရသော ကျဉ်းမြောင်းသည့်လောကမျိုး မဖြစ်စေသင့်ပေ။ ကမ္ဘာလောကတစ်ခုလုံးကြိုခုံ၍ မြင်နိုင်သော ကျယ်ဝန်းသည့်လောကမျိုးသာ ဖြစ်သင့်၏။ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် တနေ့ထက်တနေ့ ပိုမိုရင်းနှီးစွာ ဆက်ဆံလာကြရသည် ဖြစ်ရကား တိုင်းစိတ် ပြည်စိတ် မွေးမြူရုံမျှမက ကမ္ဘာစိတ်ကိုလည်း မွေးမြူနိုင်ကြရန် ရှေ့ဆောင်သင်ကြားမှုသည် ပညာရေး ရှေ့ဆောင် လမ်းပြတို့၏ အရေးကြီးသော တာဝန်တရပ်ဖြစ်ပေသည်။
ကျောင်းတွင်း ဒီမိုကရေစီ အခန်း (၆)

ကျောင်းတွင်း ဒီမိုကရေစီ အခန်း (၄)

ရေးသားသူ ✒️✒️✒️ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်

မိဘဆရာများအသင်းကို စနစ်တကျ ဖွဲ့စည်း၍ စိတ်ပါလက်ပါ ဆောင်ရွက်ကြပါက သက်ဆိုင်ရာကျောင်းနှင့် ကျောင်းသူ ကျောင်းသားများအတွက် အကျိုးများမည်မှာ သေချာပေသည်။ ဆရာကို အပြစ်ရှာလိုသော သဘောဖြင့်ဖွဲ့စည်းခြင်း၊ နာမည်ထင်ပေါ်စေလို၍ဖွဲ့စည်းခြင်းမျိုးမဖြစ်စေဘဲ စေတနာသန့်သန့်နှင့် ကျောင်း၏ အကျိုးကိုရည်ရွယ်၍သာ ဖွဲ့စည်းသင့်ပေသည်။ ထိုသို့သော ရည်ရွယ်ချက်ဖြင့် ဆရာ မိဘအသင်း များကို ဖွဲ့စည်းခြင်းသည် ကျောင်း၏ တိုးတက်ရာ တိုးတက်ကြောင်းကို ဖြစ်စေရုံမျှမက၊ ကျောင်းတွင်း ဒီမိုကရေစီ ပြန့်ပွားခြင်းတွင်လည်း များစွာ အထောက်အပံ့ ဖြစ်စေနိုင်ပေသည်။
အခန်း (၄)
မိဘနှင့် စာသင်ကျောင်း

ကျောင်းသားမိဘများသည် စာသင်ကျောင်းများနှင့်မည်သို့ ဆက်ဆံသင့်သည်ဟူသော ပြဿနာမှာ ယခုထက်တိုင် ဝိဝါဒ ကွဲပြားလျက်ရှိသေးသည်။ အချို့သော ပညာရေး ပါရဂူတို့၏ အလိုမှာ ကျောင်းသား မိဘ များသည် အသင်းအဖွဲ့သတ်သတ် ဖွဲ့စည်းလျက် ကျောင်းတိုးတက်ရာ တိုးတက်ကြောင်းကို ပြင်ပမှ အကြံဉာဏ်များ ပေးရမည်ဟု ဆိုပေသည်။ အချို့ပါရဂူများ၏ အယူအဆမှာမူကား ကျောင်းသားမိဘများနှင့် ဆရာ ဆရာမများသည် ပူးပေါင်းလျက် အသင်းအပင်းဖွဲ့စည်းပြီးလျှင် ကျောင်း၏ တိုးတက်ရာ တိုးတက်ကြောင်းကို အကြံဉာဏ်များပေးသင့်သည်ဟု ဆိုလေသည်။ အချို့ပါရဂူတို့၏ ယူဆချက်ကား စာသင် ကျောင်းများ၏ ကိစ္စသည် ဆရာများနှင့် ကျောင်းသူ ကျောင်းသားများ၏ ကိစ္စသက်သက်သာဖြစ်သဖြင့် ပြ်ပမှ မိဘများက ဝင်ရောက်စွက်ဖက်ပါက စိတ်ညစ်စရာ ကိစ္စများ ပေါ်ပေါက်ရန် အကြောင်းရှိသည်။ ထို့ကြောင့် ကျောင်းသား မိဘများ အသင်းသော်လည်းကောင်း ဖွဲ့စည်းရန်မသင့်ဟု ယူဆကြလေသည်။

ဖွဲ့စည်းပြီးဖြစ်သော ကျောင်းသား မိဘများအသင်း သို့မဟုတ် မိဘ ဆရာ အသင်းများမှာလည်း အများ အားဖြင့် ကျောင်းတွင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ကျောင်းကပွဲမျိုးကဲ့သို့သော ပျော်ရွှင်မှု များ ဖန်တီးခြင်း၊ မိတ်ဆက်လဘက်ရည်ပွဲများ ကျင်းပခြင်းဖြင့်သာလျှင် ဆောင်ရွက်ကြလေသည်။ အနည်းငယ်မျှသော ကျောင်းသားမိဘအသင်း သို့မဟုတ် ဆရာမိဘအသင်းများသည်သာလျှင် ကျောင်းတွင်းရေး ကိစ္စများသည် ၎င်းတို့နှင့် တိုက်ရိုက်ဆက်သွယ်သော ကိစ္စများဖြစ်သည်ဟု မှတ်ယူကြ၍ သင်ကြားပြသမှု၊ ကစားခုန်စားကိစ္စများ၊ စာရိတ္တပြဿနာများကိုပါ အရေးယူစဉ်းစားကြလေသည်။ အချို့သော ကျောင်းများတွင် ထိုသို့သော အသင်းမျိုး ဖွဲ့စည်းတည်ထောင်ခြင်းမပြုသော်လည်း မည်သည့်ကျောင်းသားမိဘမဆို ကျောင်းသို့လာရောက်နိုင်ခွင့်ရှိ၍ ဆရာကြီးနှင့်သော်လည်းကောင်၊ ဆရာ ဆရာမများနှင့်သော်လည်းကောင်း တွေ့ဆုံဆွေးနွေးခွင့်ပြုထား၏။ ထိုသို့ပြုထားသဖြင့်လည်း အသင်းအပင်းများ ဖွဲ့စည်းရန်မလိုဟု ယူဆကြလေသည်။

ထိုသို့ကျောင်းသား မိဘများအသင်း၊ သို့မဟုတ် ဆရာ မိဘများအသင်း ဖွဲ့သင့် မဖွဲ့သင့် ပြဿနာကို မစဉ်းစားမီ အထူးဂရုပြုရမည့်အချက်တစ်ချက်ရှိပေသည်။ ကျောင်းတွင်းပညာသင်ကြားရေးတွင် အသိဉာဏ် အားဖြင့်လည်းကောင်း၊ ဗဟုသုတအားဖြင့်လည်းကောင်း၊ ဆရာသည် ကျောင်းသားထက်ပို၍ (တော်) သည် ဟူသော အချက်ကို အသိအမှတ်ပြုထားသကဲ့သို့ ကျောင်းတွင်းပညာသင်ကြားရေးတွင် ဆရာသည် ကျောင်းသား မိဘထက်ပို၍ (တော်)သည်ကို ယေဘူယျအားဖြင့် အသိအမှတ်ပြုရပေမည်။ ထို့ကြောင့် ကျေင်းသားမိဘအသင်းများ ဖွဲ့စည်းသည်ဖြစ်စေ၊ ဆရာ မိဘ အသင်းများ ဖွဲ့စည်းသည်ဖြစ်စေ ဘာသာရပ်များကို သင်ကြားရေးတွင် ကျောင်းသားမိဘများသည် ဆရာ ဆရာမများ၏ နယ်နိမိတ်ကို ကျူးကျော်ခြင်း မပြုကြရန် သတိပြုရန်လိုပေသည်။ ရံဖန်ရံခါ သင်ကြားမှုနှင့်ပတ်သက်၍ အကြံပေးစကား ပြောကြားနိုင်မည်ဖြစ်သော်လည်း ဝင်ရောက်စွက်ဖက်ခြင်းမူကား မပြုလုပ်သင့်ပေ။ ဥပမာအားဖြင့် မိမိ၏ကလေးကို ဂဏန်း သင်္ချာ သင်ကြားရာတွင် နည်းလမ်း ချွတ်ယွင်း၍နေသည်ဟု ထင်မြင်ယူဆကပါက မည်ကဲ့သို့ ပြုပြင်သင်ကြား သင့်သည်ဟု အကြံဉာဏ်ပေးလျှင် သက်ဆိုင်ရာ ဆရာ (သို့) ဆရာမက ပြန်လည်ဖြေကြား နိုင်စရာ အကြောင်း ရှိပေသည်။ 

ကျောင်းသားမိဘများသာလျှင် သတ်သတ် အသင်းအပင်း ဖွဲ့စည်းသကဲ့သို့ အရေးပါအရာရောက်မည် မဟုတ်ပေ။ ဆရာ ဆရာမများမပါဝင်သော ကျောင်းသားမိဘအသင်းသည် ဆရာ ဆရာမများနှင့် အဆက် မရှိသဖြင့် ကျောင်းတွင်းကိစ္စများကို ကောင်းစွာ သိရှိနားလည်မည် မဟုတ်ပေ။ ထိုအသင်းမျိုးသည်လည်း အများအားဖြင့် ကျောင်းအတွက် အလှူခံခြင်း၊ တွေ့ဆုံလဘက်ရည် သောက်ခြင်းမျိုးကိုသာ ဆောင်ရွက်နိုင်ပေမည်။ ထို့ကြောင့် အများဆုံးသော အကျိုးဖြစ်ထွန်းစေရန်အတွက် ဆရာမိဘများ ပူးပေါင်း၍ အသင်းအပင်းဖွဲ့စည်းသင့်ပေသည်။ ထိုသို့ဖွဲ့စည်းရာတွင်လည်း အနည်းဆုံး အောက်ပါရည်ရွယ်ချက်များ ရှိသင့်ပေသည်။

(၁) ကျောင်းနှင့် အိမ်ကို ပိုမိုနီးကပ်စေခြင်းဖြင့် ကလေး၏ ပညာသင်ကြားမှုကို တိုးတက်ကောင်းမွန်စေခြင်း။

(၂) ခေတ်အလျောက် တိုးတက်လျက်ရှိသည့် ပညာရေးစနစ်သစ်များကို ကျောင်းသား မိဘများအား သိရှိနားလည်စေခြင်း။

(၃) နိုင်ငံတော်၏ ကလေးသူငယ်များ ပညာသင်ကြားမှုတွင် တိုင်းရင်းသားတိုင်း စိတ်ပါဝင်စားသင့်သည့်အတိုင်း နိုင်ငံတော်သားများအဖြစ် စိတ်ဝင်စားမှုကို ပြသသင့်ခြင်း။

အထက်ပါ ရည်ရွယ်ချက်များသာမက သက်ဆိုင်ရာကျောင်း၏ ကောင်းရာကောင်းကြောင်းအတွက် တတ်နိုင်သော နည်းလမ်းများဖြင့် အားပေးကူညီရန် ရည်ရွယ်ချက်လည်း ပါရှိရပေမည်။

ဆရာ မိဘအသင်းများကို မဖွဲ့စည်းမီ သက်ဆိုင်ရာ ကျောင်းဆရာကြီးနှင့် ဆရာ ဆရာမ များသည် ကိစ္စအရပ်ရပ်ကို အသေးစိတ်ကြိုတင်စဉ်းစား သင့်ပေသည်။ ထိုသို့ ဖွဲ့စည်းလျှင် မည်ကဲ့သို့ စည်းကမ်းများ သတ်မှတ်သင့်သည်။ အမှုဆောင် ကော်မီတီကို မည်ကဲ့သို့ ရွေးချယ်သင့်သည်။ မည်သူက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သင့်သည်ဟူသော ပြဿနာရပ်များကို ကြိုတင်ဆွေးနွေးတိုင်ပင်ထားလျှင် လွယ်ကူပေမည်။ အချို့သော ဆရာ မိဘများအသင်းတွင် ကျောင်းဆရာကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ မိဘများမှလည်း ပညာရေးတွင် စိတ်ပါဝင်စားသူတစ်ဦးက ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ ထိုနည်းအတူပင် ကျောင်းသား မိဘတစ်ဦးက အတွင်းရေးမှူးအဖြစ်ဆောင်ရွက်လျှင် ဆရာ၊ ဆရာမတစ်ဦးဦးက တွဲဖက်အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရလေသည်။ ဤကဲ့သို့ စီမံခြင်းသည် လုပ်ငန်းများတွင် ပိုမိုလွယ်ကူစေ၍ ဆရာနှင့်မိဘများလည်း ပိုမို၍နားလည်မှုရှိပေမည်။ အမှုဆောင် ကော်မတီတွင် ဆရာနှင့် မိဘများမျှတစွာပါဝင်လျှင် လုပ်ငန်းအရပ်ရပ်တွင် ပိုမိုချောမော အောင်မြင်စရာလမ်းရှိပေသည်။

ဆရာမိဘအသင်း အစည်းအဝေးများကို တစ်လလျှင်တစ်ကြိမ်လောက် ကျင်းပနိုင်ပါက အလွန်ကောင်းမွန်၏။ ထိုသို့မဖြစ်နိုင်ပါက တစ်နှစ်လျှင်နှစ်ကြိမ်ခန့် ကျင်းပသင့်ပေသည်။ ထိုသို့ကျင်းပသော အစည်းအဝေးများတွင် ကျောင်းပိတ်ပွဲ၊ ကျောင်းကစားပွဲ၊ ကျောင်းကပွဲစသော ကိစ္စများသာမက ကျောင်းသားများ၏ ကိုယ်ကျင့်တရား၊ ကျောင်းသားများ၏ ကျန်းမာရေးစသည်တို့ကိုပါ ထည့်သွင်းစဉ်းစား ဆွေးနွေးသင့်ပေသည်။ ထိုသို့ စဉ်းစားဆွေးနွေးရမည့်ကိစ္စများကို အသင်းဖွဲ့စည်းသည်နှင့် တပြိုင်နက် သတ်မှတ် ပြဌာန်းထားလျှင် လွယ်ကူပေမည်။ ထိုသို့ သတ်မှတ်ထားသည့် နယ်နိမိတ်အတွင်း၌သာ စဉ်းစားဆွေးနွေးလျက် ထိုနယ်နမိတ်က ကျော်လွန်သော ကိစ္စရပ်များကို ထည့်သွင်း စဉ်းစားခြင်း မပြုသင့်ပေ။ ထိုကဲ့သို့ စည်းကမ်းများကို ကြိုတင်သတ်မှတ်ထားခြင်းသည် လုပ်ငန်းဆောင်တာများတွင် ပြေပြေပြစ်ပြစ်ဖြစ်စေနိုင်၏။

အလွန်ကြီးသော ကျောင်းများတွင် မိဘ ဆရာအသင်းများ ဖွဲ့စည်းခဲ့လျှင် ရပ်ကွက်အလိုက် အသင်းခွဲများ ဖွဲ့စည်းလေ့ရှိသည်။ ကျောင်းသားမိဘများမှာ နေရာအနှံ့အပြားတွင် နေထိုင်ကြသည်ဖြစ်ရာ နီးစပ်ရာ ရပ်ကွက်အလိုက် မိဘအချင်းချင်းပူးပေါင်းဖွဲ့စည်းလျှင် လုပ်ငန်းတွင်ကျယ်ပေမည်။ ဥပမာ မိမိတို့ သက်ဆိုင်ရာ ရပ်ကွက်နှင့် ဆိုင်သော ပြဿနာတစ်ရပ်ပေါ်ပေါက်လာလျှင် ၎င်းတို့ အချင်းချင်း စုဝေး၍ ဆွေးနွေး နိုင်ပေသည်။

မိဘဆရာများအသင်းကို စနစ်တကျ ဖွဲ့စည်း၍ စိတ်ပါလက်ပါ ဆောင်ရွက်ကြပါက သက်ဆိုင်ရာကျောင်းနှင့် ကျောင်းသူ ကျောင်းသားများအတွက် အကျိုးများမည်မှာ သေချာပေသည်။ ဆရာကို အပြစ်ရှာလိုသော သဘောဖြင့်ဖွဲ့စည်းခြင်း၊ နာမည်ထင်ပေါ်စေလို၍ဖွဲ့စည်းခြင်းမျိုးမဖြစ်စေဘဲ စေတနာသန့်သန့်နှင့် ကျောင်း၏ အကျိုးကိုရည်ရွယ်၍သာ ဖွဲ့စည်းသင့်ပေသည်။ ထိုသို့သော ရည်ရွယ်ချက်ဖြင့် ဆရာ မိဘအသင်း များကို ဖွဲ့စည်းခြင်းသည် ကျောင်း၏ တိုးတက်ရာ တိုးတက်ကြောင်းကို ဖြစ်စေရုံမျှမက၊ ကျောင်းတွင်း ဒီမိုကရေစီ ပြန့်ပွားခြင်းတွင်လည်း များစွာ အထောက်အပံ့ ဖြစ်စေနိုင်ပေသည်။
ကျောင်းတွင်း ဒီမိုကရေစီ အခန်း (၅)

ကျောင်းတွင်း ဒီမိုကရေစီ အခန်း (၃)

ရေးသားသူ  ✒️✒️✒️ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်
စည်းကမ်းဆိုသည်မှာ တစ်ဦးတစ်ယောက်က (ဝါ) လူတစ်စုက အတင်းအကြပ် ပြုလုပ်ထားရှိသဖြင့် ကျန်လူအများက လိုက်နာရသည့် စည်းကမ်းမျိုးမဟုတ်ဘဲ လူတိုင်းလူတိုင်းက သဘောပေါက်ပြီးလျှင် ကျင့်ကြံ လိုက်နာကြရသည့် စည်းကမ်းမျိုး ဖြစ်စေလိုပေသည်။ လူအများနှင့် ရောနှောနေထိုင်ရသဖြင့် လူအများ၏ အကျိုးအတွက် (ဝါ) လူအများအား အနှောက်အယှက်မဖြစ်စေရန်အတွက် စောင့်စည်းရသော စည်းကမ်းသည် ချုပ်ချယ်မှုမဖြစ်စေရ။ လူတိုင်းလူတိုင်းက ပွင့်ပွင့်လင်းလင်းသဘောပေါက်ပြီး လိုက်နာရမည့် စည်းကမ်းမျိုးသာ ဖြစ်ရပေမည်ဟု ဆိုလေသည်။ တနည်းအားဖြင့် ဆိုသော် အထက်လူကြီးသည် စည်းကမ်းသတ်မှတ်သော အာဏာပိုင် လူကြီးမဟုတ်ဘဲ မိမိကိုယ်တိုင် စည်ကမ်းကို လိုက်နာကျင့်ကြံသော ခေါင်းဆောင်အဖြစ် လမ်းပြအဖြစ် ပူးတွဲလုပ်ကိုင်သူအဖြစ်သာလျှင် ပါဝင်ရမည်ဟု ဆိုလေသည်။
အခန်း (၃)
စည်းကမ်းနှင့် အာဏာ
  
စည်းကမ်းနှင့်ပတ်သက်၍ အယူအဆ (၂)မျိုး (၂) စား ခွဲခြား၍ ရပေသည်။ ပထမတစ်မျိုးမှာ စည်းကမ်းတွင် ချုပ်ချယ်မှု ပါရှိရမည်ဟူသော ယူဆချက်ပင်ဖြစ်၏။ ဥပမာ ကလေးသူငယ်များသည် ကြမ်းတမ်း ခြင်း၊ ဆူညံခြင်း စသည့်စိတ်ရိုင်းများရှိလျှင် ချုပ်ချယ်ပေးရမည်ဟု ယူဆခြင်းပင်ဖြစ်ပေသည်။ ဤစည်းကမ်းမျိုး မှာ အထက်ကအောက်သို့ ဆင်းသက်လာသော စည်းကမ်းဖြစ်သဖြင့် စည်းကမ်းပြုလုပ်သူနှင့် စည်းကမ်း လိုက်နာသူဟူ၍ နှစ်မျိုး နှစ်စားရှိရပေသည်။ စည်းကမ်းပြုလုပ်သူမှာ သြဇာပေးသူဖြစ်၍ လိုက်နာသူများမှာ သြဇာပေးခံရသူများ ဖြစ်ကြလေသည်။

စည်းကမ်းနှင့် ပတ်သက်၍ ဒုတိယအယူအဆမှာ အကျဉ်းအားဖြင့် ဖော်ပြရသော် သဘာဝစည်းကမ်း (ဝါ) အချုပ်အချယ်မရှိသော စည်းကမ်း ဟူ၍ ခေါ်ဆိုနိုင်ပေသည်။ ထိုအယူအဆသည် လူ့လောကနှင့် ပတ်သက်၍ လွတ်လပ်မှုကို လိုလားသော သူတို့ ကြိုက်နှစ်သက်သည့် အယူ အဆဖြစ်ပေသည်။ စည်းကမ်းဆိုသည်မှာ တစ်ဦးတစ်ယောက်က (ဝါ) လူတစ်စုက အတင်းအကြပ် ပြုလုပ်ထားရှိသဖြင့် ကျန်လူအများက လိုက်နာရသည့် စည်းကမ်းမျိုးမဟုတ်ဘဲ လူတိုင်းလူတိုင်းက သဘောပေါက်ပြီးလျှင် ကျင့်ကြံ လိုက်နာကြရသည့် စည်းကမ်းမျိုး ဖြစ်စေလိုပေသည်။ လူအများနှင့် ရောနှောနေထိုင်ရသဖြင့် လူအများ၏ အကျိုးအတွက် (ဝါ) လူအများအား အနှောက်အယှက်မဖြစ်စေရန်အတွက် စောင့်စည်းရသော စည်းကမ်းသည် ချုပ်ချယ်မှုမဖြစ်စေရ။ လူတိုင်းလူတိုင်းက ပွင့်ပွင့်လင်းလင်းသဘောပေါက်ပြီး လိုက်နာရမည့် စည်းကမ်းမျိုးသာ ဖြစ်ရပေမည်ဟု ဆိုလေသည်။ တနည်းအားဖြင့် ဆိုသော် အထက်လူကြီးသည် စည်းကမ်းသတ်မှတ်သော အာဏာပိုင် လူကြီးမဟုတ်ဘဲ မိမိကိုယ်တိုင် စည်ကမ်းကို လိုက်နာကျင့်ကြံသော ခေါင်းဆောင်အဖြစ် လမ်းပြအဖြစ် ပူးတွဲလုပ်ကိုင်သူအဖြစ်သာလျှင် ပါဝင်ရမည်ဟု ဆိုလေသည်။

မည်သည့်ကျောင်းတွင်မဆို ပညာဉာဏ်အဆင့်အတန်း ရာထူး အဆင့်အတန်းများကြောင့် ကျောင်းဆရာကြီး နှင့် ဆရာ ဆရာမများသည် ကျောင်းသူ ကျောင်းသားများထက်ပို၍ အခွင့်အရေးအများပြား ရရှိကြ၏။ အတန်းတိုင်း အတန်းတိုင်းက ရွေးကောက်တင်မြှောက်ထားသော မော်နီတာခေါ် အတန်းအုပ်များသည်လည်း ပို၍အခွင့်အရေးရရှိကြပေသည်။ ဤကဲ့သို့ အခွင့်အရေးကွဲပြားခြားနားသော်လည်း အာဏာနှင့် ပတ်သက်၍ မူကား ဒီမိုကရေစီ ကျောင်းများတွင် ဆရာနှင့် တပည့်၊ အတန်းအုပ်နှင့် ဤကျောင်းသားများသည် ကွဲပြားခြင်းမရှိစေသင့်ဟု ဒီမိုကရေစီဝါဒီတို့က ဆိုကြကုန်သည်။ ထိုသို ခွဲခြားခြင်းမပြုသဖြင့် ကျောင်းဆရာကြီးများနှင့် ဆရာ ဆရာမများ၏ သြဇာ အာဏာသည် မှေးမှိန်၍ မသွားရုံမျှမက တိုး၍ပင်လာသည်ဟု ၎င်းတို့ က စိတ်ချ ယုံကြည်ကြလေသည်။ သြဇာအာဏာသည် လူတစ်ဦးတည်း (ဝါ) လူတစ်စုတည်းပိုင် မဟုတ်စေဘဲ လူအများပိုင်ဖြစ်သည်ဟု ယူဆချက်သည် ဒီမိုကရေစီဝါဒ၏ အရေးကြီးသော သဘောတရားကြီးဖြစ်၏။ ထို ယူဆချက်ကို စာသင်ကျောင်းများတွင်လည်း အကောင်အထည်ဖော်နိုင်လျှင် ကျောင်းဆရာကြီးနှင့် ဆရာ ဆရာမများ၏ လုပ်ငန်းသည် ပိုမိုလွယ်ကူလာမည့် အပြင် ပဋိပက္ခမှုတို့သည်လည်း ပေါ်ပေါက်လာမည်မဟုတ်ပေ။


သြဇာအာဏာသည် အထက်မှအောက်သို့ ဆင်းသက်ထားသော ပစ္စည်းမဟုတ် အားလုံး ညီညီညွတ်ညွတ် စိတ်တူသဘောတူ ပြဌာန်းထားသော ပစ္စည်းဖြစ်သည်ဟု သဘောပေါက်ကြလျှင် လုပ်ငန်းအရပ်ရပ်သည် လွယ်ကူလာမည့်အပြင် ကျေနပ်မှု၊ တိုးတက်မှုစသည့် အကျိုးများလည်း ပေါ်ထွန်းလာပေမည်။ ဥပမာ ကျောင်းဝင်းအတွင်းရှိ အလှစိုက်ထားသော မြက်ခင်းပေါ်တွင် မည်သူမဆို လမ်းမလျှောက်ရ၊ လမ်းလျှောက်သည်ကို တွေ့လျှင် ဒဏ်ငွေ နှစ်ပဲပေးဆောင်ရမည်ဟူသော စည်းကမ်းကို သတ်မှတ်ထား၏။ ထိုစည်းကမ်းကို ဆရာတစ်ဦးတစ်ယောက်ကဖြစ်စေ၊ ကျောင်းသား တစ်ဦးတစ်ယောက်ကဖြစ်စေ ဖောက်ဖျက်လျှင် ဒဏ်ငွေ ပေးဆောင်စေရမည်။ ထိုကဲ့သို့ သတ်မှတ်ထားသော စည်းကမ်းကို ဆရာရော ကျောင်းသားပါ စောင့်ထိန်းပါမှသာလျှင် ကျေနပ်မှု၊ တိုးတက်မှု၊ သာယာသော လူ့လောကတည်ဆောက်မှုများ ဖြစ်နိုင်ပေမည်။ ပြုလုပ်ထားသော စည်းကမ်းများကို ကျောင်းသားများကသာ လိုက်နာ၍ ဆရာများက မလိုက်နာခဲ့သော် ဒီမိုကရေစီ၏ ရည်ရွယ်ချက်များ ကွယ်ပျောက်မည်သာမက ဒီမိုကရေစီ တည်ဆောက်၍ မရနိုင်သော ကျောင်းမျိုးသာလျှင် ဖြစ်ပေတော့မည်။

ဒီမိုကရေစီကျောင်းနှင့် ဒီမိုကရေစီမဟုတ်သော ကျောင်းများ ခွဲခြား သဘောပေါက်နိုင်စေရန်အတွက် တခါတရံကျောင်းများတွင် ကျောင်းသူ ကျောင်းသား တို့၏ ဗဟုသုတအလို့ငှာ အာဏာရှင်ဆန်ဆန်အုပ်ချုပ်၍ ပြသင့်ပေသည်။ ဆရာကြီးလုပ်သူက ကျောင်းသားကျောင်းသူများအား ခေါ်ယူတွေ့ဆုံ၍ ချိန်းဆိုသော နေ့တစ်နေ့တွင် ကျောင်းကို ဒီမိုကရေစီမဟုတ်သော စနစ်ဖြင့် အုပ်ချုပ်မည်။ ထိုနေ့တွင် ကိုယ်တွေ့ကို မှတ်သားပြီးလျှင် ထိုစနစ်ကို ကြိုက် မကြိုက် ပြောပြနိုင်သည်ဟု ကြေငြာပေးရမည်။ ထိုသို့ ကြေငြာပြီးနောက် ကန့်သတ် ချိန်းဆိုထားသော နေ့တစ်နေ့တွင် ကျောင်းဆရာကြီးကအစ ဆရာ ဆရာမများသည် သြဇာ အာဏာနှင့်သာ အုပ်ချုပ်၍ ပြရမည်။ မည်ကဲ့သို့ အုပ်ချုပ်မည်ဆိုသော အသေးစိတ် အချက်အလက်များကို ကြိုတင်၍ စီစဉ်ထားလျှင် ပို၍ ထိရောက်၏။ ထိုနေ့တွင် ကျောင်းသူကျောင်းသားများကို အာဏာနှင့်သာလျှင် အုပ်ချုပ်၏။ ကျောင်းတွင် လုံးဝဆူညံခြင်းမရှိရ၊ စာသင်ရာတွင်လည်း ဆရာက အာဏာသုံး၍ ပြန်လှန်မေးခွန်းထုတ်ခြင်း ခွင့်မပြုဘဲ နှီးနှောခြင်း၊ ဆွေးနွေးခြင်း လုံးဝမရှိ၊ ကြိမ်းမောင်းရိုက်နှက်ခြင်းမျိုးလည်း ရှိပေသည်။ ကျောင်းတစ် ကျောင်းလုံးတွင် ဆရာဆရာမများ၏ အသံမှလွဲ၍ တိတ်ဆိတ်လျက်ရှိ၏။ နောက်တစ်နေ့တွင် ကျောင်းသူ ကျောင်းသားများအား ယမန်နေ့ကကဲ့သို့ နေလိုသလော လွတ်လွတ်လပ်လပ် ရင်းရင်းနှီးနှီးသာ နေလိုသလော ဟုမေးမြန်းပါက လွတ်လွတ်လပ်လပ် ရင်းရင်းနှီးနှီးသာ နေလိုပါသည် ဖြေကြားမည်မှာမလွဲပေ။ ထိုနေ့မှစ၍ အချုပ်အချယ် မပြုလုပ်ရဘဲ နှင့် စည်းကမ်းသေဝပ်သည်ကို တွေ့ကြရပေမည်။ ဤကား လွတ်လပ်စွာ ကလေးသူငယ်တို့၏ အသိဉာဏ်ဖြင့် စည်းကမ်းသေဝပ်ခြင်းကို သင်ကြားပြသပေးခြင်း တစ်မျိုးပင်ဖြစ်ပေသည်။
ကျောင်းများတွင် ဒီမိုကရေစီသဘောတရားများ ထက်သန်လာလျှင် တစ်ဦးနှင့် တစ်ဦး ပြိုင်ဆိုင်မှုများ ပင်ကွယ်ပျောက်ရပေမည်။ အပြိုင်အဆိုင်စနစ်အစား ပူးပေါင်းဆောင်ရွက်သောစနစ်သည် ပေါ်ပေါက်လာ ပေမည်။ အချို့သော ခေတ်မီကျောင်းများတွင် အမှတ်ပေးခြင်း၊ ဆုပေးခြင်းစသော စနစ်များကိုပင် ပယ်ဖျက်၍ ဆောင်ရွက်ကြရာကျောင်း၏ အဆင့်အတန်းသည် တိုးတက်၍ လာသည်ကို တွေ့ရပေသည်။ သို့ရာတွင် ဒီမိုကေရစီ သဘောတရားများကို ကောင်းစွာ မကျင့်သုံးနိုင်မီ စာသင်ကျောင်းများတွင် အမှတ်ပေးသော စနစ် ဆုပေးသော စနစ်များကို လုံးဝ ပယ်ဖျက်၍ မရသေးပေ။ ပယ်ဖျက်ရန်လည်း မသင့်သေးပေ။


ဒီမိုကရေစီ သဘောတရားများကို ကောင်းစွာ ခေါက်မိသောကျောင်းများတွင် ကျောင်းစည်းကမ်းများကို ရေးသားထားရန် လိုမည်မဟုတ်ပေ။ အချို့သော ကျောင်းများတွင် အောက်ပါစည်းကမ်း (၃) မျိုး လောက်ကိုသာ ရေးသားထားသည်ကို တွေ့နိုင်ပေသည်။ (ယဉ်ကျေးပါ၊ ပူးပေါင်းဆောင်ရွက်ပါ၊ စဉ်းစားဉာဏ်ကိုသုံးပါ)။ အချို့သော ကျောင်းများတွင် (ကိုယ်ချင်းစာပါ) ဟူသော စည်းကမ်း တရပ်ကိုသာ ရေးသား သတ်မှတ်ထားလေသည်။

အချို့သော ခေတ်မှီကျောင်းများတွင်မူကား ကျောင်းစည်းကမ်းများကို အပြည့်အစုံ ရေးသားဖော်ပြ ထားသည်ကို တွေ့နိုင်ပေသည်။ ထိုစနစ်၏ အကျိုးမှာ ကျောင်းသူ ကျောင်းသားသစ်များသည် ကျောင်း စည်းကမ်းများကို အလွယ်တကူ သိရှိနားလည်နိုင်ခြင်း၊ ကျောင်းသူ ကျောင်းသားများသည်လည်း မိမိတို့၏ တာဝန်ဝတ္တရားများကို မမေ့မလျော့ သိရှိနိုင်မည်ဖြစ်၍ စည်းကမ်းများကို သတ်မှတ်ရေးသားလျှင်လည်း ကျောင်းကောင်စီများသို့တင်ပြ၍ ပြဌာန်းပြီးနောက် ဆရာကြီးက သဘောတူ အတည်ပြုပြီးလျှင် ရေးဆွဲ သတ်မှတ်ထားခြင်း ဖြစ်လေသည်။ ၎င်းနောက် စည်းကမ်းများကို ပြင်ဆင်လိုလျှင်လည်း ကျောင်းကောင်စီများကသာလျှင် စဉ်းစား ဆွေးနွေး၍ ပြင်ဆင်သင့်ပေသည်။ ထိုသို့ပြင်ဆင်ပြီးနောက် သက်ဆိုင်ရာ ဆရာကြီး၏ သဘောတူညီချက်ကို ရယူရမည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ကျောင်းသားလောကသည် ပြင်ပရှိ လူကြီးလောကကဲ့သို့ ဒီမိုကရေစီ သဘောတရားများကို လက်တွေ့ကျင့်သုံး လိုက်နာခြင်းပင်ဖြစ်၍ ဒီမိုကရေစီကို ကိုယ်တိုင် လေ့လာခြင်းပင်ဖြစ်၏။ ထိုသို့ ကိုယ်တွေ့လေ့လာခြင်းဖြင့် သာလျှင် ကျောင်းအပြင် လောက (ဝါ) လူကြီးလောက အတွင်းသို့ ရောက်ရှိလာသည့်အခါ ဒီမိုကရေစီစနစ်ကို ဝိုင်းဝန်းဖန်တီးနိုင်မည် ဖြစ်ပေသည်။

ကျောင်းတွင်း ဒီမိုကရေစီ အခန်း(၂)

ရေးသားသူ  ✒️✒️✒️ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်
ကျောင်းကောင်စီများ၏ ဆုံးဖြတ်ချက် ဆိုသည်မှာ ဒီမိုကရေစီနည်းအရ ဆောင်ရွက်ချက်များဖြစ်သဖြင့် ကျောင်းလောက အတွင်းရှိ သူအားလုံးနှင့် သက်ဆိုင်ပေသည်။ အချို့သော ဆုံးဖြတ်ချက်များကို သဘောမတူသော ကျောင်းသားများရှိကောင်း ရှိမည် ဖြစ်သော်လည်း ဒီမိုကရေစီအလေ့အကျင့် ဖြစ်စေရန် သဘောမတူသူများကလည်း ဆုံးဖြတ်ချက်ကို လိုက်နာ ဆောင်ရွက်ရမည် သာတည်း။ ဤကဲ့သို့ ဆောင်ရွက်လိုစိတ်ဖြစ်ပေါ်လာအောင် ဖန်တီးရေးသည်ပင် ကျောင်းတွင်းဒီမိုကရေစီ၏ ရည်ရွယ်ချက်ကြီးတစ်ခု ဖြစ်ပေသည်။

အခန်း (၂)
ကျောင်းတွင်း ကိုယ်ပိုင်အုပ်ချုပ်ရေးနည်းလမ်းများနှင့် နယ်နိမိတ်
  
ဤအခန်းတွင် ကျောင်းလောကအတွင်းရှိ ကျောင်းသူ ကျောင်းသားများသည် မည်ကဲ့သို့ ကျောင်းတွင်း ဒီမိုကရေစီကို ကျင့်သုံး ဆောက်တည်နိုင်သည် ဟူသော အချက်ကို ဖော်ပြပေမည်။ ကျောင်းတွင်း ဒီမိုကရေစီဆိုရာ၌ တနည်းအားဖြင့် ကျောင်းတွင်းကိုယ်ပိုင် အုပ်ချုပ်ရေးပင် ဖြစ်ပေသည်။ ကျောင်းတွင်း ကိုယ်ပိုင် အုပ်ချုပ်ရေးနှင့်မတူ မူကွဲပြား၏။ အကျဉ်းအားဖြင့် ဖော်ပြရလျှင် ကျောင်းတွင်းကိုယ်ပိုင် အုပ်ချုပ်ရေး မဖြစ်နိုင်ပေ။ ကျောင်းများတွင် ဖွဲ့စည်းထားသည့် ကျောင်းကောင်စီများ (ဝါ) ကျောင်းလွှတ်တော်များသည် အောက်ပါအချက်များကို ဂရုပြု၍ သာလျှင် စခန်းသွားရပေမည်။
(၁) ကျောင်းကိစ္စ ဟူသမျှတွင် နောက်ဆုံး အာဏာပိုင်သူမှာ ကျောင်းဆရာကြီးသာလျှင် ဖြစ်ရမည်။
(၂) ကျောင်းဆရာနှင့် ကျောင်းသားနှိုင်းယှဉ်ပါက ကျောင်းဆရာသည် ပိုမိုဗဟုသုတရှိသည်။ ကျွမ်းကျင်သည်ဟူသောအချက်ကို အသိအမှတ်ပြုရမည်။
(၃) ကျောင်းသားများ၏ တာဝန် ဝတ္တရားများကို ၎င်းတို့၏အသက်အရွယ် အသိဉာဏ် ပညာနှင့် ကိုက်ညီအောင် သတ်မှတ်ပေးရမည်။

ဤကဲ့သို့သော စည်းကမ်း သတ်မှတ်ချက်များ ရှိသဖြင့် အချို့သောသူများက ကျောင်းတွင်း ကိုယ်ပိုင် အုပ်ချုပ်ရေး ဆိုသည်မှာ ကလေးကစားသော ကိုယ်ပိုင်အုပ်ချုပ်ရေး မဖြစ်ပေဘူးလားဟု မေးကောင်းမေးကြပေမည်။ အဖြေမှာ မဖြစ်ပါဟူ၍သာ ဖြေကြားရပေမည်။ အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီသည် အချုပ်အချယ် မရှိသော ပရမ်းပတာစံနစ်မဟုတ်။ အချုပ်အချယ် စည်းကမ်း ကလနားသပ်ထားသော စနစ်မျှသာ ဖြစ်သည်။ ကျောင်းဆရာများနှင့် ကျောင်းသားများသည် ကျောင်းတွင်း ဒီမိုကရေစီကို ကျင့်သုံးကြရာတွင် အတူတကွ စုပေါင်းစည်း‌ ဝေး၍သာလျှင် ကျင့်သုံးကြရပေမည်။ ထိုသို့ စည်းဝေးသည့်အခါ ကျောင်းအုပ်ဆရာကြီး သို့ ကျောင်းဆရာများသည် တပည့်ဖြစ်သူ ကလေးသူငယ်များထက် ပို၍ ဗဟုသုတရှိသည်။ ပို၍ ကျွမ်းကျင်သည် ဟူသော အချက်ကို လက်ကိုင်ပြုမှသာလျှင် လမ်းမှန်သို့ ရောက်နိုင်ပေမည်။ ကျောင်းကောင်စီ သို့မဟုတ် ကျောင်းလွှတ်တော်ကို မြူနီစပါယ်အဖွဲ့နှင့် နှိုင်းယှဉ်နိုင်ပေသည်။ မြူနီစပါယ်အဖွဲ့များတွင် အရပ်သားများအပြင် အုပ်ချုပ်သည့် အရာရှိ ဆရာဝန် ရဲဘက်ဆိုင်ရာ အရာရှိစသည်တို့လည်းပါဝင်၏။ အုပ်ချုပ်သည့်ကိစ္စ ပေါ်ပေါက်လာလျှင် အုပ်ချုပ်ရေး အရာရှိသည် အခြားသူများထက်ပို၍ ကျွမ်းကျင်၏။ မြို့ရွာ ကျန်းမာရေးကိစ္စ ပေါ်ပေါက်လာပါက ဆရာဝန်သည် အခြားသူများထက် ပို၍ ကျွမ်းကျင်၏။ မြို့ရွာ လုံခြုံရေးကိစ္စ ပေါ်ပေါက်လာပါက ထိုနည်းအတူပင် ကျောင်းများ၌ စာပေဘာသာရပ်များကို မည်ကဲ့သို့ သင်ကြား ပို့ချပေးရမည်ဆိုသော အချက်များ၊ ကျောင်း၏ ငွေကြေးဆိုင်ရာ အချက်များတွင် ကျောင်းအုပ်ဆရာကြီး သို့မဟုတ် ကျောင်းဆရာများသည် တပည့် များထက် ပို၍ ကျွမ်းကျင်၏။ ကျောင်းဆရာကြီး သို့မဟုတ် ကျောင်းဆရာများတွင် သီးခြားထမ်းဆောင်ရမည့် တာဝန် ဝတ္တရားများ ရှိနေပေသည်။ ထိုတာဝန် ဝတ္တရားများတွင် တပည့်ဖြစ်သူ ကလေးသူငယ်များက ဝင်ရောက် စွက်ဖက် ပိုင်ခွင့်မရှိပေ။

သို့ရာတွင် ကျောင်း၏ပြေးခုန်ကစားပွဲများ ကျင်းပခြင်း၊ ကျောင်း၏ စာကြည့်တိုက်ကို အကျိုးရှိစွာ အသုံး ပြုနည်း၊ စည်းကမ်းသေဝပ်မှုနှင့် ဆိုင်သော ကိစ္စများ စသည်တို့သည် ဆရာရော ကျောင်းသားပါ သက်ဆိုင်သော ကိစ္စများ ဖြစ်၍ ကျောင်းကောင်စီများ (ဝါ) ကျောင်းလွှတ်တော်များတွင် တင်ပြဆွေးနွေးသင့်သော ကိစ္စများ ဖြစ်ပေသည်။
အထက်တန်းကျောင်းများတွင် ကျောင်းကောင်စီများ (ဝါ) ကျောင်းလွှတ်တော်များ ဖွဲ့စည်းရာတွင် အောက်ပါ ရည်ရွယ်ချက်များကို သတ်မှတ်ထားသင့်ပေသည်။

(၁) ကျောင်းတွင်းလောက ဖန်တီးရေးတွင် ကျောင်းသူ ကျောင်းသားများသည် တတ်အားသမျှ ပါဝင်ဆင်နွှဲ ကြရန်။
(၂) ကိစ္စအများတွင် ကျောင်းသူ ကျောင်းသားများ၏ ထင်မြင်ယူဆချက်ကို တင်ပြရန်။
(၃) အကြံသစ်ဉာဏ်သစ်များ ထွက်ပေါ်လာစေရန်။
(၄) တာဝန်ခံအစိုးရ၏ ဗဟုသုတအလေ့အကျင့်များကို ကျောင်းသူကျောင်းသားများအား သင်ကြားပေးရန်။
(၅) ကျောင်းတစ်ကျောင်းလုံးသည် ဆရာရော တပည့်ပါ စုပေါင်းနေထိုင်သော ကျောင်းတွင်းလောက ကလေးတစ်ခုဖြစ်သည်ဟု အသိဉာဏ် ဝင်စားလာစေရန်။
(၆) ကျောင်းတွင် မည်ကဲ့သို့ ဖြစ်ပျက်နေသည်။ မည်ကဲ့သို့ စီမံမည်ဟူသော အချက်များကို တကျောင်းလုံးအား အသိပေးရန်။

ကျောင်းကောင်စီ (ဝါ) ကျောင်းလွှတ်တော်များကို မည်ကဲ့သို့ ဖွဲ့စည်းရမည်ဟူသော အချက်ကိုမူကား ပုံသေကားချ သတ်မှတ်ပေးရန် ခက်ခဲလှပေသည်။ ကျောင်းအသီးသီးတွင် မိမိတို့ သင့်လျော်သည့် ထင်သလို စည်းကမ်းများကို သတ်မှတ်ထားရှိကြ၏။ အချို့သော ကျောင်းများတွင် အတန်းတတန်းမှ ကိုယ်စားလှယ် (၂) ဦးစီ ရွေးကောက်တင်မြှောက်ပြီးလျှင် ထိုကိုယ်စားလှယ်များ ပရီဖက်ခေါ် အတန်းထိန်းများနှင့် ဆရာများကို စုပေါင်း၍ ကျောင်းကောင်စီ။ (ဝါ) ကျောင်းလွှတ်တော်ဟု ခေါ်ဝေါ်ကြလေသည်။ ကျောင်းကောင်စီများတွင် ကျောင်းအုပ်ဆရာကြီးသည် သဘာပတိအဖြစ် ဆောင်ရွက်ရလေသည်။ အချို့သော ကျောင်းများမှာ မူကား ပရီဖက်ခေါ် အတန်းထိန်းများနှင့် ဆရာများသာလျှင် ပါဝင်ကြ၏။ အချို့သောကျောင်းများတွင် မူကား ပရီဖက် ခေါ် အတန်းထိန်းများ မပါဘဲ အတန်းကိုယ်စားလှယ်များနှင့် ဆရာများသာလျှင် ပါဝင်ကြပေသည်။ အတန်းထိန်းများမှာမူကား သတ်သတ် အစည်းအဝေးများကျင်းပ၍ ၎င်းတို့နှင့်ဆိုင်သော ပြဿနာရပ်များကို ဆွေးနွေးကြလေသည်။ အချို့သော ကျောင်းများတွင်ကျောင်းကောင်စီများအစား ကျောင်းသားကောင်စီများ ရှိကြ၏။ ထိုကျောင်းသား ကောင်စီများတွင် ကျောင်းသားများနှင့်သာ သက်ဆိုင်သော ကိစ္စများကို တင်ပြ ဆွေးနွေးလေ့ရှိကြသည်။ တခါတရံ ဆရာများကိုပါပင့်ဖိတ်၍ မိမိတို့၏ သဘောထားများကို တင်ပြကြလေသည်။

ကျောင်းကောင်စီများကို တစ်နှစ်လျှင် တစ်ကြိမ်ရွေးကောက်တင်မြှောက်လေ့ရှိကြ၏။ အချို့သော ကျောင်းများတွင် အောက်တန်းများမှ ကိုယ်စားလှယ်များကို မရွေးချယ်ဘဲ အထက်တတန်းများမှသာ ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်လေ့ရှိကြသည်။

ကျောင်းကောင်စီ အစည်းအဝေးများ ကျင်းပပုံမှာလည်းတစ်ကျောင်းနှင့်တစ်ကျောင်း မတူညီကြပေ။ အချို့ကျောင်းများတွင် တလတစ်ကြိမ်၊ အချို့ကျောင်းများတွင် တစ်လ နှစ်ကြိမ်၊ အချို့ကျောင်းများတွင် ရက် သတ္တတစ်ပတ်လျှင် တစ်ကြိမ် စည်းဝေးလေ့ရှိကြ၏။

ကျောင်းကောင်စီ အစည်းအဝေးများကို စာသင်ချိန်တွင် ကျင်းပသင့်သည်။ သို့မဟုတ် စာသင်ချိန်ပြင်ပတွင် ကျင်းပသင့်သည် ဟူသော ပြဿနာကို ကျေနပ်လောက်အောင် မဖြေရှင်းနိုင်ကြသေးပေ။ ယခုထက်တိုင်ပင် အချို့ကျောင်းများတွင် စာသင်ချိန်အတွင်း၌ ကျင်းပလေ့ရှိ၍ အချို့ကျောင်းများမှာမူကား စာသင်ချိန်ပြင်ပတွင် ကျင်းပကြ၏။ အထက်ပါမူ နှစ်မူကို ကြားဖြန်သောအနေနှင့် အချို့သော ကျောင်းများက မူကား စာသင်ချိန် အနည်းငယ်လောက်ကိုယူ၍ စာသင်ချိန်ကျော်လွန်သည့်တိုင်အောင် စည်းဝေးကြလေသည်။ ဥပမာ ညနေ ကျောင်းမဆင်းမီ ဆယ်မိနစ် ဆယ့်ငါးမိနစ်ခန့်ကြို၍ ကျောင်းလွှတ်လိုက်ပြီးလျှင် ကျောင်းကောင်စီအစည်းအဝေး များကို နာရီဝက်ခန့် ကျင်းပလေ့ရှိကြ၏။

ကျောင်းကောင်စီအစည်းအဝေးများတွင် စဉ်းစား ဆွေးနွေးသော ကိစ္စများမှာလည်း ကျယ်ဝန်းလှပေသည်။ စည်းကမ်းသေဝပ်မှုနှင့် ပတ်သက်သော ပြဿနာများ၊ ကျောင်းတွင်းစာကြည့်တိုက်များ ဖွင့်လှစ်ရေး၊ ကစားခုန်စားပွဲများ ကျင်းပရေး၊ အဝတ်အစား ဆင်တူဝတ်ဆင် သင့်မသင့်၊ ကျောင်းတွင် ခဲတံစာအုပ်စသည်တို့ ပျောက်ဆုံးခြင်း ပြဿနာများစသည်တို့ကို စဉ်းစားဆွေးနွေးကြရသည်။ ကျောင်းကောင်စီများနှင့် လုံးဝမသက်ဆိုင်သော ဆရာများ ပြောင်းရွှေ့ရေး၊ ကျောင်းပိတ်ပေးရေး၊ ကျောင်းအုပ်ချုပ်မှုအတွက် ငွေကြေးကိစ္စ နိုင်ငံရေးပါတီများနှင့် ပူးပေါင်းရေး မပူးပေါင်းရေး စသည်တို့ကို မည်သည့်နည်းနှင့်မျှ ထည့်သွင်း စဉ်းစားခြင်း မပြုသင့်ပေ။

ကျောင်းကောင်စီများသည် ဒီမိုကရေစီ စနစ်ကို လက်တွေ့သင်ကြားရာတွင် ဒီမိုကရေစီလုပ်တန်းကစားခြင်း မဖြစ်သင့်ပေ။ စည်းစနစ်ကျနစွာ သဘောတရာများအတိုင်း ကိုယ်ထိလက်ရောက် ဆောင်ရွက်ကျင့်သုံးကြရန် အရေးကြီး၏ ဟန်ဆောင်၍ စည်းဝေးခြင်း၊ လေးလေးနက်နက် သဘောမထားဘဲ ပေါ့ပျက်ပျက် စည်းဝေး ပြောဆိုကြခြင်း၊ ကစားစရာတစ်ခုအနေနှင့် စည်းဝေးခြင်းမျိုး မဖြစ်စေရ။ ထိုသို့ဖြစ်လာလျှင် ကျောင်းတွင်း ဒီမိုကရေစီ တည်ဆောက်ရေးသည် မအောင်မြင် မည်သာမက ဒီမိုကရေစီဝါဒ၏ သဘောတရားများသည်လည်း ကျောင်းသားသူငယ်တို့၏ စိတ်တွင် စွဲစွဲမြဲမြဲ ကျန်ရစ်တော့မည် မဟုတ်ပေ။

ကျောင်းကောင်စီများမှ ချမှတ်လိုက်သော ဆုံးဖြတ်ချက်များကိုလည်း စိတ်ရောကိုယ်ပါ လိုက်နာ ဆောင်ရွက်ကြရန် အထူးအရေးကြီးပေသည်။ ပေါ့ပျက်ပျက် သဘောထားပြီး စိတ်မပါတပါဆောင်ရွက်ခြင်း၊ သဘောမတူသော ကျောင်းသားများက မဆောင်ရွက်ဘဲ နေခြင်း စသည်တို့ပေါ်ပေါက်လာလျှင် ကျောင်းကောင်စီများ၏ ရည်ရွယ်ချက်သည် ပျက်ပြားမည်သာ ဖြစ်၏။ ကျောင်းကောင်စီများ၏ ဆုံးဖြတ်ချက် ဆိုသည်မှာ ဒီမိုကရေစီနည်းအရ ဆောင်ရွက်ချက်များဖြစ်သဖြင့် ကျောင်းလောက အတွင်းရှိ သူအားလုံးနှင့် သက်ဆိုင်ပေသည်။ အချို့သော ဆုံးဖြတ်ချက်များကို သဘောမတူသော ကျောင်းသားများရှိကောင်း ရှိမည် ဖြစ်သော်လည်း ဒီမိုကရေစီအလေ့အကျင့် ဖြစ်စေရန် သဘောမတူသူများကလည်း ဆုံးဖြတ်ချက်ကို လိုက်နာ ဆောင်ရွက်ရမည် သာတည်း။ ဤကဲ့သို့ ဆောင်ရွက်လိုစိတ်ဖြစ်ပေါ်လာအောင် ဖန်တီးရေးသည်ပင် ကျောင်းတွင်းဒီမိုကရေစီ၏ ရည်ရွယ်ချက်ကြီးတစ်ခု ဖြစ်ပေသည်။

ကျောင်းတွင်း ဒီမိုကရေစီ အခန်း(၁)

ရေးသားသူ  ✒️✒️✒️ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်

တပည့်များက ဆရာ့အား ချစ်ကြောက် ရိုသေရမည်ဟူသော ဥပဒေသည် ဆရာများက အတင်းအကျပ် ဖန်တီးပေးရမည့် ဥပဒေသ မဖြစ်စေရ။ တပည့်များ၏ စိတ်တွင် အလိုအလျောက် ပေါ်ပေါက်လာရမည့် ဥပဒေသသာလျှင် ဖြစ်စေသင့်သည်။ တပည့်ကျောင်းသား များက ဆရာသမားများအား အလိုအလျောက် ချစ်ခင်ခြင်း၊ အလိုအလျောက် ကြောက်ရွံ့ရိုသေခြင်း ရှိပါမူ ဤကျောင်းမျိုးသည် ဒီမိုကရေစီပညာ ဖြန့်ဖြူးရန် အကောင်းဆုံးသော ကျောင်းဖြစ်လာပေမည်။ အထက်က ချစ်ခိုင်း၍ ချစ်ရခြင်း၊ ကြောက်ခိုင်း၍ ကြောက်ရခြင်း၊ ရိုသေခိုင်း၍ ရိုသေရခြင်းဟူသော အဖြစ်အပျက်များမှာ ဒီမိုကရေစီနှင့် အလွန်ဝေးကွာသော အင်္ဂါရပ်များ ဖြစ်ကြပေသည်။

အခန်း (၁)
ဒီမိုကရေစီ၏ နောက်ခံကား

ဤအခန်းတွင် စာသင်ကျောင်းများ၌ ဒီမိုကရေစီကို ကျင့်သုံးဆောက်တည်ကြရာတွင် မည်သို့သော နောက်ခံကားများ ရှိသင့်သည်ဟူသော အချက်ကို ကျွန်ုပ်တို့ ဆွေးနွေးပေအံ့။ ထိုသို့မဆွေးနွေးမီ ကျောင်းတွင်း ဒီမိုကရေစီဟူသော စကားအဓိပ္ပါယ်ကို ကျွန်ုပ်တို့စစ်ဆေးကြရန် လိုအပ်ပေသည်။ ဒီမိုကရေစီကို ကျင့်သုံးသော ကျောင်းများတွင် သိသာသောအချက်တစ်ရပ်မှာ ကျောင်းလောကအတွင်း၌ ဆက်ဆံရေးသည် ပြေပြေပြစ်ပြစ် ရှိ၍ သဘောထားကြီးမှုများကို တွေ့မြင်နိုင်ပေသည်။ ဆက်ဆံရေးဆိုသည်မှာလည်း ကျောင်းသူကျောင်းသား အချင်းချင်းဆက်ဆံရေး ၊ ဆရာနှင့်တပည့် ဆက်ဆံရေး၊ ဆရာနှင့် မိဘ ဆက်ဆံရေးများကို ဆိုလိုပေသည်။ ထိုသို့ဆက်ဆံရေးကောင်းမွန်ချောမောခြင်းသည် ဒီမိုကရေစီ၏ အရေးကြီးသော အသွင်တစ်ရပ် ဖြစ်၏။

စာသင်ကျောင်းများကို သုံးမျိုး သုံးစားခွဲခြား၍ ရလေသည်။ ပထမအမျိုးကို (ဖွဲ့စည်းထားသော ကျောင်း) ဟု ဆိုကြပါစို့။ ထိုကျောင်းမျိုးတွင် အလုပ်ရုံများ၊ ဆိုင်ကြီးများကဲ့သို့ ဣန္ဒြေရရ စည်းကမ်းကျကျ ရှေးရိုး မပျက် သင်ကြားပို့ချသော စနစ်ကို တွေ့နိုင်ပေသည်။ ထိုကျောင်းများ၏ လုပ်ငန်းမှာ ကျောင်းသူ ကျောင်းသား ကလေးများကို လက်ခံပြီးလျှင် သတ်မှတ်ထားသော ဘာသာရပ်များကို တဆင့်ပြီး တဆင့် သင်ကြားပို့ချ စာမေးပွဲစစ်၍ အတန်းတင်၊ အတန်းကုန်သောအခါ ကျောင်းမှ ထွက်စေ၍ စာကိုသာ ဂရုစိုက်၍ ပို့ချသော ကျောင်းမျိုး ဖြစ်လေသည်။

စာကို ဂရုစိုက်၍ သင်ကြားပို့ချခြင်းသည် ကျောင်းတိုင်း၏ လုပ်သင့်လုပ်ထိုက်သော လုပ်ငန်းတစ်ရပ်ဖြစ်ပေသည်။ သို့ရာတွင် ထိုလုပ်ငန်းသည် ကျောင်း၏လုပ်ငန်းအကုန်မဟုတ်ပေ။ နေမှု ထိုင်မှု ဆက်ဆံမှုစသော လူ့ကိစ္စများကို လစ်လျူရှုသဖြင့် ကျောင်းသားများသည် ထိုကျောင်းမျိုးကို အလုပ်ရရာ ရကြောင်း အလုပ်ရုံတစ်မျိုးသဖွယ် သဘောထားတတ်ကြလေသည်။ ထိုကျောင်းမျိုးသည် သူငယ်သူငယ်မများအား အလုပ်ရစေရန် ဖန်တီးပေးနိုင်မည်ဖြစ်သော်လည်း လူ့လောကတွင် မည်ကဲ့သို့ နေထိုင်လုပ်ကိုင်ရမည်ဟု သင်ကြားမပေးကြချေ။ ထို့ကြောင့် ထိုစာသင်ကျောင်းမျိုးသည် ကျေနပ်ဖွယ်ရာကောင်းသော ကျောင်းများ မဖြစ်နိုင်ပေ။ ဆရာများ၏ ရည်ရွယ်ချက် မှာ ကျောင်းသူကျောင်းသားများသည် အတန်းစာမေးပွဲများ အောင်မြင်ကြ၍ အလုပ်တစ်ခုခုကို လုပ်ကိုင်နိုင်ကြစေရန် ဖြစ်လေသည်။ ထိုကျောင်းမျိုးသည် ပတ်ဝန်းကျင် လူ့လောကနှင့် ဆက်စပ်၍ မရသော ကျဉ်းမြောင်းလှသည့် ကျောင်းလောက ကလေးမျှသာဖြစ်၏။


ဒုတိယအမျိုးကို (မိသားစုကျောင်း) ဟုခေါ်ဆိုကြပါစို့။ ထိုကျောင်းများသည် အရေအတွက်အားဖြင့် အလွန်နည်းပါးလှပေသည်။ ထိုကျောင်းများ၏ ရည်ရွယ်ချက်မှာ ပဌမအမျိုးအစားကျောင်းများကို မနှစ်မြို့ကြ၍ ထူးခြားသော အသွင်ဖြင့် ကျောင်းသစ်ထွင်မည်ဟူသော ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ထားခြင်း ဖြစ်လေသည်။ အဓိကရည်ရွယ်ချက်မှာ ထိုကျောင်းများတွင် တက်ရောက်သင်ကြားကြသော ကျောင်းသူ ကျောင်းသား များသည် စိတ်ပျော်ရွှင်စွာ မိသားစုတစ်ခုကဲ့သို့ ခင်မင်ရင်းနှီးစွာ နေထိုင်ဆက်ဆံနိုင်ကြရန် ဖြစ်ပေသည်။ သို့ရာတွင် ဒီမိုကရေစီလောကသို့ ဝင်ရောက်ရမည်ဖြစ်သော ကျောင်းသား သူငယ်များအား ပျော်ရွှင်မှု တစ်ခုတည်း သတ်သတ်ရနိုင်သော ကိစ္စမဟုတ်ပေ။ ပျော်ရွှင်မှုသည် ကိစ္စတခုခုကို ပြုလုပ်ပြီးစီး၍သော်၎င်း နေထိုင်မှု၊ ဝတ်မှု၊ စားမှု၊ ပြည့်စုံ၍ သော် ၎င်း၊ ရရှိသည့်စိတ်၏ အနေအထားကို ဖော်ပြခြင်းမျှသာဖြစ်လေသည်။ ထို့ကြောင့် ပျော်ပျော်နေတတ်အောင် သင်ကြားပေးသည် ဆိုသည်မှာ အဓိပ္ပာယ်မရှိလှပေ။ အချင်းချင်း မိသားစု ပမာ ရင်းနှီးအောင် သင်ကြားပေးခြင်း၊ စုစုဝေးဝေး ပျော်ပျော်ရွှင်ရွှင်နေတတ်အောင် သင်ကြားပေခြင်း စသည်တို့ မှာ များစွာ လိုလား အပ်သော်လည်း ပြည့်စုံသော ကျောင်းတွင်းလောက မဟုတ်သေးပေ။

တတိယအမျိုးအစား ဖြစ်သော ကျောင်းများသည် အထက်ပါ ကျောင်းမျိုးထက် လုပ်ငန်းပိုမိုကျယ်ဝန်း၏။ ထိုကျောင်းမျိုးတွင် ကျောင်းသင်ဘာသာရပ်များကို သင်ကြားပေးခြင်း၊ ကျောင်းတွင်းလောကရှိ သူငယ် သူငယ်မများအား မိသားစုကဲ့သို့ ပျော်ပျော်ရွှင်ရွှင် ရင်းရင်းနှီးနှီး နေထိုင်ဆက်ဆံနိုင်ရန် သင်ကြားပေးခြင်း သာမက ဒီမိုကရေစီ အလေ့အထများကိုလည်း လိုက်နာ ကျင့်သုံးစေလေသည်။ ထိုကျောင်းမျိုးကို (ဒီမိုကရေစီကျောင်း) ဟူ၍ ခေါ်ဆိုကြပါစို့။ ထိုကျောင်းတွင်းလောက၌ ကျောင်းသား ကျောင်းသူများသည် အပေးအယူ စိတ်ထားဖြင့် အများအကျိုးအတွက် မိမိက အနစ်နာခံလိုစိတ်ရှိခြင်း၊ ကျောင်းတွင်းလောက ပြေပြစ်စေရန် မိမိက တတ်အားသမျှ ကူညီခြင်း၊ တာဝန်အသီးသီးကို မျှတထမ်းဆောင်ခြင်း၊ စာမေးပွဲအောင်ရန် ပျော်ရွှင်ရန် ဟူသော ရည်ရွယ်ချက်များကိုသာမက တနေ့တွင် လူ့လောကကြီး၌ အကျိုးရှိစွာ ပါဝင်ဆောင်ရွက်နိုင်ရန် ဟူသော ရည်ရွယ်ချက်ကြီးကိုလည်း ထားရှိစေသော ကျောင်းမျိုးသာ ဖြစ်ပေသည်။ ဤစာအုပ်ငယ်ကို ဤကျောင်းမျိုး ပေါ်ပေါက်ရေးအတွက်သာ ရည်ရွယ်၍ ရေးသားရခြင်းဖြစ်ပေသည်။ ထိုကျောင်းမျိုးပေါ်ပေါက်စေရန်မှာလည်း ကျောင်းသားကော်မတီများ၊ ကျောင်းကောင်စီများ မည်မျှပင် ဖွဲ့စည်းထားစေကာမူ တကယ့် ဒီမိုကရေစီ စိတ်ထားကို မွေးမြူခြင်း မရှိလျှင် အောင်မြင်မည်မဟုတ်ပေ။ အထူးသဖြင့် ကျောင်းဆရာကြီးများနှင့် ကျောင်း ဆရာအချို့က စိတ်ပါဝင်စားစွာ ဂရုပြု၍ ဆောင်ရွက်ပါမှသာလျှင် အောင်မြင်နိုင်ပေမည်။

စာသင်ကျောင်းများတွင် ဒီမိုကရေစီ စိတ်ထား မွေးမြူရန်အတွက် ဆက်ဆံမှုသည် အရေးကြီး၏။ ဆက်ဆံမှု အောင်မြင်စေရန်အတွက်မှာလည်း ဆရာကြီးလုပ်သူသည် အဓိက အရေးကြီးဆုံးဖြစ်လေသည်။ ဆရာကြီး လုပ်သူသည် မိမိကိုယ်ကို သြဇာပေးသူ အဖြစ်ဖြင့်သာ မှတ်ယူလျှင် မိမိ၏ကျောင်း၌ ဒီမိုကရေစီ ရှိမည် မဟုတ်ပေ။ ထိုနည်းအတူပင် ဆရာကြီးလုပ်သူသည် စေတနာလွန်ကဲ၍ မိမိ၏သြဇာအာဏာများကို လုံးဝစွန့်လွှတ်ပြီး သကာလ ကျောင်းသားများအား ဒီမိုကရေစီ အခွင့်အရေးများအားလုံးကို ပေးအပ်လိုက်လျှင် လည်း မိမိ၏ ကျောင်းသည် အကွပ်မရှိသော တောင်းပမာ ဖရိုဖရဲဖြစ်မည်မှာ သေချာပေသည်။ ကျောင်း ဆရာကြီးအဖြစ်ဖြင့် မိမိတွင် သတ်မှတ်ထားသော တာဝန်များရှိနေလေသည်။ အာဏာအချို့ကို လွှဲအပ်ရာတွင် ကျောင်းသားများ၏ အသိဉာဏ်၊ ကျောင်းသားများ၏ စွမ်းဆောင်နိုင်ခြင်း၊ ကျောင်းသားများ၏ ကိုယ်တွေ့ ဗဟုသုတများကို ထောက်ထားနှိုင်းချိန်၍သာ လွှဲအပ်ရပေမည်။ သတင်းစာ အယ်ဒီတာ တစ်ဦးသည် တခါက အောက်ပါအတိုင်း မှတ်ချချဘူးလေသည်။ ‘အယ်ဒီတာကောင်းဆိုသည်မှာ မိမိ၏ ပင်ကိုယ်ဉာဏ်နှင့် အကျင့် စရိတ္တသည် မိမိ၏ သတင်းစာတွင် မိမိ၏ အရိပ်ကဲ့သို့ အမြဲမပြတ်ထင်နေရပေသည်။ သို့ရာတွင် ၇ ရက်ခန့် မိမိ အလုပ်မလုပ်ဘဲနေလျှင်လည်း မိမိ၏ သတင်းစာသည် မူမပျက်ဘဲ ဆက်လက်၍ မိမိ၏ အရိပ်သာလျှင် ထင်နေပေဦးမည်’ ။ ဤမှတ်ချက်သည် ကျောင်းဆရာကြီးကောင်းနှင့်လည်း သက်ဆိုင်ပေသည်။ ဒီမိုကရေစီကို ချစ်ခင်မြတ်နိုးသော ကျောင်းဆရာကြီးသည် တကျောင်းလုံး၏ ကိစ္စအဝဝတွင် မိမိ၏ အရိပ် ထင်နေရန် အရေးကြီး၏။ သို့ရာတွင် ကျောင်းလောကအတွင်းရှိ ပုဂ္ဂိုလ်တိုင်းကလည်း တာဝန်အသီးသီးကို ထမ်းဆောင် ကြရသဖြင့် ကျောင်းဆရာကြီးသည် အခိုက်အတန့်အားဖြင့် မရှိသည့်တိုင်အောင် ကျောင်း၏ (မူ) သည် ပျက်သွားခြင်း မရှိနိုင်ပေ။


ကျောင်းတွင်း ဒီမိုကရေစီ အောင်မြင်စေရန်အတွက် ကျောင်းဆရာကြီးနှင့် လက်ထောက် ဆရာ၊ ဆရာမများ၏ ဆက်ဆံရေးသည် ပြေပြစ်ချောမောရန် အရေးကြီး၏။ ရင်းနှီးစွာ ဆွေးနွေးတိုင်ပင်ခြင်း၊ ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ခြင်း၊ တစ်ဦးကိုတစ်ဦး လေးစားခြင်းစသည်တို့သည် များစွာ အထောက်အပံ့ ဖြစ်စေနိုင်ပေသည်။ ထမ်းဆောင်ရမည့် တာဝန်ကိုလည်း အသီးသီးမျှတ၍ ထမ်းဆောင် ကြရသဖြင့် လူတိုင်း လူတိုင်းပင် တာဝန်သိတတ်သော စိတ်ကို ပိုမို မွေးမြူကြလေသည်။ စုပေါင်းဆွေးနွေးရာ၌လည်း ပွင့်ပွင့် လင်းလင်း ထုတ်ဖော်ဆွေးနွေး နိုင်ကြသဖြင့် ခရီးရောက်နိုင်၏။ အကယ်၍ ဆရာကြီးလုပ်သူသည် အာဏာရှင် ဆန်ဆန်ပြုကျင့်ပါက လက်ထောက် ဆရာ ဆရာမများသည် မိမိတို့ပြောလိုသော အချက်များကို ဖွင့်ဟ၍ ပြောရဲမည်မဟုတ်ရာ ကျောင်း၏တိုးတက်ရာ တိုးတက်ကြောင်းသည် များစွာထိခိုက်စရာရှိလေသည်။ ထို့ကြောင့် ကျောင်းဆရာ ဆရာမ များအားလုံးသည် လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရှိကြရန် အရေးကြီးပေသည်။

ကျောင်းဆရာကြီးနှင့် ကျောင်းသားများ၏ ဆက်ဆံရေးသည် သာ၍ပင်အရေးကြီးပေသည်။ အချို့နာမည်ကျော် ကျောင်းကြီးများတွင် ဆရာကြီးလုပ်သူနှင့် တပည့်များသည် ရံဖန်ရံခါ တွေ့ဆုံ၍ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ဆွေးနွေးတတ်ကြသည်။ ဤအလေ့အထမျိုးသည် ဒီမိုကရေစီ အလေ့အထကို ပြုစုပျိုးထောင်ခြင်းပင်ဖြစ်၍ များစွာ လိုလားအပ်ပေသည်။ ဆရာကြီးသည် အာဏာရှင် ဆန်လျှင်မူကား တပည့်များသည် ကြောက်ရွံသော စိတ်ဖြင့် မိမိတို့ပြောလိုသော ဆန္ဒကို ဖုံးဖိ၍ ထားမည်သာတည်း။ တပည့်များက ဆရာ့အား ချစ်ကြောက် ရိုသေရမည်ဟူသော ဥပဒေသည် ဆရာများက အတင်းအကျပ် ဖန်တီးပေးရမည့် ဥပဒေသ မဖြစ်စေရ။ တပည့်များ၏ စိတ်တွင် အလိုအလျောက် ပေါ်ပေါက်လာရမည့် ဥပဒေသသာလျှင် ဖြစ်စေသင့်သည်။ တပည့်ကျောင်းသား များက ဆရာသမားများအား အလိုအလျောက် ချစ်ခင်ခြင်း၊ အလိုအလျောက် ကြောက်ရွံ့ရိုသေခြင်း ရှိပါမူ ဤကျောင်းမျိုးသည် ဒီမိုကရေစီပညာ ဖြန့်ဖြူးရန် အကောင်းဆုံးသော ကျောင်းဖြစ်လာပေမည်။ အထက်က ချစ်ခိုင်း၍ ချစ်ရခြင်း၊ ကြောက်ခိုင်း၍ ကြောက်ရခြင်း၊ ရိုသေခိုင်း၍ ရိုသေရခြင်းဟူသော အဖြစ်အပျက်များမှာ ဒီမိုကရေစီနှင့် အလွန်ဝေးကွာသော အင်္ဂါရပ်များ ဖြစ်ကြပေသည်။

အထက်တွင် ဆိုခဲ့သည့်အတိုင်း ဆရာကြီးနှင့် ဆရာများ ရင်းနှီးစွာဆက်ဆံခြင်း ဆရာကြီးနှင့် တပည့်များ ရင်းနှီးစွာ ဆက်ဆံခြင်း ရှိခဲ့သော် ဆရာများနှင့် တပည့်များ ရင်းနှီးစွာ ဆက်ဆံမှုလည်း ရှိမည်မှာ မလွဲပေ။ ထိုကဲ့သို့ ကျောင်းတွင်း ဆက်ဆံမှုများသည် ပြေပြစ် ရင်းနှီးပါမူကား ဒီမိုကရေစီမျိုးစေ့ ချရန် အလွန်ကောင်းသော မြေသြဇာရှိပြီဟု ဆိုနိုင်ပေသည်။

ကျောင်းတွင်း ဒီမိုကရေစီ နိဒါန်း

ရေးသားသူ  ✒️✒️✒️ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်

ဒီမိုကရေစီ ဝါဒသည် နှစ်သက် လိုလား အပ်သော အင်္ဂါရပ်များ အများအပြားရှိသော်လည်း ခြောက်ပြစ် ကင်း သဲလဲစင်ဝါဒမဟုတ်ပေ။ ချွတ်ယွင်းချက် များလည်းရှိပေသည်။ အများသိရှိပြီးဖြစ်သော ချွတ်ယွင်းချက်မှာ နှေးကွေးခြင်းပင်ဖြစ်၏။ တိုင်းပြည်တစ်ပြည်ကို ဖက်ဆစ်နိုင်ငံဖြစ်လာအောင် ငါးနှစ်အတွင်း ဖန်တီးပေးနိုင်ပေ သည်။ သို့ရာတွင် ဒီမိုကရေစီနိုင်ငံဖြစ်လာအောင်မူကား ဆယ်နှစ်နှင့်ပင် ဖန်တီး၍ မရကောင်းပေ။ တကယ့် ဒီမိုကရေစီနိုင်ငံဖြစ်လာစေရန်အတွက် ပြဿဒ်ဆောက်သကဲ့သို့ တစ်ဆင့်ပြီးတစ်ဆင့် တစ်ထစ်ပြီးတစ်ထစ် သာလျှင် ဖန်တီးပေးနိုင်၏။ ဒီမိုကရေစီဝါဒသည် ခုရေတွင်းတူး ခုရေကြည်သောက်နိုင်သော ဝါဒမဟုတ်သည်ကို အထူးသတိပြုရပေမည်။

စကားပလ္လင်
  
စာသင်ကျောင်းများတွင် ဒီမိုကရေစီ နည်းအရ မည်သို့ ကျင့်သုံးလိုက်နာလျက်ရှိသည်။ လက်တွေ့ ဒီမိုကရေစီ နည်းနာနိသျများကို မည်ကဲ့သို့ သင်ကြားပို့ချပေးနိုင်သည်ကို စုံစမ်းစစ်ဆေးရန် အင်္ဂလန်ပြည်တွင် ဖွဲ့စည်း တည်ထောင်ထားသော (ပြည်သူ့နီတိ ပညာ ပြန့်ပွားရေး အသင်း) က ကော်မတီတစ်ရပ် ဖွဲ့စည်းလျက် တာဝန် ပေးခဲ့၏။ ထိုကော်မတီတွင် ပညာရေးနှင့် ဆိုင်ရာ ပုဂ္ဂိုလ် ၁၂ ဦးပါဝင်၍ ကျောင်းဆရာကြီးများ၊ ပညာဝန်များ၊ တက္ကသိုလ်ကျောင်းအုပ်ကြီးများ ပါဝင်လေသည်။ ထိုကော်မတီသည် အင်္ဂလန်ပြည်ရှိ စာသင်ကျောင်းပေါင်း အမြောက်အမြားကို သွားရောက် ကြည့်ရှုလေ့လာပြီးလျှင် စကားလုံးပေါင်း ၅၅၀၀၀ခန့် ပါဝင်သော အစီရင်ခံစာ တစ်စောင်ကို ၁၉၄၇ ခုနှစ်အတွင်းက (ပြည်သူ့နီတိ ပညာပြန့်ပွားရေး အသင်း) သို့ တင်ပြခဲ့လေသည်။ ထိုအစီရင်ခံစာတွင် စာသင်ကျောင်းများ၌ ဒီမိုကရေစီ အုတ်မြစ်ချရေးနှင့် ပတ်သက်၍ အဖိုးတန်သော အချက်အလက်များနှင့် ထိရောက်သော အကြံပေးချက်များ အများအပြားပါဝင်သဖြင့် အစီရင်ခံစာ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အင်္ဂလန်ပြည်၌သာမက ကမ္ဘာအရပ်ရပ်ရှိ ပညာရေးလောကတွင် ဂယက် ရိုက်သွားသည်ကို တွေ့ရလေသည်။

ဒီမိုကရေစီဝါဒကို လက်ကိုင်ပြုလျက် ဒီမိုကရေစီနိုင်ငံထူထောင်ရန် အားသွန်ကြိုးပမ်းလျက်ရှိသော ကျွနု်ပ်တို့ ပြည်ထောင်စုမြန်မာနိုင်ငံတွင်လည်း စာသင်ကျောင်းများကစ၍ ဒီမိုကရေစီစနစ်ကို လက်တွေ့ကျင့်သုံးနိုင်ရန် များစွာ လိုလားအပ်သဖြင့် အထက်ပါ အစီရင်ခံစာကို အကျဉ်းချုံးပြီးလျှင် ဆီလျော်အောင် မြန်မာပြန်ဆို ထုတ်ဝေ အပ်ပါသည်။ ဤစာအုပ်ငယ်သည် ကျောင်းသူ ကျောင်းသားများအား ဒီမိုကရေစီ သဘောတရားများ ကို လက်တွေ့ကျင့်သုံးနိုင်ရန် အထောက်အကူဖြစ်ပါစေသတည်း။ ဒီမိုကရေစီဟူသော နာမပညတ်၏ အဓိပ္ပာယ် ကို ကောင်းစွာ သိမြင်နိုင်ကြပါစေသတည်း။

၁၉၅၂ ခု - မေလ ၁၀ ရက် 
မောင်သန့်
ရန်ကုန်မြို့ 
အကျိုးဆောင် အုပ်ချုပ်မှု အတွင်းရေးမှူး
မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း

နိဒါန်း

အင်္ဂလန်ပြည်ရှိ ပြည်သူ့နီတိ ပညာပြန့်ပွားရေးအသင်းကို ၁၉၅၂ ခုတွင် စတင်ဖွဲ့စည်းခဲ့သည်။ သို့ရာတွင် ထိုအသင်းကို မဖွဲ့စည်းမီ ရှေးပဝေဏီကပင် ပြည်သူ့နီတိပညာကို အနည်းနှင့် အများဆိုသလို ရေးခဲ့ ပြောခဲ့ကြသည်။ ပြည်သူ့နီတိပညာ ဆိုသည်မှာလည်း ပြည်သူပြည်သားကောင်း တစ်ယောက် ဖြစ်လာစေရန် ရည်ရွယ်၍ သင်ကြားပို့ချသော ပညာရပ်ပင် ဖြစ်၏။ တနည်းဆိုသော် ပြည်သူ့ လမ်းညွှန်ပညာ ဖြစ်ပေသည်။

ရှေးအခါက နိုင်ငံ အများ၌ပင် ပညာရေးစနစ်သည် ပြည်သူပြည်သားကောင်းများ ဖြစ်လာရန် ရည်ရွယ်သော စနစ်ပင်ဖြစ်ပါသည်။ ဥပမာ ဟစ်တလာ၏ လက်အောက် ဂျာမနီပြည်တွင် စာသင်ကျောင်းများ၌ (ပြည်သူပြည်သားကောင်းများ) ဖြစ်လာရန် ရည်ရွယ်၍ သင်ကြားပို့ချပေးသည်မှာ မှန်ပါသည်။ ကလေးသူငယ် များသည် မိမိတို့ တိုင်းပြည်ကို အလွန်အမင်းချစ်ကြရမည်ဟု ဆို၏။ နိုင်ငံတော်သည် ကလေးများ၏ ကျန်းမာရေး ကိုလည်း အထူးဂရုစိုက်၏။ ကလေးများ၏ ဉာဏ်ထက်မြက်ရေးကိုလည်း နည်းအမျိုးမျိုးဖြင့် ဖန်တီး ၏။ နိုင်ငံသမိုင်းကိုပင် ရည်ရွယ်ချက် ပြန်လည်ရေးသား ပြစုစေ၍ သင်ကြားပို့ချကြရ၏။ သို့ရာတွင် ဟစ်တလာ၏ လက်အောက် ပညာရေးစနစ်သည် ကျွန်ုပ်တို့ နားလည်လက်ခံသော ဒီမိုကရေစီ ပညာရေးစနစ် မဟုတ်ပေ။ မဟုတ်ယုံမျှမက အလွန်ပင် ကွာဝေးပေသည်။ ကိုယ့်အမျိုးကို ချစ်ယုံ၊ ကျန်းမာယုံ၊ ဉာဏ် ပညာ ကောင်းယုံမျှနှင့် ကလေးသူငယ်တစ်ယောက်သည် ဒီမိုကရေစီ ပညာကို သိနားလည်ခြင်းမရှိနိုင်ပေ။ ဒီမိုကရေစီ ပညာသည်လည်း အစိုးရက တိုင်းသူပြည်သားများအား လက်ကမ်း၍ ပေးနိုင်သော ပညာမဟုတ်။ ဆရာက တပည့်အား သင်ကြားပို့ချ၍ လုံလောက်သော ပညာမဟုတ်။ ဆရာရော တပည့်ပါ ဒီမိုကရေစီစနစ်အတိုင်း လိုက်နာကျင့်ကြံနေထိုင်မှသာလျှင် တတ်မြောက်နိုင်သည့် ပညာရပ် ဖြစ်လေသည်။ အတုမြင် အတတ်သင်ဆိုသည့် စကားအတိုင်း လက်တွေ့ပြုလုပ်မှသာလျှင် ထိုကဲ့သို့ ဒီမိုကရေစီကို လက်တွေ့ကျင့်သုံးနိုင်ရန်အတွက် ကျင့်သုံးသူများသည် အတော်အတန် လွတ်လပ်မှုရှိရပေမည်။ ထိုသို့ လွတ်လပ်မှုကိုပင် အများလွတ်လပ်မှုအတွက် အနစ်နာခံလိုစိတ်ရှိရပေမည်။ ကျောင်းမှထွက်သော ကလေး သူငယ်များသည် လွတ်လွတ်လပ်လပ် တွေးတောကြံဆတတ်သော အလေ့အကျင့်သည်ပင်လျှင် တိုးတက်ရေး ၏ ဇီဝမျိုးစေ့ ဖြစ်၏။ အထက်က ညွှန်ကြားချက်အရ ဤသို့သာ တွေးတော ကြံဆရမည်။ ထိုသို့ မတွေးတော မကြံဆရဟူသော ချုပ်ချယ်မှု တို့သည် ဒီမိုကရေစီ၏ ရန်သူများဖြစ်ကြပေသည်။ ဒီမိုကရေစီ၏ အင်္ဂါတစ်ရပ်ကား စိတ်ကူးကိုသော် လည်းကောင်း၊ အပြုအမူကိုသော် လည်းကောင်း၊ ချုပ်ခြယ်ခြင်း လုံးဝကင်းစင်ခြင်းပင်တည်း။

(ဒီမိုကရေစီ) ဟူသော စကားလုံးသည် ရံဖန်ရံခါ အဓိပ္ပာယ်ကင်းမဲ့စွာ အသုံးပြုခြင်းကို ခံရတတ်လေ သည်။ နိုင်ငံရေးနှင့် စပ်လျဉ်း၍ သဘောကျသော အကြောင်းအရာ တစ်ရပ်ကို (ဒီမိုကရေစီ) ဖြစ်သည်ဟု ချီးကြူး ပြောဆိုလေ့ရှိကြ၍ သဘောမကျသော အကြောင်းအရာ တစ်ရပ်ကို (ဖက်ဆစ်) ဖြစ်သည်ဟု ကဲ့ရဲ့ ရှုတ်ချလေ့ရှိကြ၏။ သို့ရာတွင် ထိုသို့ ပြောဆို သုံးစွဲသူတို့သည် အများအားဖြင့် ဒီမိုကရေစီ၏ အဓိပ္ပာယ်ကို သော်လည်းကောင်း၊ ဖက်ဆစ်၏ အဓိပ္ပာယ်ကိုသော် လည်းကောင်း မသိရှာကြလေ။ ဒီမိုကရေစီသည် ပါတီ နိုင်ငံရေး မဟုတ်၊ အားလုံးနှင့် သက်ဆိုင်သော နိုင်ငံရေး ပါတီဖြစ်၏။ တနည်းအားဖြင့်ဆိုသော် ဒီမိုကရေစီ ရှိမှ သာလျှင် ပါတီများလည်း ရှိနိုင်ပေမည်။ ဒီမိုကရေစီမရှိလျှင် ပါတီအများမရှိနိုင်ပေ။ ဒီမိုကရေစီ၏ အင်္ဂါရပ်များမှာ လွတ်လပ်စွာ စိတ်ကူးနိုင်မှု၊ လွတ်လပ်စွာ ပြောဆိုနိုင်မှု၊ လွတ်လပ်စွာ ရေးသားနိုင်မှု၊ လွတ်လပ်စွာ စည်းရုံးနိုင်မှု အစရှိသော လူ့အခွင့်အရေးများပင်တည်း။

ဒီမိုကရေစီ၏ အခြားအင်္ဂါတစ်ရပ်မှာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အရေးကြီးပုံကို အသိအမှတ် ပြုသည်။ အစိုးရသည် လူပုဂ္ဂိုလ်များအတွက်သာဖြစ်သည်။ လူပုဂ္ဂိုလ်များသည် အစိုးရအတွက် မဟုတ် ဟူသော ဥပဒေသကို လက်ကိုင်ပြုသည်။ လူပုဂ္ဂိုလ်များသည် အရေးကြီးသည်ဆိုရာ၌ လူပုဂ္ဂိုလ်အသီးအသီးသည် အသိဉာဏ်ပညာချင်းတူအောင် စိတ်နေစိတ်ထားချင်းတူအောင် ညှိ၍ မပေး၊ ကိုယ်သန်ရာ သန်ရာ ပညာရပ်တွင် ထူးချွန်အောင်သာ အားပေးသည်။ စိတ်ကူးအယူအဆချင်းမတူညီကြသည်ကို တသဘောတည်း ဖြစ်အောင် ဒီမိုကရေစီက စုစည်း၍မပေး စိတ်ကူးအမျိုးမျိုး အယူအဆအမျိုးမျိုးမှ တိုင်းပြည်အတွက် အဖိုးတန် ဆုံးသော အကြံဉာဏ်များ ပေါ်ပေါက်လာလိမ့်မည်ဟု ဒီမိုကရေစီသည် အားကိုးယုံကြည်၏။ တကျောင်းတဂါထာ၊ တရွာတပုဒ်ဆန်းဟူသော ဝါဒသည် တနည်းအားဖြင့်ဆိုသော် ဒီမိုကရေစီ ဝါဒ ထပ်တူကျလျက်ရှိသည်။

ဒီမိုကရေစီ ဝါဒသည် နှစ်သက် လိုလား အပ်သော အင်္ဂါရပ်များ အများအပြားရှိသော်လည်း ခြောက်ပြစ် ကင်း သဲလဲစင်ဝါဒမဟုတ်ပေ။ ချွတ်ယွင်းချက် များလည်းရှိပေသည်။ အများသိရှိပြီးဖြစ်သော ချွတ်ယွင်းချက်မှာ နှေးကွေးခြင်းပင်ဖြစ်၏။ တိုင်းပြည်တစ်ပြည်ကို ဖက်ဆစ်နိုင်ငံဖြစ်လာအောင် ငါးနှစ်အတွင်း ဖန်တီးပေးနိုင်ပေ သည်။ သို့ရာတွင် ဒီမိုကရေစီနိုင်ငံဖြစ်လာအောင်မူကား ဆယ်နှစ်နှင့်ပင် ဖန်တီး၍ မရကောင်းပေ။ တကယ့် ဒီမိုကရေစီနိုင်ငံဖြစ်လာစေရန်အတွက် ပြဿဒ်ဆောက်သကဲ့သို့ တစ်ဆင့်ပြီးတစ်ဆင့် တစ်ထစ်ပြီးတစ်ထစ် သာလျှင် ဖန်တီးပေးနိုင်၏။ ဒီမိုကရေစီဝါဒသည် ခုရေတွင်းတူး ခုရေကြည်သောက်နိုင်သော ဝါဒမဟုတ်သည်ကို အထူးသတိပြုရပေမည်။

ဒီမိုကရေစီဝါဒ အောင်မြင်စေရန်အတွက် ပဌမအဆင့်မှာ တိုင်းသူပြည်သားများသည် အသိဉာဏ်ပညာ တိုး၍ တိုး၍ ရင့်သန်လာရမည်။ ထို့နောက် ဒီမိုကရေစီ၏ လက်တွေ့လုပ်ငန်းများတွင် တိုး၍ တိုး၍ ကိုယ်ထိ လက်ရောက် ပါဝင်ဆင်နွှဲကြရမည်။ ဒီမိုကရေစီ၏ အောင်မြင်မှုသည် လူထု၏ အသိဉာဏ်ပညာ၊ လူထု၏ ကျွမ်းကျင်မှု၊ လူထု၏ စိတ်ပါဝင်စားမှု၊ လူထု၏ အများအကျိုး ဆောင်ရွက်လိုမှုများ ပေါ်တွင် တည်၏။ ထို့ကြောင့် ဒီမိုကရေစီဝါဒသည် ဝါဒအားလုံးအနက် အခက်ခဲဆုံးသော ဝါဒဖြစ်ပေသည်။ ဖက်ဆစ်နိုင်ငံ (ဝါ) အာဏာရှင် နိုင်ငံများတွင် လူထုအသိဉာဏ်ပညာ ရှိသည် မရှိသည်မှာ အရေးမကြီး၊ လူထုကျွမ်းကျင်သည် မကျွမ်းကျင်သည်မှာ အရေးမကြီး လူထုစိတ်ဝင်စားခြင်း စိတ်မဝင်စားခြင်းမှာ အရေးမကြီး လူထုက အများအကျိုး ဆောင်ရွက်လိုစိတ် ရှိမရှိမှာ အရေးမကြီး၊ အထက်အာဏာပိုင်များက ပုံသေကားချ စီမံဆောင် ရွက်ခြင်းသာလျှင် အရေးကြီးပေသည်။ ဒီမိုကရေစီနိုင်ငံများတွင်မူကား ထိုသို့မဟုတ်ပေ။ လူထုသည် အရေးအကြီးဆုံး ဇာတ်လိုက်များဖြစ်ကြပေသည်။

အာဏာရှင် နိုင်ငံများတွင် အထက် အာဏာပိုင်တို့က လက်ညှိုးညွှန်ရာကိုသာ လူထုက မညည်း မညူ ကျွဲနွားများပမာ လိုက်နာ ဆောင်ရွက်ကြရသဖြင့် အလုပ်တွယ်ကျယ်သည်။ အချိန်တိုတိုနှင့် ဆောင်ရွက်၍ ပြီးစီး သည်။ ဒီမိုကရေစီနိုင်ငံများတွင်မူကား လူထု၏ဆန္ဒကို အရေးပေးသဖြင့် အချိန်ယူ၍သာ ဆောင်ရွက်ကြရသည်။ သို့ရာတွင် ဤချွတ်ယွင်းချက်ကား လူ့အခွင့်အရေးများအတွက် ကျွန်တော်တို့ပေးရသော တန်ဖိုးမျှသာ ဖြစ်သည်။ ဒီမိုကရေစီ ကြွေးကြော်သံမှာ (အချိန်ကြာလိုက ကြာပါစေ။ သို့ရာတွင် လူထုဆန္ဒ အရသာ ဖြစ်ပါစေ) ဟူသော ကြွေးကြော်သံပင်တည်း။

ဒီမိုကရေစီစနစ် အောင်မြင်ရန် အလွန်ခက်ခဲလှသောကြောင့် အချို့နိုင်ငံများသည် လက်လျှော့ပြီးလျှင် အာဏာရှင်စနစ်ကို ထူထောင်ကြသည်။ သို့ရာတွင် အာဏာရှင်စနစ်သည် တစ်နေ့ထက်တစ်နေ့ တစ်လထက် တစ်လ၊ တစ်နှစ်ထက်တစ်နှစ် လူထုကို တိုး၍သာ နဖားကြိုးတပ်၏။ လူထုသည် ငုံ့၍သာ ခံကြရသည်။ ပါးစပ်ကို မဟဝံ့ကြ။ ဒီမိုကရေစီကိုသာ ပြန်လည်လွမ်းဆွတ်တောင့်တကြသော်လည်း ဖိုးလမင်းကို လိုချင်ပါသည်ဟု တောင့်တသော ကလေးငယ်ပမာ အချည်းနှီးသာလျှင် ဖြစ်ရ၏။ ထို့ကြောင့် ဒီမိုကရေစီကို စိတ်ပျက်၍ အာဏာရှင်စနစ်ကို ကူးပြောင်းရန် လွယ်ကူလှသော်လည်း အာဏာရှင်စနစ်ကို စိတ်ပျက်၍ ဒီမိုကရေစီသို့ ကူးပြောင်းရန်မှာ အလွန့်အလွန် ခဲယဉ်းသော လုပ်ငန်းဖြစ်ပေသည်။ ထို့ကြောင့် ဒီမိုကရေစီစနစ် အမြစ်တွယ် စေရန်အတွက် တိုင်းသူပြည်သားများသည် ကျောင်းသို့ ကျောင်းသားအရွယ်မှစ၍ ဒီမိုကရေစီဝါဒကို ကောင်းစွာ လေ့လာ သင်ကြားကြရမည်။ သို့ရာတွင် လေ့လာသင်ကြားရုံမျှနှင့် မပြီးသေး။ ဒီမိုကရေစီစနစ်ကို လက်တွေ့ လိုက်နာ ဆောင်ရွက် ကြရပေမည်။ သို့မှသာလျှင် ဒီမိုကရေစီ သဘောတရားများသည် ကျောင်းသူ ကျောင်းသားတို့၏ ဦးခေါင်းတွင် အမြစ်တွယ်ပေမည်။ ကျောင်းများ၌ ဒီမိုကရေစီဝါဒကို စာအုပ်ကြီး အတိုင်းလည်း သင်ကြားပို့ချ၍ မဖြစ်ပေ။ ဤကားမှန်သည် ဤကားမှားသည်ဟု ကျောင်းသားသူငယ်များ၏ စိတ်ကူးကို မလေးမစားပြု၍ မသင်ကြားရာ၊ ကျောင်းသားသူငယ်များ၏ စိတ်၌ပင် ဤကားမှန်သည် ဤကားမှား သည် ဟူ၍ အသိတရား ဝင်ရောက်လာရန် သင်ကြား ပြသမှုသာလျှင် မှန်ကန်သော လမ်းစဉ်ဖြစ်၏။

ကျောင်းသား သူငယ်များအား အသိဉာဏ်ပေးရာ၌ အောက်ပါ အခြေခံ အချက်အလက်များကို နားလည်အောင် ကြိုးစားရပေမည်။ ယခုခေတ်ကြီးတွင် နေထိုင်မှုပြဿနာများသည် ရှေးကထက် ပိုမို ရှုပ်ထွေး လာသည်။ လူတစ်ဦး တစ်ယောက်တည်း သတ်သတ်နေ၍ မဖြစ်။ တယောက်နှင့် တယောက် ဆက်သွယ်စုရုံး၍ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဆိုသလို အမှီသဟဲပြု၍ နေကြရသည်။ တနည်းအားဖြင့် ဆိုသော် လူ့လောကသည် တစ်ဦးနှင့် တစ်ဦး တစ်ယောက်နှင့် တစ်ယောက် ပူးပေါင်းဆက်သွယ်၍ လုပ်ကိုင်ဆောင်ရွက်ကြရသော သမဝါယမ လောကတမျိုးပင်ဖြစ်၏။ လူတစ်ဦးနှင့် တစ်ဦး မသိမသာ နားလည်မှုဖြင့် ချုပ်ဆိုထားသော စာချုပ် ကြီးများ ရှိကြပေသည်။ ထိုစာချုပ်အရ တစ်ဦးက တစ်ဦးကို စော်ကားခြင်းမပြုရ နှောက်ယှက်ခြင်းမပြုရ။ အချုပ် အချယ် မပြုရ။ ထိုနားလည်မှု စာချုပ်ကြီးကြောင့်သာလျှင် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် လူ့အသင်းကြီး၏ အသင်းသားတစ်ဦး ဖြစ်လာရလေသည်။ စည်းမျဉ်း ဥပဒေများ ရေးဆွဲထားခြင်းမရှိသော်လည်း ထို လူ့အသင်း ကြီးတွင် ပါဝင်ရသည့်အတွက် လိုက်နာရသော ဥပဒေများရှိ၏။

ဥပမာ လူတစ်ဦးက တစ်ဦးကို ဆဲရေးတိုင်းထွာ ခြင်းမပြုရ။ ထိုးသတ်ရိုက်နှက်ခြင်း မပြုရ။ မည်သည့်အစာကိုစား၍ မည်သည့်အဝတ်ကို ဝတ်ပါဟု သြဇာ ပေးခြင်း မပြု။ ကျောင်းနေခြင်း၊ ကစားခြင်း၊ တစ်ယောက်ထဲ လမ်းလျှောက်ခြင်း၊ စာမေးပွဲအောင်ခြင်း ထူးချွန်၍ စကောလာရှစ်ဆုရခြင်း စသည့် အဖြစ်အပျက်များမှာ လူ့အသင်းဝင်တစ်ဦး အဖြစ်ဖြင့် ရရှိခံစားရသော အခွင့် အရေးများပင်တည်း။ လူတိုင်းလူတိုင်းပင် လူ့အသင်းဝင် အဖြစ်ဖြင့် အခွင့်အရေးများ ရရှိသကဲ့သို့ တာဝန် ဝတ္တရားများလည်း ဆောင်ရွက်ရန် အများအပြားပင်ရှိလေသည်။ ထိုကဲ့သို့ လူ့အခွင့်အရေးများနှင် လူ့တာဝန် ဝတ္တရားများကို ကျောင်းသားသူငယ်များ သိရှိသဘောပေါက်အောင် ပြသပေးရေးသည် ဆရာ ဆရာမများ၏ အလွန်အရေးကြီးသော လုပ်ငန်းကြီးတစ်ရပ်ဖြစ်ပေသည်။

အထက်ပါ လူ့အခွင့်အရေးများနှင့် လူ့တာဝန်ဝတ္တရားများ (ဝါ) ပြည်သူပြည်သားများ၏ အခွင့်အရေးများ နှင့် ပြည်သူပြည်သားများ၏ တာဝန်ဝတ္တရားများကို သင်ကြားပို့ချရန်အတွက် နည်းလမ်း နှစ်လမ်းရှိလေသည်။ တစ်လမ်းမှာ အခြားဘာသာရပ်များကို သင်ကြားရင်း ပြည်သူ့နီတိကို အခွင့်ရတိုင်း ထည့်သွင်း သင်ကြားခြင်း ဖြစ်၍ အခြားတစ်လမ်းမှာ ပြည့်သူ့နီတိကို ဘာသာရပ်တစ်ရပ်အနေဖြင့် သင်ကြားပို့ချခြင်းပင် ဖြစ်၏။ ပထမနည်းလမ်း အရ နိုင်ငံသမိုင်းကို သင်ကြားရာ၌လည်းကောင်း၊ ဖတ်စာများကို သင်ကြားရာ၌လည်းကောင်း၊ ပြည်သူ့နီတိနှင့် ပတ်သက်သော အချက်အလက်များကို သွယ်ဝိုက်သော နည်းဖြင့် သင်ကြားပို့ချနိုင်ပေသည်။ ဒုထိယနည်းလမ်းအရ ပြည်သူ့နီတိကို ဘာသာရပ်တစ်ရပ်အနေဖြင့် တိုက်ရိုက်သင်ကြားရာတွင် ဆရာသည် အရေးအကြီးဆုံး ဖြစ်လေသည်။ ထိုသို့ သင်ကြားရာတွင် ပြည့်သူ့နီတိသည် ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော ဘာသာရပ်တစ်ရပ်အနေဖြင့် သမရိုးကျ နည်းစနစ်အတိုင်း သင်ကြားပါမူ အကျိုးရှိမည်မဟုတ်ပေ။ သို့ရာတွင် ကျောင်းသားသူငယ်များ စိတ်ပါဝင်စား လာစေကြရန် (ထွင်) ၍ သင်ကြားရန် အရေးကြီး၏။ ဥပမာ (အခွန်) နှင့် (အတုတ်) မည်သို့ ခြားနားကြောင်းကို ရှင်းလင်းပြောဆိုခြင်းထက် အခွန်တော်ကို မည်သည့်အတွက် ပေးဆောင်ကြရကြောင်းကို ဥပမာ ဥပမေယျများနှင့် ရှင်းလင်းပြောဆိုခြင်းသည် ပိုမိုထိရောက်၏။ ဥပဒေ ဘယ်နှစ်မျိုး ရှိသည်ကို ကျောင်းသားလူငယ်များအား အလွတ် ကျက်မှတ် စေခြင်းထက် ဥပဒေများကို အဘယ် ကြောင့် ပြုလုပ်ရသည်။ ဥပဒေများ ပြုလုပ်ထားရှိသည့်အတွက် တိုင်းသူ ပြည်သားများသည် မည်ကဲ့သို့ လူမှု လွတ်လပ်ရေး ရရှိသည်ကို စိတ်ဝင်စားအောင် ပြောဆိုရှင်းလင်းသင့်၏။ အချုပ်အားဖြင့် ဆိုသော် ပြည်သူ့နီတိကို သင်ကြားရခြင်းကြောင့် ကျောင်းသားသူငယ်များ၏ စိတ်တွင် တိုး၍ ရှိသိလိုသောစိတ်၊ အများနှင့် ဆက်ဆံလို သော စိတ်၊ တိုင်းပြည်လူထုအတွက် ဆောင်ရွက်လိုသော စိတ်များ ပေါ်ပေါက်လာရန် ဖန်တီးပေးရမည်။ လူ့အသင်းကြီးတွင် မိမိတို့လည်း အသင်းသားများဖြစ်ကြ၍ အသင်း၏ ကောင်းရာကောင်းကြောင်းအတွက် ဆောင်ရွက်လိုစိတ်များ တဖွားဖွား ပေါ်ပေါက်စေရမည်။

ဆရာ၊ ဆရာမများအထူးသတိပြုသင့်သော အချက်တချက်မှာ ကျောင်းသည် စာသင်ရာ ဌာနမျှသာ မဖြစ်သင့်ပေ။ ကျောင်းသည် အသင်းတစ်ခု၊ အစည်းအရုံးတစ်ခု လူ့လောကကလေးတစ်စုံဖြစ်စေရမည်။ ထို လူ့လောကလေးအတွင်း၌ ပါဝင်သူတို့သည် အတူတကွနေထိုင်ကြ၍ အတူတကွ သင်ကြားကြ၍ အတူတကွ ကစားကြ၍ အတူတကွ အပေးအယူပြုကြ၍ အတူတကွ အုပ်ချုပ်စီမံနိုင်ကြသော ဘဝကို တတ်နိုင်သမျှ ဖန်တီး ရပေမည်။ ထိုလူ့လောကကလေးမှ အလေ့အကျင့်များသည် တကယ့်လူ့လောကကြီးတွင် အထောက်အပံ့ဖြစ် စေရမည်။ တတ်နိုင်လျှင် ဆရာကမပြောဘဲနှင့် တာဝန်များ ဝတ္တရားများကို နားလည်လာကြရန် ဖန်တီးပေးရမည်။ လွတ်လပ်စွာ ပြောဆိုခြင်း၊ လွတ်လပ်စွာ ရေးသားခြင်းစသော လူ့အခွင့်အရေးများသည် အကွပ်အတိန်းမရှိသော ပစ္စလတ်ခတ် လွတ်လပ်ခြင်းမျိုးမဟုတ်ဘဲ အကွပ်အထိန်းရှိသော စနစ်တကျ လွတ်လပ်ခြင်းဖြစ်သည်ဟု သိရှိနားလည်လာကြရမည်။ ထို့ကြောင့် ပြည်သူ့နီတိကို သင်ကြားရာတွင် စာတွေ့ သင်ကြားခြင်းထက် ငါတွေ့သင်ကြားခြင်းသည် များစွာ ပိုမို၍ ခရီးရောက်ပေသည်။

အထက်တွင် ဖော်ပြခဲ့သော အချက်များမှာ ဒီမိုကရေစီ ပညာပေးရာတွင် အထောက်အပံ့ဖြစ်စေမည့် အကြံပေးချက်များသာဖြစ်ပေသည်။ အရွယ်ရောက်လာ၍ ဒီမိုကရေစီလောကတွင် ဝင်ရောက်ပါဝင်ရမည့် သူသည် ကျောင်းတွင် နေထိုင်စဉ်ကပင် ဒီမိုကရေစီ အလေ့အကျင့်များကို တတ်နိုင်သလောက် ကိုယ်ထိ လက်ရောက် ပါဝင်ဆောင်ရွက်ရန် အရေးကြီး၏။ ကျောင်းသားသူငယ်တို့သည် ကျောင်းတွင် ပညာသင်ကြားစဉ် ဆရာပြောသည်ကိုသာ မှတ်၊ ဆရာက ညွှန်ကြားသည်ကိုသာ လုပ်၍ မိမိကိုယ်တိုင် ထိုးထွင်းလုပ်ကိုင်ရမည့် အလုပ်၊ ထိုးထွင်းကြံစည်ရမည့် စိတ်ကူးများ ခေါင်းပါးခဲ့လျှင် ထိုသူသည် ကြီးပြင်းလာသော အခါ ဒီမိုကရေစီနိုင်ငံအတွက် အကျိုးများနိုင်မည့် လူစားမျိုးမဟုတ်နိုင်ပေ။ ထို့ကြောင့် ကျောင်း၌ ရှိနေစဉ် ထိုးထွင်း အလုပ်၊ ထိုးထွင်းဉာဏ်များကို တတ်အားသမျှ အသုံးချနိုင်သော အခွင့်အရေးများ ရှိရပေမည်။ ထိုသို့ ရှိရမည်ဟု ဆိုသဖြင့် ကျောင်းသား လောကသည် တကယ့် ဒီမိုကရေစီ လောက သာလျှင် ဖြစ်ရမည်ဟု ကျွန်ုပ်တို့ မဆိုလို ပေ။ ကျောင်းသားသည် ကျောင်းသားမျှသာ ဖြစ်၍ အရွယ်ရောက်ပြီးသော လူကြီးများ၏ အခြေခံပညာ၊ ကျယ်ဝန်းသော ဗဟုသုတများ မရှိ ရှာကြသေးချေ။ ထို့ကြောင့် လူကြီးများ လိုက်နာ ကျင့်သုံးရသော ဒီမိုကရေစီ အခွင့်အရေးမျိုးကို ကျောင်းသားသူငယ်များအား ကျပ်ပြည့်တင်းပြည့်ပေးအပ်ရန် မသင့်လျော်ပေ။ ကျောင်းတွင်း ဒီမိုကရေစီသည် အသက်အရွယ် အသိဉာဏ် ဗဟုသုတများနှင့် ကိုက်ညီအောင် အခြေခံထားသော ဒီမိုကရေစီ မျှသာ ဖြစ်သင့်ပေသည်။ ပြည်တွင်း ဒီမိုကရေစီသည် အရွယ်ရောက်ပြီး သူတို့သာ ပါဝင်ဆင်နွှဲကြရသဖြင့် ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဌာနများတွင် စိတ်တိုင်းကျ စီမံခန့်ခွဲနိုင်ကြသည်။ ကျောင်းတွင်း ဒီမိုကရေစီမှာမူကား ထိုဒီမိုကရေစီစံနစ်ကို ပုံသေကူးချ၍ မဖြစ်နိုင်ပေ။ ကျောင်းတွင်း ဒီမိုကရေစီ အောင်မြင်မှုအတွက် အရေးကြီးသော အချက်တစ်ရပ်ကို သတိပြုရပေမည်။ ထိုအချက်မှာ အခြားမဟုတ် ကျောင်းတွင်း ဒီမိုကရေစီ ကျင့်သုံးရမည့်သူများမှာ လူဦးရေများသော်လည်း ဆရာသည် ကျောင်းသားထက် အသိဉာဏ် ဗဟုသုတ စသည့် အရည်အချင်းများ ပိုမိုပေသည်။ ထိုအချက်ကို သတိပြုလျက် အခြေအနေနှင် သင့်လျော်အောင် ဒီမိုကရေစီကို ကိုယ်တွေ့ကျင့်သုံးနိုင်ကြရန် အရေးကြီးလှပေသည်။