မြန်မာ့စီးပွားရေး တက်နေလား ကျနေလား?
ကမ္ဘာ့ဘဏ်လို နိုင်ငံတကာအဖွဲ့အစည်းတွေက ကောက်လို့ ရတဲ့ စာရင်းအင်း အချက်အလက်တွေ ပေါ်မူတည်ပြီး မြန်မာ့စီးပွားရေး 6% 7% နဲ့တိုးတက်တယ် လို့ ပြောပါတယ်။ အစိုးရကလည်း စီးပွားရေးတက်နေတယ်လို့ အခိုင်အမာပြောနေပါတယ်။
ဒါပေမဲ့ MMRD ကုမ္ပဏီက ပြည်တွင်း လုပ်ငန်းရှင်တွေကို လေ့လာပြီးတော့ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ဆက်တိုက်ကျနေတယ်လို့ ပြောကြပါတယ်။
ဘယ်ဟာမှန်သလဲ။ ?
My comment:
တိုင်းကြတဲ့ ပေတံ မတူလို့ပါ။
နိုင်ငံတကာ အဖွဲ့အစည်းတွေက နိုင်ငံတခုရဲ့ စီးပွားရေးတိုးတက်လား မတိုးတက်လားဆိုတာကို တိုင်းတာတဲ့ အချက်တွေရှိပါတယ်။
GDP, Export, Import, Purchasing power. ကုန်သွယ်ရေးလိုငွေ စတဲ့ အချက်တွေပေါ်မူတည်ပြီး တိုင်းတာပါ။
အဲဒီအဖွဲ့အစည်းတွေ ပြောတာက macroeconomy တစ်နိုင်ငံဆိုင်ရာ စီးပွားရေး အခြေအနေကို ပြောတာပါ။
မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေက ပြောတာက microeconomy တဦးချင်းစီ စီးပွားရေး ကောင်းတာ မကောင်းတာကို ပြောတာပါ။
မြန်မာနိုင်ငံသား လုပ်ငန်းရှင် အများစု အနေနဲ့စီးပွားရေး လုပ်ငန်းတွေတော့ မကောင်းတာအမှန်ပါ။
ဒါ ဘယ်လိုမှ ငြင်းလို့ မရပါဘူး။
မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်နေပေမဲ့ မြန်မာနိုင်ငံက ပြည်တွင်းလုပ်ငန်းရှင်များရဲ့ စီးပွားရေးလုပ်ငန်းတွေကျဆင်းနေတယ်လို့ပြောရမှာပါ။
ဒီတော့ ပြည်တွင်း လုပ်ငန်းရှင်အများစုရဲ့ လုပ်ငန်းကျနေပြီး နိုင်ငံရဲ့ စီးပွားရေးတက်နေတာ မဖြစ်နိုင်ဘူး။
နိုင်ငံတကာ အဖွဲ့အစည်းတွေ မှားပြီး တွက်ချက်ကြတာလို့ ယူဆလိုက်ရင် အဲဒီ ပြည်တွင်းလုပ်ငန်းရှင် နောက် နှစ်အနည်းငယ်အတွင်းမှာ လုပ်ငန်းပြုတ်နေပါပြီ။
လုပ်ငန်းရှင် မဟုတ်တော့ပါဘူး။ တကယ်ဖြစ်နေတာက ဒီလိုပါ။
အခုနှစ်ပိုင်း ငါးနှစ်အတွင်း မြန်မာပြည်မှာ လာပြီး အလုပ်လုပ်တဲ့ နိုင်ငံခြား ကုမ္ပဏီ လေးငါးထောင် လာက်ရှိနေပါပြီ။
တချို့လုပ်ငန်းက ဝန်ထမ်း ဆယ်ဂဏန်း တချို့က ငါးထောင် တသောင်း လောက်ရှိပါတယ်။
စာရင်းအသေအချာကောက်ထားတာ မရှိပေမဲ့ အကြမ်းအားဖြင့် လူ တသန်း နှစ်သန်းကြားလောက် အလုပ်ခန့်ထားတာပါ။
အရင်းအနှီး အများဆုံးမြုပ်နှံပြီး နိုင်ငံခြားထုတ်ကုန်တန်ဖိုး အများဆုံးက ရေနံဓာတ်ငွေ့ပါ။
လူသိအများဆုံးနဲ့ နိုင်ငံသားအများဆုံးသုံးဖြစ်တာက Telenol, Oredoo တို့လို telecommunication လုပ်ငန်းတွေပါ။
Coca Cola, KFC, Starbuck တို့လို အမေရိကန် ကုမ္ပဏီတွေပါလာသလို CP, Hwawai, Grab, ZTE တို့လို
ကမ္ဘာ့အဆင်မှီ အိမ်နီးချင်းနိုင်ငံက ကုမ္ပဏီတွေလည်း ပါလာပါတယ်။
အဲဒီ ကုမ္ပဏီတွေက အလုပ်အကိုင် သိပ်မဖန်းတီးပေးနိုင်ပေမဲ့ ကုမ္ပဏီအကြီးတွေက အလုပ်ခေါ်ရင် လုပ်ခလစာ မြင့်မြင့်ပေးပြီးခေါ်တတ်ပါတယ်။
အင်ဂျင်နီယာကျောင်းဆင်းတော်တော်များများဟာ စင်္ကာပူလစာကို မရှံုံးလောက်အောင်ရကြပါတယ်။
GDP တမျိုးသားလုံး ထွက်ကုန်ပမာဏမှာ အချိုးအစာ းတော်တော်များများ ပါဝင်နေပြီး နိုင်ငံစီးပွားရေးတိုးတက်နေတယ် ဆိုတဲ့ ပုံရိပ်ထွက်စေတာပါ။
အခု ၂၀၁၈ ခုနှစ် မြန်မာ့ သမိုင်းတလျောက်မှာ ကုန်သွယ်မူ export impory ပမာဏ အမြင့်မားဆုံး ဖြစ်လောက်အောင် မြင့်တက်လာတာ FDI နိုင်ငံခြားရင်းနှီးမြုပ်နှံမူကြောင့်ဆိုတာ ငြင်းလို့မရပါဘူး။
မြန်မာစီးပွားရေးကို အင်ဂျင် အသစ်နဲ့ မောင်းနှင်နေတယ်ဆိုတာ အမှန်ပါ။
ဒါတောင် ရခိုင် အရေးအခင်းကြောင့် ရင်းနှီးမြုပ်နှံမူ အရှိန်ကျသွားလိုပါ။
နိုင်ငံခြားကုမ္ပဏီ အများစုက အောက်ခြေအလုပ်သမားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း သိပ်မဖန်တီးပေးတဲ့အတွက် ဓနခွဲဝေမူသေချာ မရှိသေးတဲ့အပြင် ကုမ္ပဏီအများစုဟာ အခွန်ကင်းလွတ်ခွင့်ကာလမှာဘဲရှိနေတဲ့အတွက် အခွန်ငွေလဲမရသေးပါ။
ယှဉ်ပြိုင်ခံရတဲ့ မြန်မာ လုပ်ငန်းရှင်တွေတော့ လုပ်ငန်းပြုတ်လုပြုတ်ခင် ဖြစ်နေပါပြီ။
မြန်မာလုပ်ငန်းရှင်များ လုပ်ငန်းမကောင်းလို့ကျရှုံးရခြင်းရဲ့ အကြောင်းရင်းများ
၁။ နည်းပညာ နိမ့်ကျခြင်း
မြန်မာလုပ်ငန်းရှင် အများစု လုပ်ကြတာက စားသောက်ကုန်ထုတ်လုပ်ခြင်း အများစုဖြစ်ပြီး နည်းပညာအဆင့်နိမ့်ကြပါတယ်။
နောက်ပြီး ထုတ်ကုန်အဆင့် သိပ်မများတဲ့ လုပ်ငန်းတွေဘဲ လုပ်နိုင်ပါတယ်။
အခု AFTA ဖြစ်သွားတော့ အိမ်နီးချင်းနိုင်ငံက သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို ဘယ်လိုမှ ယှဉ်ပြိုင်နိုင်တာ မရှိပါဘူး။
ပြည်တွင်း စက်ရုံ အများစုက စက်အဟောင်းတွေ အများကြီးစုမိသွားပြီး သံတိုသံစအနေနဲ့ရောင်းစားရမဲ့ အဆင့်ဖြစ်နေပါပြီ။
ဥပမာ ဆီစက်ဆိုပါတော့ အကုန်နီးပါးရပ်နေပါပြီ။
ရေခဲစက်ဆို ပြုတ်တာကြာပါပြီ။
မြန်မာပြည်ထုတ် ၈၁/၄" နှစ်လုံးထိုး ကွန်ပလပ်စာ ဆိုတာ နာမည်ကြီးပါ။
ဂျပန်တယောက်ကို ပြပြီး ဒါကို မြန်မာပြည်က ထုတ်တာလို့ ပြောတော့ အရမ်း အံ့သြသွားပါတယ်။
ရုတ်တရက် အထင်ကြီးပြီး အံ့သြတာလို့ထင်ခဲ့ပေမဲ့ သူက အဲလို efficient မဖြစ်တဲ့ compressor ကို တကမ္ဘာလုံး မသုံးတာကြာပြီ။
စွမ်းရည်ပိုကောင်းတဲ့ ၃" ၆ လုံးထိုး compressor တွေဘဲသုံးတော့တယ် လို့ပြောလိုက်တော့မှ ကိုယ့်ကို သနားပြီး အံ့သြသွားမှန်းသိလိုက်ရပါတယ်။
တခြားလုပ်ငန်းတော်တော်များများမှာလဲ ဒီအတိုင်းပါဘဲ။
၂။ အကြံအဖန် လုပ်ကြလို့ပါ။
ဓာတ်ပုံမှာပါတဲ့ အုတ်က မြန်မာလုပ်ငန်းရှင် ဖုတ်ထားတဲ့အုတ်နဲ့ FDI ကြောင့် အခုတလော တနိုင်တပိုင်လာဖုတ်တဲ့ စျေးကွက်ထဲမှာ လေးပေါင်အုတ်လို့ ခေါ်တဲ့အုတ်တို့ပါ။
မြန်မာလုပ်ငန်းရှင်ဖုတ်တဲ့အုတ်က အခုရက်ပိုင်း မိုးသုံးလေးရက်ရွှာတော့ အရည်ပျော်သွားပါတယ်။
FDI အုတ်ကတော့ နဂိုအကောင်းအတိုင်းကျန်နေပါတယ်။
မြန်မာအုတ်ကို အုတ်ပုံစံရိုက်တော့ မြေနီဆိုးပြီး ထင်းနဲ့ဖုတ်ပါတယ် ထင်းအကုန်သက်သာအောင် အကာလောက်ကျက်တာနဲ့ မီးထိုးတာရပ်လိုက်ပါတယ်။
လာပို့ရင် အုတ်ပွဲစားက တဆင့်လာပို့ပြီး အလုံးရေခိုးပါတယ်။
FDI တွေက ဒါကို ချက်ချင်း သတိထားမိသွားပါတယ်။
သူတို့က မြေစေးလုပ်ပြီး ကျော်မီးသွေးမှုန့်ဝယ်ပြီး ရောလိုက်ပါတယ်။
လျပ်စစ်နဲ့ ဖုတ်ပြီး အရည်အသွေးက နိုင်ငံတကာက အုတ်တွေလို ကောင်းလာပါတယ်။
လာပို့ရင် အရေအတွက် အပြည့်အပြင် အပို ၄ ၅ ၁၀ လုံးပါလာတတ်ပါတယ်။
ဒါဟာ FDI တွေ ဝင်လာတော့ ချက်ချင်းအောင်မြင်သွားပြီး မြန်မာလုပ်ငန်းရှင်တွေ ချက်ချင်းကျရှုံးသွားတဲ့ အကြောင်းရင်းတခုပါ။
၃။ အမျှော်အမြင် မရှိလို့ပါ။
ရေတို အကျိုးအမြတ်ကိုဘဲကြည့်ပြီး လုပ်ကြပါတယ်။ မျက်တောင်တဆုံးဘဲကြည့်ကြပါတယ်။ မျက်စိတဆုံး မကြည့်ကြပါဘူး။
နိုင်ငံတကာမှာ လုပ်ငန်းအောင်မြင်မူကို comsumer ဘယ်လောက်များများရဲ့ အကျိုးကို သယ်ပိုးနိုင်ကောင်းမလဲ ဆိုတာကို တိုင်းတာပေမဲ့ မြန်မာလုပ်ငန်းရှင်တွေက ရေတိုအမြတ်ဘဲကြည့်တာပါ။
အခု နိုင်ငံခြားထွက်လည်ကြ ရှော့ပင်းထွက်ကြ ဆေးထွက်ကုကြ ကျောင်းသွားတက်ကြပေမဲ့ စက်ရုံလေ့လာရေး လုပ်ငန်းလေ့လာရေး လုပ်ငန်းရှင်တွေ့ဆုံပွဲ business matching တွေ စီးပွားရေး seminar တွေ သွားတက်ကြတဲ့သူ အတော်နည်းပါသေးတယ်။
နိုင်ငံခြားထွက်တာ အရသာပြီး ကြွားဖို့လောက်ဘဲ ဖြစ်နေတာပါ။ စဉ်ဆက်မပြတ် သင်ယူလေ့လာနေရမယ်ဆိုတာ သတိမထားမိကြပါဘူး။
ဒါနဲ့ မြန်မာပြည်ကနေ နိုင်ငံခြားသွားလည်ကြတဲ့ မြန်မာပြည်ကလူတွေက ဘာစီးပွားရေးလုပ်ပြီး အောင်မြင်နိုင်မလဲ ဆိုတာ သတိမထားမိကြပါဘူး။
ဒါပေမဲ့ မြန်မာပြည်ရောက်လာတဲ့ နိုင်ငံခြားသားတွေက မြန်မာပြည်မှာ ဘာစီးပွားရေးလုပ်ပြီးအောင်မြင်နိုင်မလဲဆိုတာ ချက်ချင်း သတိထားမိကြပြီး မြန်မာလုပ်ငန်းရှင်တွေထက် အရေအသွေးပိုကောင်းအောင် လုပ်လိုက်ကြတာပါ။
ဒါအပြင် မြန်မာလုပ်ငန်းရှင်တွေက ဘာသာစကားကျွမ်းကျင်အောင် လေ့လာဖို့ လိုတာလဲသတိမပြုမိကြပါဘူး။ အထူးသဖြင် စီးပွာရေးလုပ်ပြီးအောင်မြင်ဖို့ တရုတ်ဘာသာ စကား တတ်ဖို့ လိုတယ်ဆိုတာ သိပ်သတိမထားမိသေးလို့ပါ။
၄။ အလုပ်သမားတွေ မကောင်းလို့ပါ။
ပညာတတ် မြန်မာလူငယ်လေးတွေကိုတော့ မြန်မာပြည်ရောက်နေတဲ့ နိုင်ငံခြားကုမ္ပဏီ FDI တွေက လစာကောင်းကောင်းပေးပြီး ခေါ်သွားလို့ ကုန်နေပါပြီ။
ပညာတတ်ဖြစ်ရင် အတွေ့အကြုံ သိပ်မရှိသေးတဲ့ လူတွေဘဲ မြန်မာလုပ်ငန်းရှင်တွေ ခေါ်နိုင်တော့တာပါ။
အသစ်ခေါ်သင်ပေးလိုက် လူရည်လည်သွားရင် နိုင်ငံခြားကုမ္ပဏီ ရောက်သွားလိုက်ဖြစ်နေတာပါ။
ပြည်တွင်းလုပ်ငန်းရှင်တွေခေါ်လို့ရတဲ့ ဝန်ထမ်းတွေ ခိုကြတာ ခိုးကြတာ ထုံးစံလိုဖြစ်နေပါပြီ။
၅။ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ကူးမရှိကြတာပါ။
ပြည်တွင်းက လုပ်ငန်းရှင်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ အားနည်းတဲ့အပြင် နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း အားနည်းတတ်ပါတယ်။
မြန်မာလုပ်ငန်းရှင် အများစု စဉ်းစားကြတာက နိုင်ငံခြားကုမ္ပဏီ ဝါးမျိုသွားမှာ စိုးရိမ်ကြတာပါ။ ထူးထူးခြားခြား တွေးနည်းနဲ့ ကန့်ကွက်တာလည်း ရှိပါတယ်။
မြန်မာ့ ဂီတပညာရှင်နဲ့ နိုင်ငံခြားဂီတပညာရှင်တွေ ပူးပေါင်းလုပ်ဆောင်တော့ မြန်မာ့ တူရိယာနဲ့ နိုင်ငံခြားတူရိယာတွေ ပေါင်းစပ် တီးခတ်တာမျိုးကို မြန်မာ့ ဂီတ ပျောက်ကွယ်သွားမှာ စိုးလို့ ဆိုပြီး ကန့်ကွက်တာမျိုးပါ။
မြန်မာ့ တူရိယာတွေက နိုင်ငံတကာကို ပြန့်နှံသွားပြီး ကမ္ဘာကို လွမ်းမိုးသွားနိုင်တာမျိုးလဲ ဖြစ်နိုင်တယ်
ဆိုတာမျိုး မတွေးကြပါဘူး။
နမူနာ ပြောရရင် ထိုင်းအစားအစာက နိုင်ငံတကာကလူတွေစားလို့ အဆင်ပြေအောင် နိုင်ငံတကာအစားအစာတွေနဲ့ ပေါင်းပြီး ကပြားဟင်းလုပ်ထားတာပါ။ အခု တကမ္ဘာလုံး ပြန့်နှံနေပါပြီ။
နိုင်ငံတကာကလူတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး လိုသလို ညှိနှိုင်းမူ မရှိရင် မြန်မာ့ ယဉ်ကျေးမူဘဲဖြစ်ဖြစ် မြန်မာ့စီးပွားဘဲဖြစ်ဖြစ် မြန်မာလူမျိုးဘဲဖြစ်ဖြစ် တွင်ကျယ်နိုင်တဲ့ ဂွင် တဖြေးဖြေးကျဉ်းမြောင်းလာပြီး ကြာရင် ပျောက်ကွယ်သွားမှာပါ။
၆။ လုပ်ငန်းရှင်တွေ ကြံဖန်ငြင်းခုန်နေလို့ပါ။
မြန်မာတွေ တဦးချင်း တော်ကြပါတယ်။ တကမ္ဘာလုံးက လူတွေနဲ့ ယှဉ်ပြိုင်နိုင်ကြပါတယ်။
ဒါပေမဲ့ လေးငါးဦးလောက် ပေါင်းပြီး တခုခု လုပ်ရင်တော့ တကမ္ဘာလုံးကလူတွေရဲ့ နောက်ဆုံးနီးပါးကို ရောက်သွားတတ်ပါတယ်။ တယောက်နဲ့တယောက် ရှာကြံအပြစ်ပြော ဆရာလုပ်နေကြလို့ပါ။
လုပ်ငန်းရှင်တွေလည်း ဒီအတိုင်းပါဘဲ။ ပိုက်ဆံသာ ချမ်းသာတာပါ။ စိတ်ဓာတ်ဆင်းရဲတတ်ပါတယ်။
၇။ လျှပ်စစ်မီး မရလိုပါ။
ဒါတော့ အမှန်ပါ။ လိုသလောက် မရတဲ့အပြင် မကြာမကြာမီးပြတ်တတ်ပါတယ်။ လာတဲ့ လျပ်စစ်မီးကလဲ မီးအား voltage ကျတတ်ပါတယ်။
တချို့နေရာမှာ စက်တွေလည်ဖို့ မရလောက်အောင် ကျတတ်ပါတယ်။
အဲဒါရဲ့ နောက်ဆက်တွဲက တူညီတဲ့ ဝန်အားကို လုပ်နိုင်အောင် မီးပိုစားတယ်။ ampere တက်ပါတယ်။
အဲဒါ သွယ်ထားတဲ့ မီးကြိုးတွေ လျပ်စစ်ပစ္စည်းတွေ လောင်တတ်ပါတယ်။ မီးအားမြင့်စက်သုံးတော့ ကုန်ကျစရိတ်ပိုကုန်ပါတယ်။
ဒါနဲ့ နိုင်ငံခြားက ထုတ်ကုန်တွေကို ပြိုင်ထုတ်ဖို့ လျှပ်စစ်များများသုံးမဲ့ လုပ်ငန်းတွေ မလုပ်နိုင်တော့ပါဘူး။
၈။ လုပ်ငန်းလုပ်လို့ ခက်အောင် အစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေ ခက်လို့ပါ။
မူဝါဒ မကြာခဏပြောင်းတတ်လို့ပါ။
အခုတော့ လုပ်ထုံးလုပ်နည်းတွေ အတော် ဖြေလျော့ပေးပြီးနေပါပြီ။ ဒါပေမဲ့ ထပ်လျော့ဖို့ လိုတဲ့အပြင် လျှော့လွန်းလို့ စည်းမဲ့ ကမ်းမဲ့ လုပ်တာမျိုးတွေ ဥပဒေဘောင် အပြင်က လုပ်တာတွေကို ထိန်းသိမ်းဖို့ လိုလာပါတော့မယ်။
၉။ တရားဥပဒေ စိုးမိုးဖို့ rule of law လိုပါတယ်။
အခု မြန်မာနိုင်ငံကနေ နိုင်ငံခြားထွက်လည်တဲ့သူ တနှစ်ကို သုံးသန်းလောက်ရှိပါတယ်။ ထိုင်းတနိုင်ငံထဲကို သုံးသိန်းကျော် သွားလည်ပါတယ်။
နိုင်ငံခြားထွက်အလုပ်လုပ်တဲ့သူတွေ လေးငါးသန်းလောက်ရှိနေနိုင်ပါတယ်။ အဲဒီ မြန်မာနိုင်ငံသားတိုင်း တခြားနိုင်ငံရောက်သွားရင် အခွန်ဆောင်ဖို့ လိုရင် ဆောင်ပါတယ်။
စည်းကမ်းတွေလဲလိုက်နာကြပါတယ်။ အမှိုက်လည်း စနစ်တကျပစ်ပါတယ်။ ကွမ်းတံထွေးတွေလည်း လျောက်မထွေးကြပါဘူး။
အလုပ်ချိန်လည်း မနောက်ကျပါဘူး။ ခိုကပ်ပြီးလည်း မလုပ်ကြပါဘူး။ တယောက်နဲ့တယောက်လည်း ကူညီတတ်ကြပါတယ်။ ဒါပေမဲ့ မြန်မာပြည်ပြန်ရောက်တော့ အခွန်လည်း မဆောင်ပါဘူး။ စည်းကမ်းလည်း မလိုက်နာတော့ပါဘူး။ အမှိုက်လည်း စနစ်တကျ မပစ်တော့ပါဘူး။ ကွမ်းတံထွေးလည်း ထွေးချင်ရာထွေးပါတယ်။ အလုပ်ချိန်လည်း အမြဲနောက်ကျပါတယ်။ အလုပ်မှာလည်း ခိုကပ်တတ်ကြပါတယ်။
တယောက်နဲ့တယောက်လည်း ပုတ်ခတ်တိုက်ခိုက်နေတတ်ပါတယ်။ လူကတော့ ဒီလူတွေပါဘဲ။
နိုင်ငံခြားမှာတော့ ဥပဒေချိုးဖောက်ရင် ထိထိရောက်ရောက် အရေးယူပါတယ်။ ဒီတော့ စည်းကမ်း ဥပဒေလိုက်နာကြပါတယ်။မြန်မာပြည်ပြန်တော့ ဥပဒေချိုးဖောက်တာမျိုးကို မသိကျိုးနွံပြုထားတယ်။
တရားဥပဒေ စိုးမိုးမူ မရှိဘူးဆိုပါတော့။ ဒါနဲ့ လူတွေနေချင်သလို နေလာကြတယ်။ ပြီးတော့ ပြည်သူတွေ စီးပွားရေး အဆင်ပြေအောင် အစိုးရက စီစဉ်ပေးရမယ်။ အစိုးရမှာ တာဝန်ရှိတယ် လို့ ပြောလာတယ်။ နိုင်ငံအတွက် တာဝန်မဲ့လွန်းပါတယ်။
ကြားဘူးတာက ဂျပန်ခေတ်တုန်းက ခိုးတာ ဝှက်တာ လိမ်တာ မရှိကြဘူးလို့ လူကြီးတွေ ပြောကြတာပါ။ ခိုးတဲ့ဝှက်တဲ့ ကလိမ်ကကျစ်လုပ်တဲ့သူတွေကို လက်သဲခွံခွာတာမျိုး လုပ်ခဲ့လို့ပါ။ မြန်မာနိုင်ငံကို စင်္ကာပူလို ကြီးပွားတိုးတက်တာမျိုး ဖြစ်စေချင်ရင် ဥပဒေ စည်းကမ်းထိန်းတာမျိုး တင်းတင်းကြပ်ကြပ်လုပ်သင့်ပါတယ်။
ဥပမာ စင်္ကာပူကလို ကြိမ်ဒဏ်မျိုးပေးပြီး စင်္ကာပူက ကြိမ်ဒဏ်ပေးတဲ့သူတွေဖိတ်ပြီး ဘယ်လို ရိုက်လဲဆိုတာ ဗီဒီယိုရိုက်ပြီး တနိုင်ငံလုံးပြသင့်တာပါ။ စည်းမဲ့ကမ်းမဲ့ လုပ်တာ လွန်နေပါပြီ။ အဲဒီလို စည်းမဲ့ကမ်းမဲ့နေလာသူတွေကို အလုပ်ခန့်ရပြီး အပြစ်တခုခု ကျူးလွန်လို့ အလုပ်ထုတ်ရင် အလုပ်ထုတ်ခဲ့ရင် အလုပ်သမားအဖွဲ့အစည်းတွေက ကာကွယ်တတ်ပါတယ်။
အစိုးရကလည်း အောက်ခြေ ဆင်းရဲသားတွေကို လူလူချင်းစာနာထောက်ထားရမယ်လို့ ယူဆပါတယ်။ ဒါနဲ့ ပြည်တွင်း လုပ်ငန်းရှင်အများစု လုပ်ငန်းပြုတ်ကြတာပါ။
၁၀။ အရင်းအနှီး ရဖို့ခက်တာပါ။
လုပ်ငန်းရှင်တော်တော်များများ ပြောကြပါတယ်။ ဒါပေမဲ့ ပိုက်ဆံက လုပ်ငန်းအောင်မြင်ဖို့ လိုတဲ့ အချက်အများကြီးထဲက တခုပါ။ ရဖို့ခက်တာလဲအမှန်ပါ။ လူတိုင်း ငွေအရင်းအနှီးရှာဖို့ အချိန်ကုန် အလုပ်မဖြစ်တဲ့အချိန်မှာ ကိုယ်ဖာသာ ကိုယ်မေးသင့်တာက ပိုက်ဆံရှိရင် တကယ်အလုပ်ဖြစ်အောင် လုပ်နိုင်မလား ဆိုတာပါ။
ဒါ့အပြင်လုပ်ငန်းရှင်တွေအားလုံး လိုအပ်တဲ့ အရင်းအနှီးတွေရနေရင် ပြိုင်ဆိုင်မူများပြီး အမြတ်ရဖို့ ထင်ထားသလို လွယ်မှာ မဟုတ်ဘူးဆိုတာ သတိထားသင့်ပါတယ်။
နိုင်ငံခြားက FDI တွေက လုပ်ငန်းတိုင်း ချေးငွေရတာချင်းတူတဲ့ သူတို့နိုင်ငံမှာ ပြိုလုပ်ဖို့ခက်လို့ အရင်းအနှီးရဖို့ခက်တဲ့ မြန်မာနိုင်ငံကို စွန့်စားပြီး လာလုပ်ကြတာပါ။ ဒါကြောင့် လုပ်ငန်းရှင်တွေက အမြတ်တကယ်လိုချင်ရင် ချေးငွေရဖို့ ခက်တာကို ကုန်းအော်နေဖို့ထက် ကိုယ့်မှာရှိတဲ့ငွေပမာဏနဲ့ ကိုက်တဲ့ ဘာလုပ်ငန်းကို ဘယ်နယ်ပယ် ဘယ်နယ်မှာ ရှာလုပ်ရမလဲဆိုတာပါ။ ပိုက်ဆံရမဲ့ လုပ်ငန်း အရင်လုပ်ပါ။ ရလာတော့မှ ကိုယ် လုပ်ချင်တာလုပ်ပါ။
၁၁။ ဘဏ်တိုးများတာပါ။
ပြည်တွင်းက အတိုးများများပေးရတာ တူတဲ့လူချင်းပြိုင်ရင် ကိစ္စမရှိပေမဲ့ အခုလို အတိုးနည်းတဲ့ နိုင်ငံခြားသား
လုပ်ငန်းရှင်တွေနဲ့ ပြိုင်ရတာ မလွယ်ပါဘူး။ ဘာလုပ်ရင်ကောင်းမလဲ။ .
ဖြစ်တာက အရင် အစိုးရအဆက်ဆက်က ဖြစ်ခဲ့ပြီး နှစ်ရှည်လများ ဖြစ်ခဲ့နေတာတွေဆိုတော့ အချိန်ယူပြီး ပြုပြင်တည်ဆောက်ဖို့လိုနေပါတယ်။
MBA classmate Dr Tin Sein