Catwidget1

Arts

တရုတ်တွေ လာနေပြီ


ဟိုတယ်ကြီး၊ခန်းမကြီး၊အထပ်မြင့်တိုက်ကြီးတွေဆောက်တဲ့၊ လမ်းမကြီးတွေဖောက်တဲ့ လုပ်ငန်းခွင် အချို့မှာ တရုတ်အလုပ်သမားတွေနဲ့ အလုပ်လုပ်နေကြတာ တွေ့နေရပါပြီ။ ဒီလိုလုပ်ငန်းခွင်တွေရဲ့ ကန်ထရိုက်က တရုတ်နဲ့ နွှယ်သူတွေဖြစ်တယ်။ တရုတ်အလုပ်သမားဆိုရာမှာ အောက်ခြေသိမ်း အကြမ်းသမားကအစ ကြီးကြပ်သူ အလုပ်သမားခေါင်းအထိ ပြည်ကြီးက တရုတ်တွေဖြစ်နေတာများတယ်။ လေ့လာသိရှိရသလောက် တရားမဝင်မဟုတ်၊ တရားဝင်လာလုပ်ကြတာ။

မြန်မာနိုင်ငံက အလုပ်ကြမ်း လုပ်ငန်းအချို့မှာ ပြည်ကြီးက တရုတ်အလုပ်သမားတွေ လာ လုပ်နေကြပြီ။ တရုတ် တရုတ်ချင်း တရုတ်စကားနဲ့ ပြောဆိုညွှန်ကြား ရတာ အဆင်ပြေလို့ ကြီးကြပ်အုပ် ချုပ်သူတွေကလည်း တရုတ်တွေ ပါပဲ။

ဒီကိစ္စကို ဂုဏ်ယူစရာဘက် က စဉ်းစားရင်တော့ မြန်မာနိုင်ငံ က အလုပ်အကိုင်တွေ ကြွယ်ဝလို့ တရုတ်ပြည်ကြီးဘက်ကတောင် အလုပ်လာလုပ်ကြရတယ်ပေါ့။ ‘ရွှေ’တွေ မလေးရှား၊ စင်ကာပူ၊ ထိုင်းနိုင်ငံတွေထွက်ပြီး 3D လို့ခေါ်တဲ့ ခက်ခဲကြမ်းတမ်းတဲ့အလုပ် (Difficult)၊ အန္တရာယ်မကင်းတဲ့ အလုပ် (Dangerous)၊ ညစ်ပတ် ပေကျံတဲ့အလုပ် (Dirty) မျိုးတွေ လုပ်ကြသလို တရုတ်တွေက မြန်မာပြည်ကို အလုပ်ကြမ်းလာ လုပ်တယ်ပေါ့။

ခက်ခဲကြမ်းတမ်းတဲ့အလုပ် ကို ပြည်ပက လာလုပ်ကြတာ မှန် ပေမယ့် သဘာဝချင်းတော့ ကွာတယ်။ 

စင်ကာပူနိုင်ငံက နိုင်ငံခြား သားအလုပ်သမား (အဆင့်အ တန်းပေါင်းစုံ၊ အလုပ်ကြမ်းက အစ အင်ဂျင်နီယာအဆုံး) လက်ခံ ပြီး အလုပ်လုပ်ခွင့်ပေးတာနဲ့ပတ် သက်ပြီး ဘက်ပေါင်းစုံ၊ ရှုထောင့် ပေါင်းစုံက အမြင်အမျိုးစုံ ပြောကြ တာတွေရှိတယ်။ နိုင်ငံခြားသား အလုပ်သမားလျှော့ချဖို့ ပြောကြ တဲ့အသံတွေလည်း ကြားရတယ်။ စင်ကာပူကို တည်ထောင်တဲ့ မစ္စ တာလီကွမ်ယုကို စင်ကာပူစထ ရိတ်တိုင်းမ်သတင်းထောက်က ဒီ ကိစ္စအင်တာဗျူးမေးခွန်းထုတ်ဖူး တယ်။

မစ္စတာလီကွမ်ယုက ‘နိုင်ငံ ခြားအလုပ်သမားတွေကို ဝင်ခွင့် ပြုပြီး အလုပ်လုပ်တာက တွက် ခြေပိုကိုက်ပြီးတော့လည်း ထိ ရောက်တယ်’ လို့ ပြောတယ်။ ‘Work Permit အလုပ်သမားတွေ ကို ဝင်ခွင့်မပြုဘဲ စင်ကာပူဟာ လက်ရှိအနေအထားကို ရောက် နေလိမ့်မယ်လို့ မင်းထင်သလား’ ဆိုပြီး မေးခွန်းလည်း ပြန်ထုတ် တယ်။ နိုင်ငံရေးသမားအချို့က နိုင်ငံခြားအလုပ်သမားတွေ လျှော့ ချပစ်ဖို့ကိစ္စနဲ့ မဲဆွယ်တယ်။ ခပ် တိမ်တိမ် နိုင်ငံသားမဲဆန္ဒရှင်တွေ ကလည်း ဒါမျိုးကို ကြိုက်တတ် တယ်။ အမြော်အမြင်ကြီးတဲ့ မစ္စ တာလီကွမ်ယုကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့သဘောထားကို ‘ရွေးကောက်ပွဲ နိုင်ရုံလောက်နဲ့ တော့ ဘာလုပ်မှာတုံး။ လွှင့်သာ ပစ်လိုက်တော့’ဆိုပြီး ဘွင်းဘွင်း ပြောတယ်။ စင်ကာပူက နိုင်ငံခြား ကလာလုပ်တဲ့ အလုပ်သမားတွေ ကြောင့် တိုးတက်ပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်အ လုပ်သမားတွေလာပြီး အလုပ်လုပ်တဲ့အတွက် ဘာအကျိုးရှိသလဲ။ စင်ကာပူလို တိုးတက်မှုတွေ ခံစား ရမှာလား (ကျွန်တော်တို့ အမှန် ကို လက်ခံနိုင်စွမ်းရှိတဲ့အမြင်မျိုးနဲ့ သုံးသပ်ရအောင်)။ တရုတ် အလုပ်သမားတွေက လက်ရာပိုပြီးသေ သပ်ကောင်းမွန်တယ်။ မြန်မြန်ပြီး တယ်။ ဒီနှစ်ခုစလုံးကို အလုပ်အပ် နှံမယ့်သူက သဘောကျတယ်။ တရုတ်ပြည်က လာလုပ်တာမို့ လုပ်ခလည်း ကောင်းကောင်းပေး ရတယ်။ အလုပ်သမားခ ဈေးကြီး တယ်လို့ အချို့က ပြောတယ်။ (ဒီ ကိစ္စ နောက်ပိုင်းမှာ ဆွေးနွေးပါ မယ်)

လက်ရာပိုသေသပ်တာက တော့ သူတို့က လုပ်နေကျမို့ ကျွမ်း ကျင်တာရယ်၊ အသုံးပြုတဲ့ ခေတ် မီအသုံးအဆောင် လက်နက်ကိရိ ယာတွေရယ်ကြောင့်လည်း တစ် ကြောင်းပါဝင်တယ်။ 

မြန်မြန် ဘာကြောင့်ပြီးတာ လဲ (ကျွန်တော်တို့ အမှန်ကို လက်ခံနိုင်စွမ်းရှိတဲ့ အမြင်မျိုးနဲ့ကြည့်ရ အောင်)။ တရုတ်အလုပ်သမား တွေက အလုပ်ဆင်းချိန်စောတယ်။ ကျွန်တော့်မိတ်ဆွေတစ်ယောက် ရဲ့ အိမ်အနီးမှာ အထပ်မြင့်တိုက် ကြီးတစ်ဆောင် ဆောက်နေတာ။ မနက် ၅ နာရီ ၃၀ မိနစ်ဆိုရင် အလုပ်သမတွေ၊ အလုပ်သမားတွေ အလုပ်ဆင်းဖို့ တည်းခိုဆောင်ကနေ အုပ်ဖွဲ့ပြီး အလုပ်ခွင်ကို လျှောက်လှမ်းလာတယ်။ စားစရာနဲ့ သောက်စရာကို လက်တစ်ဖက်စီမှာ ကိုင်လာရင်း၊ လမ်းသွားရင်း မနက်စာ ကို စားလာတယ်။ မနက်စာကို တမေ့တမောထိုင်စားမနေဘူး။

မနက် ၆ နာရီကစပြီး အလုပ် ဆင်းတယ်။ အလုပ်ခွင်မှာ နားနေ တာ၊ လေပန်းနေတာ၊ ခိုကပ်နေ တာ မရှိတော့ အလုပ်တွင်တယ်။ သူတို့ကို ပေးရတဲ့လုပ်ခက မြန်မာ အလုပ်သမားကို ပေးရတာထက်ပို တယ်။ သူတို့ကို လုပ်အားခပိုပေး ရပေမယ့် အလုပ်ချိန်အပြည့်အဝ လုပ်တာမို့ မြန်မာအလုပ်သမား ထက် တန်တယ်တဲ့။ 

(ကျွန်တော်တို့ အမှန်ကို လက်ခံနိုင်စွမ်းရှိတဲ့ အမြင်မျိုးနဲ့ ဆွေးနွေးရအောင်)။ မြန်မာလက် သမား ပန်းရန်နဲ့ ဆောက်လုပ်ဖူးသူ တိုင်းမှာ တူညီတဲ့ ခံစားမှုတွေရှိကြ တယ်။ စိတ်ပျက်အလိုမကျတဲ့ ခံ စားမှုပါ။ မနက် ၉ နာရီလောက်မှ အလုပ်ခွင်ကို ရောက်လာတယ်။ လက်နက်ကိရိယာ လွှသွေးသလို လို၊ ရွေပေါ်သွား သွေးသလိုလို၊ လက်နက်ကိရိယာပြင်သလိုလို၊ ဟိုလိုလို ဒီလိုလို လုပ်နေတာက အကြာကြီး။ ၁၀ နာရီလောက်မှ အလုပ်စတယ်။ အလုပ်လုပ်တော့ လည်း ပျင်းတိပျင်းတွဲ။ ထမင်းစားနားရတာနဲ့၊ လက်ဖက်ရည်သောက် နားရတာနဲ့၊ နေ့လယ်နေ့ခင်း တစ် ရေးတမော နားရတာနဲ့ အလုပ် လုပ်ချိန်က အင်မတန်နည်းပါ တယ်။

အလုပ်သိမ်းလို့ ပြန်ကြတော့ မယ်ဆိုရင် အိမ်ရှင်က မယောင် မလည်နဲ့ မျက်လုံးဒေါက်ထောက် ကြည့်ရတဲ့ ဒုက္ခက ရှိသေးတယ်။ သစ်တိုသစ်စကအစ စုံစီနဖာကို ဆရာသမားများက အိမ်အပြန်မှာ မ,သွားကြတဲ့ထဲ အဖိုးတန်တာပါ မှာစိုးပြီး ဥစ္စာခြောက်ရတာ။ အချို့လက်သမားပန်းရန်က သစ်တိုသစ် စကို ထင်းအဖြစ်သုံးဖို့ အလုပ်အ ပြန်မှာ ယူလေ့ရှိတယ်။ ရပိုင်ခွင့် တစ်ခုလို ခပ်ပြောင်ပြောင်ယူတာ။ 

ဒီကြားထဲ ကြိုတင်အကြောင်း မကြားဘဲ ပျက်ကွက်သူကပျက် ကွက်၊ လူမစုံလို့ အလုပ်မဖြစ်တဲ့ အခါ မဖြစ်။ အလုပ်မလာတာ သေရေးရှင်ရေး အရေးကြီးတဲ့ကိစ္စလို့ ထင်ရပေမယ့် ဘာမဟုတ်တဲ့ကိစ္စ နဲ့ မလာချင်လို့ မလာတာက များ တယ်။ အလုပ်ခွင်ကိုရော အလုပ် ရှင်ကိုပါ လေးစားမှုမရှိဘူး။

အချို့လက်သမားခေါင်း၊ ပန်းရန်ခေါင်းက အလုပ်နှစ်ခု၊ သုံးခု တစ်ပြိုင်တည်း လက်ခံထားတာမို့ ဟိုတစ်လှည့်၊ ဒီတစ်လှည့် အလုပ် ဆင်းတယ်။ အိမ်ရှင်ကတော့ လာ နှိုးငယ်မျှော်ဖြစ်ရတယ်။ အချို့အ ဖွဲ့က အလုပ်ကို လက်စသတ် မသွားလို့ နောက်တစ်ဖွဲ့ထပ်ခေါ် ရတာလည်း ရှိတယ်။

မြန်မာ ပန်းရန်လက်သမား တွေ သူတို့ကိုယ်တိုင်နေတဲ့အိမ်ကို သွားကြည့်။ ဘယ်သူ့အိမ်မှ လက်စ မသတ်ဘူးလို့ ဆိုရိုးစကားရှိတယ်။ အကျင့်ပါနေတော့ ကိုယ်နေတဲ့ အိမ်ကိုတောင်မှ ပြီးစီးလက်စသတ်အောင် ဆောက်လေ့မရှိဘူးလို့ ဆို လိုတာပါ။ ‘မြန်မာလက်သမားပဲ လွဲ တစ်ထွာတစ်မိုက်ပေါ့’လို့ ပြော နေကျစကားလည်းရှိသေးတယ်။ စနစ်တကျ တိုင်းတာလုပ်တတ်တဲ့ အကျင့်နည်းတော့ စရွေးမကိုက် ဖြစ်လေ့ရှိတာပါ။

တိုက်တာအဆောက်အအုံ ဆောက်လုပ်သူ ၁၀ ယောက်မှာ ရှစ်ယောက်လောက်က ပန်းရန် လက်သမားနဲ့ စကားများရန်ဖြစ်ဖူး ကြတယ်။ ကျေကျေနပ်နပ်နဲ့ လက်စသိမ်းရသူနည်းတယ်။ 

ဒီလိုအချိန်မှာ တရုတ်တွေ ရောက်လာကြတော့တာပါပဲ။

ကြည့်မိရင် မြင်ပါလိမ့်မယ်။ နည်းနည်းနောနော မဟုတ်ဘူး။ တော်တော်ရောက်လာနေပါပြီ။ တရုတ်အလုပ်သမားနဲ့ အလုပ် လုပ်ရတာကို စိတ်တိုင်းကျတယ်။ အလုပ်ပြီးတယ်။ အကုန်အကျ သက်သာတယ်လို့ မြင်လာကြ တယ်။ 

ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ ပန်းရန်၊ လက်သမား တွေ စားမယ့်ထမင်းအိုးကို လာ နှိုက်တာဖြစ်ပါတယ်။ (မပြောချင် ပေမယ့် ထည့်ပြောရဦးမှာ တစ်ခု ကတော့ အနေကြာ တရုတ်အ လုပ်သမားအချို့က မြန်မာမလေး တွေနဲ့ အိမ်ထောင်ကျပါသတဲ့။ ပေါက်ဖော်ကြီးတွေက သားမှတ် မှတ်၊ မယားမှတ်မှတ်ပေါင်းတယ်။ ပြည်ကြီးပြန်ချိန်မှာ လိုက်ချင်ရင် ခေါ်သွားပါသေးသတဲ့။)

ကျွန်တော်တို့ ကိုယ်အလုပ် လုပ်နေပုံတွေကို ကိုယ်ပြန်ပြီး မထောက်မညှာသုံးသပ်ပြင်ဆင် ကြဖို့ အချိန်ကျနေပါပြီ။

 မိကျောင်းမင်း ရေခင်းပြ စကားတွေ များများမပြောလိုပါ ဘူး။

‘တရုတ်တွေ လာနေပြီ’

ကျော်ရင်မြင့်

(ဖော်ပြပါ ဆောင်းပါးသည် စာရေး သူ၏ အာဘော်သာဖြစ်သည်။)
Credit to : 7Day

0 comments: