Catwidget1

Arts

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့မှသည်

ဥရောပပညာရှင်တွေက စခဲ့တဲ့ အဘိဓမ္မနဲ့ပတ်သက်တဲ့ အငြင်းပွားမှုဟာ ၁၉၅၁ခုနှစ်မှာ ထိပ်တန်းကို ရောက်လာခဲ့တယ်။ သာသနာတော်နှစ် ၂၄၉၅ခု၊ ခရစ်နှစ် ၁၉၅၁ခုနှစ် အောက်တို ဘာလ ၂၈ရက်၊ ကောဇာ သက္ကရာဇ် ၁၃၁၃ခုနှစ် သီတင်းကျွတ် လမကွယ်မီ တစ်ရက်အလို သီတင်းကျွတ်လဆုတ် ၁၃ရက်၊ လွန်ခဲ့တဲ့ ၆၇နှစ်က မြန်မာနိုင်ငံ ဗုဒ္ဓသာသနာမှာ အရေးကြီးတဲ့ အယူအဆတစ်ခု ထွက်ပေါ်လာခဲ့တာပါ။ အဲဒါက အဘိဓမ္မာတရားသည် ဘုရားဟော မဟုတ်ဆိုတဲ့ အယူအဆပါ။

ကလောင်ရှင် ကိုရင်ဆေကိန္ဒရဲ့ Abhidhamma Day ခေါင်းစဉ်နဲ့ New Times of Burma မှာ ဆောင်းပါးတစ်ပုဒ်ပါလာရာက စတင်တယ်။ ဆောင်းပါးရှင်က ပိဋိကသုံးပုံ ပါဠိတော်တွင် အဘိဓမ္မတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူခဲ့သည်ဟူသော အထောက်အထား မပါရှိကြောင်း၊ မြတ်စွာဘုရား တာဝတိံသာသို့ကြွချီတော်မူသည်ကို အဋ္ဌကထာဆရာ အရှင် ဗုဒ္ဓဃောသက စတင်ပေးခဲ့ကြောင်းဖြင့် အခိုင်အမာပြောလာခဲ့တယ်။
(၅၁)ကြိမ်မြောက် အဘိဓမ္မာ ၇ကျမ်း အာဂုံ၊ ရေးဖြေပူဇော်ပွဲတွင် အာဂုံဖြေဆို
ပူဇော်နေသည့် ချင်းတိုင်းရင်သူလေး
အဘိဓမ္မတရားတော်ကို ရှင်သာရိပုတ္တရာ မထေရ်မြတ်က ဟောကြားတော်မူခဲ့သည်။ ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မမူခဲ့လို့ဆိုတယ်။ ဒီအယူအဆကို အဘိဓမ္မာ ကျွမ်းကျင်သူများက အခုလို ဆန့်ကျင်ခဲ့ကြတယ်။

အထက်ပါငြင်းခုံချက်သည် အချက်အလက်အားဖြင့် မှန်ကန်သည်။ သို့သော် နိဂုံးကောက် ချက်ချပုံ မှားယွင်းနေသည်မှာ အရှင်သာရိပုတ္တမထေရ်သည် အဘိဓမ္မတရားတော်ကို အကျဉ်း နည်းအားဖြင့် မြတ်စွာဘုရားထံမှ ကိုယ်တော်တိုင် ရရှိပူဇော်ခဲ့သည်ဆိုသောအချက်ကို သတိ မပြုမိခဲ့သောကြောင့်ဖြစ်သည် စသဖြင့် ဆန့်ကျင်ခဲ့ကြတယ်။

အယူအဆတွေဘယ်လိုပဲ ရှိခဲ့ရှိခဲ့ မျက်မှောက်ခေတ် ဗုဒ္ဓသာသနာမှာ အဘိဓမ္မာတရား ပြန့်ပွားရေးဟာ အတော်အသင့် အားကောင်းလာတယ်လို့ဆိုရမှာပါ။ တစ်နိုင်ငံလုံးမှာ အဘိဓမ္မာ သင်တန်းတွေ၊ အဘိဓမ္မာတက္ကသိုလ်တွေ၊ အဘိဓမ္မာအဝေးသင်တက္ကသိုလ်တွေ၊ ပြည်နယ် နှှင့်တိုင်းအလိုက် စာဖြေဌာနတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနေတယ်။ သို့သော်လည်း အဘိဓမ္မာစာမေးပွဲ ဝင်ရောက်ဖြေဆိုသူဦးရေအရ တစ်နိုင်ငံလုံး ဗုဒ္ဓသာသနာဝင်လူဦးရေ အတိုင်းအတာနဲ့ယှဉ်ရင် အားရစရာ အခြေအနေမဟုတ်လို့ ဆက်လက်ကြိုးစားကြရဦးမယ်။

လက်ရှိအချိန် အဘိဓမ္မာ သင်တန်းတွေ၊ တက္ကသိုလ်တွေ အခုလိုဖြစ်လာဖို့ အကြောင်းတရားတစ်ခု ရှိခဲ့တယ်။ ၂၀၀၇ခုနှစ် မတ်လ ၉ရက်နေ့၊ မြန်မာနိုင်ငံ ပုပ္ပါးဒေသမှာ ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများရဲ့ တက္ကသိုလ်များ ညီလာခံကျင်းပခဲ့တယ်။ အဲဒီညီလာခံက မြန်မာနိုင်ငံဟာ အဘိဓမ္မာနယ်ပယ်မှာ အဆင့်အမြင့်ဆုံး၊ အကျွမ်းကျင်ဆုံး ဖြစ်တာကြောင့် အဘိဓမ္မပညာရပ်ကို အထူးပြုလေ့လာသင်ကြားပေးတဲ့ တက္ကသိုလ်တစ်ခု ဦးဆောင် တည်ထောင်သင့်ကြောင်း မေတ္တာရပ်ခံ တောင်းဆိုခဲ့ကြတယ်။

နိုင်ငံတကာရဲ့ တောင်းဆိုချက်အရ သီတဂူဆရာတော်ကြီး ဒေါက်တာဉာဏိဿရ လမ်း ညွှန်ချက်နဲ့အညီ ၂၀၀၇ခုနှစ်၊ ဇွန်လ ၃၀ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာအဘိဓမ္မတက္ကသိုလ်ကို တည်ထောင်နိုင်ခဲ့တယ်။

တကယ်တော့ အတိတ်သမိုင်းကို ပြန်ကြည့်ရင် ရဟန်းတော်တွေသာမက လူပုဂ္ဂိုလ်တွေ လည်း အဘိဓမ္မာကို စိတ်ပါဝင်စားစွာသင်ယူခဲ့ကြကြောင်း အထောက်အထားတွေရှိတယ်။ ကျစွာမင်း (၁၂၃၅-၁၂၄၉)နန်းစံစဉ်က မြန်မာနိုင်ငံရှေးဦးသမိုင်းမှာ အဘိဓမ္မတရားတော် အထွန်းကားအပြန့်ပွားဆုံးအချိန်ဖြစ်ခဲဲ့တယ်။ ကျစွာမင်းကိုယ်တိုင် အဘိဓမ္မာသုတေသီ တစ်ဦး ဖြစ်ကြောင်း သမိုင်းမှတ်တမ်းများက ဆိုတယ်။ ရှင်ဘုရင်ကိုယ်တိုင် မရမတ္ထဝိန္ဒုလို့ခေါ်တဲ့ အဘိ ဓမ္မကျမ်းငယ်တစ်စောင်ကို ပြုစုခဲ့တယ်။ ရဟန်း၊ လူပုဂ္ဂိုလ်တွေကို အဘိဓမ္မာသင်ခန်းစာတွေ နေ့စဉ် သင်ကြားပို့ချခဲ့တယ်။ အဲဒီအချိန်က ယောက်ျားများသာမက အိမ်ထောင်ရှင် အမျိုးသမီးများပါ လေ့လာသင်ယူခဲ့ကြတယ်လို့မှတ်တမ်းရှိတယ်။

သမိုင်းတွေ၊ ရာဇဝင်တွေ၊ မဟာဝင်တွေချီပြောနေတာ ဟုတ်ပါပြီ။ ဘုန်းကြီးစာတွေ၊ ပါဠိတွေသင်တော့ ဘာအကျိုးရှိမှာလဲ။ အဘိဓမ္မာကို ဘုရားရှင်ဟောတော်မူကတည်းက လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သောချမ်းသာကို ပေးလိုတော်မူတဲ့အတွက် ဟောကြားတော်မူခဲ့တယ်။

အဘိဓမ္မတရားတော်ကို ဘုရားဖြစ်ပြီး သတ္တမမြောက်ဝါကာလ တာဝတိံသာနတ်ပြည် မှာ ဟောခဲ့တာဖြစ်တယ်။ မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုဿိတနတ်သားကို အမှူးထားလို့ စကြာဝဠာတိုက်တစ်သောင်းက နတ်ဗြဟ္မာတွေကို ဝါတွင်းသုံးလလုံးလုံး မဟာသက္ကရာဇ် ၁၀၉ခု၊ ဝါဆိုလပြည့်ကျော် ၁ရက်နေ့ကစ သီတင်းကျွတ်လပြည့်နေ့အထိ အသံမစဲဟောကြားတော် မူခဲ့တယ်။ ဒါကြောင့်လည်း သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့လို့ ဗုဒ္ဓသာသနာ ဝင် မြန်မာလူမျိုးများက ယဉ်ကျေးမှုတစ်ခုအဖြစ် သတ်မှတ်ထားကြတာပါ။

လူတွေအတွက် သုံးလဆိုပေမယ့် နတ်သက်နဲ့တွက်ရင် မိနစ်ပိုင်းမျှသာကြာတယ်။ စိတ်ဝင်စားသူတွေတွက်ချက်လို့ရအောင် သင်္ချာဆက်သွယ်ချက် ဖော်ပြရရင် လူသက်တမ်း အနှစ်တစ်ရာမှာ တာဝတိံသာ တစ်ရက်လို့ တိတိကျကျ မှတ်သားထားနိုင်တယ်။ အိုင်းစတိုင်းရဲ့ Time and Space သီအိုရီတွေကိုလေ့လာဖူးရင်း အဲဒီသက်တမ်းကွာခြားချက်တွေနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်မရှိပါဘူး။

တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်အရင်းခင်းထားအပ်တဲ့ ပဏ္ဍုကမ္ဗလာမြ ကျောက်ဖျာထက်ကနေ ကုသလာဓမ္မာအစချီလို့ ဟောတော်မူအပ်တဲ့ အဘိဓမ္မတရားတော်ဟာ သုတ္တန်များလို ပုဂ္ဂိုလ်သတ္တဝါတို့ရဲ့ စရိုက်၊ လက္ခဏာ၊ ပါရမီအနုအရင့်အလိုက် ဟောခြင်း မျိုးမဟုတ်ခဲ့။ သတ္တဝါတွေအပေါ် မငဲ့ကွက်ဘဲ ဟောသင့်ဟောထိုက် သိသင့်သိထိုက်တဲ့ တရား မှန်းသမျှကို သဘာဝကျကျ အကျယ်ချဲ့ပြီး အသေးစိတ်ဟောကြားတဲ့ တရားဖြစ်ပါတယ်။ ဥပမာ သုတ္တန်မှာ ကုသိုလ်တရားကို များများပြုရမယ်၊ အကုသိုလ်တရားတွေကို ရှောင်ကြဉ်ရမယ်၊ မဖြစ်သေးတဲ့ ကုသိုလ်တရားတွေကို ဖြစ်ထွန်းအောင်၊ ဖြစ်ပြီး ကုသိုလ်တရားတွေကို တည်တံ့အောင် ပြုလုပ်ရမယ်စသဖြင့် ကုသိုလ်၊ အကုသိုလ်အမည်မျှကိုသာ အကျဉ်းဟောတော်မူပြီး၊ ကုသိုလ်၊ အကုသိုလ်ဆိုတာ ဘယ်လိုအရာ၊ ဘယ်လောက်အရေအတွက်ရှိတယ်ဆိုတာမျိုး အသေးစိတ် မဟောပါဘူး။ အဘိဓမ္မာမှာတော့ အကုသိုလ်ရှောင် ကုသိုလ်ဆောင်ဆိုတာမျိုး ညွှန်ကြားထားရုံမက အဲဒီတရားတွေရဲ့ အကျဉ်း၊ အကျယ်ကို ဝေဖန်ဟောကြားထားတာပါ။

လူမှန်းသိတတ်စကတည်းက ပညာရပ်ပေါင်းများစွာကို အဆင့်ဆင့်လေ့လာခဲ့ကြရ တယ်။ ကိုယ့်မှာရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အပြုအမူ၊ အပြောအဆို၊ လူ့အဆင့် အတန်းတွေအကြောင်း ထိုက်သည့်အားလျှော်စွာ လေ့လာဖူးခဲ့ကြမှာပါ။ ဘယ်ပညာရှင်ကမှ အသေးစိတ်တိတိကျကျ မပြောနိုင်တဲ့ အဲဒီအသေးစိတ်အချက်အလက်တွေအကြောင်း အဘိ ဓမ္မာမှာ လေ့လာနိုင်ပါတယ်။ တကယ်တော့ အဘိဓမ္မာဟာ ဗုဒ္ဓသာသနာဝင်တွေနဲ့ချည်း သက်ဆိုင်တဲ့ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာသက်သက်မျှမဟုတ်ဘဲ၊ လူတိုင်း၊ သတ္တဝါ တိုင်းနဲ့ သက်ဆိုင်တဲ့ သဘာဝဓမ္မတွေပါ။

အိုင်းစတိုင်းရဲ့ အာကာသသည် ဟင်းလင်ပြင်မဟုတ်ဆိုတဲ့ အဆိုကို သိပ္ပံပညာရှင်တွေ ရှာဖွေနေချိန်မှာပဲ မြတ်ဗုဒ္ဓက ပရိစ္ဆေဒရုပ်လို့ ရုပ် ၂၈ပါး အကြောင်းမှာ ဟောထားပြီး ဖြစ်နေတယ်။ အဲဒီအာကာသလို့ခေါ်တဲ့ ပရိစ္ဆေဒရုပ် ဆိုတာ ဟိုအထက်ကောင်းကင်ကြီးမှာ တွင်မက ရုပ်တရားဆိုတဲ့ ဖွဲ့စည်းမှုတိုင်းမှာ ကလာပ်ဖွဲ့တိုင်း ပါဝင်နေတယ်၊ မိမိခန္ဓာကိုယ်မှာပါ ရှိနေတယ်ဆိုတဲ့ အသိမျိုးတွေကို သိခွင့်ရပါလိမ့်မယ်။

ယူကျုမှာ ကလေးတစ်ယောက်ပဋိသန္ဓေနေပုံအဆင့်ဆင့်ကိုပုံဖော်ထားတဲ့ ဗီဒီယိုကလစ် တစ်ခုပျံ့နှံ့ခဲ့ဖူးတယ်။ အဲဒီဗီဒီယိုကလစ်နဲ့ပတ်သက်ပြီး အဘိဓမ္မာသင်တန်းမှူး ဆရာဝန်က အခုလို မှတ်ချက်ချတယ်။ ဘုရားရှင်ရဲ့ သဗ္ဗညုတဉာဏ်တော်ကနော် သိပ်အံ့သြဖို့ကောင်းတယ်။ ကျွန်မတို့ ဆရာဝန်တွေ မိခင်ရဲ့ဝမ်းဗိုက်ထဲမှာ ကလေးတစ်ယောက် အဲဒီလို ပဋိသန္ဓေနေပါတယ် ဆိုတာကို သိရဖို့ မှန်ဘီလူးတွေထွင်ပြီးမှ သိခွင့်ရတာ။ အဲဒါကို ဘုရားက ဟိုး နှစ်ပေါင်း ငါးထောင်ကျော်လောက်ကတည်းက အသေးစိတ်ဟောထားပြီးသာ။ ပြီးတော့လည်း အခုတွေ့ ရှိချက်တွေနဲ့က တစ်ထပ်တည်းနီးပါးတူနေပြန်တယ်လို့ ဆရာဝန်တစ်ယောက်ရဲ့ အသိဉာဏ် အမြင်နဲ့ မှတ်ချက်ချတယ်။ ခေတ်သစ်ဆေးပညာအရ ပဋိသန္ဓေနေပုံ အဆင့်ဆင့် ကိုသာဖော်ပြနိုင်တာပါ။ အဲဒီလို ပဋိသန္ဓေနေပြီဆိုတာနဲ့ အဲဒီသန္ဓေသားမှာ ဘယ်လိုစိတ်တွေ ရှိနေပြီဆိုတာကအစ အဘိဓမ္မာမှာ ဟောထားတာပါ။

နယ်ပယ်အသီးသီးက အဘိဓမ္မာပြန့်ပွားရေး ဆောင်ရွက်နေကြသူတွေဟာ မိမိတို့ စီးပွားရေးလုပ်ငန်းလုပ်မယ့် အချိန်တွေဖဲ့ပေးရင်း သင်ကြားမှု၊ သင်ယူမှုတွေ ဆောင်ရွက်ပေး နေပါတယ်။ အဲဒီလို ဆောင်ရွက်နေကြသူတွေထဲမှာ အိမ်မှာ သက်ဆိုင်ရာ အလုပ်သမားနဲ့ လက်ညှိုးထိုးခိုင်းနေနိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ အဘိဓမ္မာသင်တန်းကို ရောက်လာပြီဆိုတာနဲ့ အားလုံးကိုယ်ထူကိုယ်ထ အောက်ခြေသိမ်းကအစ အကုန်လုပ်ပေးပါတယ်။ အဘိဓမ္မာ လာသင် တဲ့သူတွေ စိတ်ချမ်းသာ ကိုယ်ချမ်းသာ စိတ်လက်ပေါ့ပါးစွာ သင်ယူနိုင်ကြဖို့ဖြစ်သလို၊ မာနဆိုတဲ့စေတသိက်ဟာ အမျိုးယုတ်မှာ ဖြစ်စေတတ်တယ်ဆိုတာ သူတို့ကောင်းကောင်း သိကြလို့ပါ။ အဲဒါအပြင် လူတိုင်းကြိုက်လေ့မရှိတဲ့ အဆင့်အတန်းကွဲမှု၊ ခွဲမှုတွေအကြောင်းလည်း သိကြပြန်တယ်။ သတ္တဝါတိုင်းဟာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ပဋိသန္ဓေနေပါပြီ ဆိုကတည်းက မိမိပြုဖူးတဲ့ ကုသိုလ်၊ အကုသိုလ်အလိုက် အဆင့်အတန်းအခွဲခံကြရပြီးသား။ ဒါကိုနားမလည် လက်မခံချင်လို့မရသလို ကိုယ်နဲ့မအပ်စပ်တဲ့ကိစ္စတွေမှာ တန်းတူထင်ပြီး ဝင်ပါဖို့အခွင့်အရေးမရှိဘူးဆိုတာ မွေးရာပါဉာဏ်ပညာ ကန့်သတ်မှုပါပဲ။ ဘဝဟောင်းက ကိုယ်တိုင်လုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်ရဲ့ အကျိုးဆက်၊ မိမိကိုယ်တိုင် သတ်မှတ်ခဲ့တဲ့ကိစ္စ၊ လက်မခံချင်လည်း လက်ခံနေကြရမယ့်ကိစ္စပါ။ လောကမှာ ပုဂ္ဂိုလ်အမျိုးအစားပေါင်း ၁၂ မျိုးတောင်ရှိတယ်ဆိုတာ အဘိဓမ္မာသင်ရင်း သိလာကြရမယ်။ အခြေအနေမှန်ကို လက်ခံပြီး လက်ရှိကိုယ်ပိုင်ဆိုင်တဲ့ဘဝကို ပဋိသန္ဓေအစွမ်းရှိသလောက် ကိုယ်တိုင်ပြုစီမံလို့ ရပါတယ်။

ပညာရပ်တစ်ခုကို လေ့လာတယ်ဆိုတာ အချိန်ပေးကြရစမြဲပါ။ အားမှသင်မယ်ဆိုရင် ဘယ်တော့မှ ပညာရှိသူဖြစ်လာမှာမဟုတ်ပါဘူး။ ပညာရဲ့အစက သင်ယူမှုကစပါတယ်။ သင်ယူ မှုမရှိရင် ပညာဖြစ်မလာနိုင်သလို၊ ပညာမရှိရင် အရာရာမှာ အလွဲလွဲအမှားမှားနဲ့ ဆုံးဖြတ်လုပ် ကိုင် မိတတ်ပါတယ်။ သင်တန်းလာတက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ စျေးသည်တွေ၊ ကုမ္ပဏီဝန်ထမ်းတွေ၊ အစိုးရဝန်ထမ်းတွေ စသဖြင့် အားနေလို့ လာသင်တဲ့သူရယ်လို့ အငြိမ်းစား အဘိုးအဘွားအရွယ် အသက် ၆၀ကျော် ၇၀အရွယ်တွေသာ ရှိပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အဘိဓမ္မာကို အသက်အရွယ်မရွေး သင်ယူနိုင်တယ်ဆိုတာ သိသာပါတယ်။

စျေးတစ်ခုမှာ ကုန်စိမ်းရောင်းတဲ့ အဘိဓမ္မာသင်တန်းသားတစ်ယောက်ဆိုရင် မနက် ၁နာရီခွဲ ၂နာရီလောက် မန္တလေးကမ်းနားစျေးလို၊ စျေးချိုလိုနေရာတွေက ကုန်စိမ်းတွေဝယ်၊ မနက်၅နာရီလောက်ဆို ကိုယ့်စျေးပြန်လာရောင်း၊ အဲဒီကနေ နေ့ခင်း ၁၁ခွဲလောက်အထိရောင်း ချပြီးတာနဲ့ အဘိဓမ္မာသင်တန်းချိန် ၁၂နာရီခွဲကို အမီလာတက်၊ အဲဒီလို ကြိုးစားပမ်းစား သင်ယူ ကြရတာပါ။ ဆိုလိုတာ ကိုယ်ကိုးကွယ်တဲ့ဘာသာရဲ့ အနှစ်သာရကိုရဖို့၊ အလှူလုပ်၊ ဥပုတ်စောင့်တာလောက်နဲ့ လမ်းဆုံးမနေအောင် ဝီရိယစိုက်ကြိုးစားကြဖို့ လိုအပ်ပါတယ်။ ဒါမှသာ မြန်မာ့လူအဖွဲ့အစည်းက ငြိမ်းချမ်းတဲ့ ယဉ်ကျေးတဲ့ သိက္ခာရှိတဲ့ လူ့အဖွဲ့ အစည်း ဖြစ်လာမှာပါ။

အခုနောက်ပိုင်း ဗုဒ္ဓသာသနာဝင်သာဆိုကြတယ်၊ ကိုယ်ကိုးကွယ်တဲ့ ဘုရားဟောသွားတာ ဘယ်နှစ်ကျမ်းရှိမှန်းမသိ၊ ဘာတွေဟောသွားမှန်းမသိ ဆိုသူတွေ ရာခိုင်နှုန်းနဲ့တွက်ရင် အတော် များနေတာက ဗုဒ္ဓဘာသာတိုင်းပြည်တစ်ခုအတွက်တော့ ဆုံးရှုံးမှုအတော်ကြီးတယ်။ မြတ်ဗုဒ္ဓရဲ့ တရားအစစ်အမှန်၊ အနှစ်သာရတွေနဲ့ ဝေးမှန်းမသိ ဝေးနေကြတော့ ကြမ်းတမ်းတဲ့လူ့အဖွဲ့ အစည်း ဖြစ်မှန်းမသိ ဖြစ်လာနေတယ်။ အချို့ဆို လောင်းကစားအမှုဟာ ဘုရားဟောသီလထဲ မပါလို့ သီလမကျိုးဘူးလို့တောင် တထစ်ချယုံကြည်သူတွေရှိတယ်။ ဖဲရိုက်တာ၊ ငါးမျှား တာတွေဟာ စိတ်တည်ငြိမ်တဲ့အတွက် တရားထိုင်တာနဲ့ အတူတူပဲလို့ထင်ကြသလို လော ဘ၊ ဒေါသနဲ့မကင်းတဲ့ မိစ္ဆာသမာဓိပါလို့ မသိကြပြန်ဘူး။ မိစ္ဆာဒိဋ္ဌိလို့ ခေါင်းစဉ်တပ်လိုက်တာနဲ့ သူတစ်ပါးအမြတ်တနိုးကိုးကွယ်တာတွေကို လက်ညှိုး ထထိုးချင်ကြတယ်။ တကယ်တော့ ငါပဲ၊ ငါ့အဖွဲ့အစည်းပဲ၊ ငါမိသားစုပဲ ဆိုတာတွေကလည်း မိစ္ဆာဒိဋ္ဌိတွေပါပဲ။ အဲဒီလို မိမိကိုယ်ပိုင် ဉာဏ်နဲ့ တွေးချင်ရာတွေး ထင်ချင်ရာထင်တာတွေ တကယ်မှန်မမှန် အဘိဓမ္မာတရားနဲ့ တိုက်ဆိုင်ကြည့်လိုက်ဖို့ အခုအချိန်ဟာ အခွင့်အခါသင့်တဲ့အချိန် ရောက်နေပါပြီ။
(၅၁)ကြိမ်မြောက် အဘိဓမ္မာ ၇ကျမ်း အာဂုံ၊ ရေးဖြေပူဇော်ပွဲတွင် ဓမ္မသိင်္ဂဏီ မာတိကာကျမ်း
အာဂုံဖြေဆိုပူဇော်နေသည့် ကလေးငယ်
အဘိဓမ္မကိုသင်ယူဖို့ ဘာအရည်အချင်းကန့်သတ်ချက်မှ မရှိသလို၊ သင်ပြီး စာတွေပြန် ကျက် မဖြစ်မနေစာမေးပွဲ ဝင်ဖြေရမယ်ဆိုတဲ့ ကန့်သတ်ချက်မျိုးလည်း မရှိပါဘူး။ အဘိဓမ္မာ ပညာဆိုတာ ဒီလိုဒီလိုပါလို့သိအောင် သဂြိုဟ်ကိုးပိုင်းကစ အထက်ကျမ်းရင်း အဆင့်ဆင့်အထိ လေ့လာနိုင်ပါတယ်။ ဘုန်းကြီးစာတွေမို့ ပါဠိတွေနဲ့ခက်မယ်လို့လည်း မထင်လိုက်ပါနဲ့ သင်ရိုးညွှန်းတမ်း အများစုကို မြန်မာလို ရှင်းနေအောင် ရေးသားပြဌာန်းပေးထားတာပါ။

နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးတစ်ပါးကဆိုရင် အဘိဓမ္မဆိုတာ ဟိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ရှိခဲ့တာ။ အခုမှခေတ်ထနေတယ်။ အေး သင်ကြ မယ်ဆိုရင်လည်း သူများလုပ်လို့လိုက်လုပ်တဲ့ ပေါ်ပင်သဘောမျိုးမဟုတ်ဘဲ၊ ကုသိုလ်ဖြစ်အောင် သင်ကြလို့ မိန့်တော်မူတယ်။

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ရောက်လေတိုင်း တာဝတိံသာနတ်ပြည် ကနေ သင်္ကဿမြို့ဆီ ဘုရားပြန်လည်ကြွချီလာတာကို ရည်မှန်းလို့ ဆီးမီး၊ ဖယောင်းတိုင် ပူဇော်ရင်း၊ ဘုရားရှင်ဟောကြာတဲ့ အဘိဓမ္မာတရားတော်တွေ နှလုံးအိမ်မှာ ကိန်းအောင်နေတဲ့ ဗုဒ္ဓသာသနာဝင်အစစ်တွေဖြစ်အောင် မိမိတို့နဲ့ နီးစပ်ရာ အဘိဓမ္မာသင်တန်းတွေ တက်ရောက် သင်ယူကြခြင်းဖြင့် ဒါမှမဟုတ် လက်လှမ်းမီရာ အဘိဓမ္မာစာပေတွေ လေ့လာကြ ခြင်းဖြင့် မြန်မာ့လူ့အဖွဲ့အစည်းကို ငြိမ်းချမ်းတဲ့၊ ယဉ်ကျေးတဲ့၊ သိက္ခာရှိတဲ့ လူ့အဖွဲ့အစည်း ဖြစ်အောင် တည်ဆောက်ကြရအောင်ပါ။
အောင်မျိုးထွန်းကျော်
ဓာတ်ပုံ - ဒေါ်ရီရီစိန်
ကျမ်းကိုး
- အဘိဓမ္မအဆင့်မြင့်ဒီပလိုမာ ပထမအဆင့်ပြဌာန်းစာအုပ်၊ အဘိဓမ္မတက္ကသိုလ်။
- အဘိဓမ္မာရိုးရိုးတန်း သဂြိုဟ်ကိုးပိုင်းပြဌာန်းစာအုပ်၊ အောင်မင်္ဂလာဓမ္မသိပ္ပါလ
ဗုဒ္ဓစာပေသင်တန်းကျောင်း။

0 comments: