Catwidget1

Arts

အဲ့ဂလောက်သာ ရှင်းတတ်သည်


ကြားသိဖူးပြီး ဖြစ်ကြသော်လည်း၊ သစ္စာတရား ဆိုသည်နှင့် ပတ်သက် တိုင်း၊ တရားဓမ္မ ဆိုသည်ကို ရှင်းလင်းတိုင်း၊ ဘဝ ဆိုသည်၏ နက်နဲမှု နှင့် ဝေါဟာရ တို့ ဖွင့်ဆို ရှင်းပြရင်း မပြည့်စုံသည့် အခါတိုင်း ပြောလေ့ ပြောထ ရှိသော ပုံဝတ္ထု ဖြစ်ပါသည်။

ဖား တစ်ကောင်သည် ပင်လယ်ထဲက လာပြီး ၊ ရေတွင်းတစ်တွင်းထဲ ခုန်ချမိလိုက်သည်။ ရေတွင်းထဲက ဖားက - “မိတ်ဆွေ၊ ဘယ်က လာတာလဲ” ဟု မေးလိုက်သည်။ “ကျုပ် ပင်လယ်က လာတာ” ဟု ပြန်ပြောသည်။ ရေတွင်း ထဲတွင် နေထိုင်သော ဖားက “ပင်လယ် ??? :O အဲ့ ပင်လယ်က ဘယ်လောက် ကြီးသလဲ” ဟု မေးသည်။ ရေတွင်းထဲတွင် နေထိုင်သော ဖားသည် ရေတွင်း ထက် ကြီးသော မည်သည့် အရာဝတ္ထုမျိုး ကိုမျှ မတွေ့ဖူးပေ။ ရေတွင်း ထဲမှာ မွေးဖွားသည်။ ရေတွင်း ထဲမှာပင် ကြီးပြင်းသည်။ ရေတွင်း နံရံက ထွက်ပြီး အပြင်ဘက် တစ်ခါမှ မရောက်ဖူးပေ။ ရေတွင်း နံရံက ကြီးလည်း ကြီးသကိုး။ ရေတွင်း ဖားအတွက် ရေတွင်း အပြင်ဘက်၌ ရေတွင်း ထက် ကြီးသော အရာဝတ္ထု ရှိသည်ဟု သိနိုင်စရာ အကြောင်းလည်း မရှိပေ။ အပြင်ဘက်က ဖား တစ်ကောင် တစ်လေ မှလည်း အပြင်ဘက်က သတင်း ပေးဖို့ ရေတွင်းထဲ ရောက် မလာပေ။

ပင်လယ်ဖားက “ပင်လယ်က အကြီးကြီး” ဟု ပြောသည်။ သို့သော်လည်း ရေတွင်းဖားသည် အကြီးကြီး ဆိုသည့် စကားကို သဘောမပေါက် ဖြစ်နေသည်။ ရေတွင်း တစ်ဝက်လောက် ခုန်ပြပြီး “ဒါလောက် ကြီးသလား” ဟု မေးလိုက်သည်။ ပင်လယ်ဖားက - “ဒါလောက် မကဘူး။ အများကြီး ကြီးတယ်” ဟု ပြောပြပြန်သည်။ ရေတွင်း ဖားက ရေတွင်း တစ်တွင်းလုံး ခုန်ပြပြီး - “ အဲ့ဒါလောက် ကြီးသလား” ဟု မေးကြည့်ပြန်သည်။ ပင်လယ်ဖားက - “အဲ့ဒါထက် အများကြီး ကြီးတယ်” ဟု ပြောလိုက်ပြန်သည်။


ရေတွင်းဖားသည် ပင်လယ်ဖား ပြောသည်ကို မယုံပေ။ နောက်ဆုံး အကြိမ် ကြိုးစား ကြည့်ပြန်သည်။ ရေတွင်း တစ်ခုလုံးကို ပတ်ပြီး ခုန်ပြလျက် - “ဒါလောက် ကြီးသလား” ဟု မေးပြန်သည်။ ပင်လယ်ဖားက- “မိတ်ဆွေကို ဘယ်လို ပြောရမလဲ မသိဘူး၊ အကြီးကြီးပဲ” ဟု ပြောသည်။ ပင်လယ်၏ ကြီးမား ကျယ်ပြန့်ပုံကို အတိုင်းအတာနှင့် ပြော မပြတတ် ဖြစ်နေသည်။ ရေတွင်းဖားက -

“ကြွားတယ် ဆိုတာ အကန့်အသတ် တစ်ခုတော့ ရှိရတယ် ဗျ။ တခြားဖား တွေကို သွားပြီး ကြွားပါ။ ကျုပ်တို့က ဒီလောက် အ,တဲ့ ၊ န,တဲ့ ဖားတွေ မဟုတ်ဘူး။ တခြား ငတုံး၊ ငအ တွေဆီ သွားပြီး ကြွားပါ။ ဒီရေတွင်းထက် ကြီးတဲ့ အရာဝတ္ထု ရှိတယ်လို့ တစ်ခါမှ မကြားဖူးဘူး။ မြင်လည်း မမြင်ဖူးဘူး။ ကျုပ်ရဲ့ မိဘ ဘိုးဘွား တွေ ပြောတဲ့ စကားကိုလည်း တစ်ခါမှ မကြားဖူးဘူး။ ကျုပ်ရဲ့ မိဘ ဘိုးဘွားတွေဟာ ဖားကြီး တွေ ဖြစ်ပါတယ်။ ကျုပ်တို့ ဘိုးစဉ်ဘောင်ဆက် တစ်သက်လုံး ဒီရေတွင်းထဲမှာပဲ နေလာခဲ့ကြတယ်”


ဟု ပြန်ပြောသည်။

ပင်လယ်ဖား အတွက် ပြောစရာ စကားလုံး မရှိတော့ပေ။ ။

“နတ္ထိက” ဖြစ်ရခြင်း ၏ အကြောင်းမှာ ပြင်ပ ကမ္ဘာနှင့် နီးစပ်မှု မရှိခြင်း ဖြစ်သည်။ နွားခြေရာခွက်ထဲက ဖားသူငယ်သည် နွားခြေရာခွက် အပြင်ဘက် က အကြောင်းအရာများကို သိဖို့ မကြိုးစား။ အမြင်ကျဉ်းသူ များသည် အမြင်ကျယ်ဖို့ စိတ် မဝင်စားကြပေ။ နွားခြေရာခွက် ထဲက ဖားသူငယ်သည် နွားခြေရာခွက် အပြင်ဘက်က ပတ်ဝန်းကျင်နှင့် ပတ်သက်ပြီး အနည်းအကျဉ်း ဖြစ်စေ၊ အတွေ့အကြုံ ရှိပါမှ စိတ်ပါဝင်စား မှု ရှိလိမ့်မည်။ ချိုသည့် အရသာကို အနည်းငယ် မျှပင် ဖြစ်စေ မြည်းကြည့်မှ မုန့်ချိုကို စားချင်သည့် စိတ်မျိုး ဖြစ်လာလိမ့်မည်။ သို့သော်လည်း ဘဝ တစ်သက်တာ၌ အငန်နှင့် အခါး များကိုသာ စားနေကြရသည်။ ချိုသည့် အရသာနှင့် ပတ်သက်၍ အိမ်မက်ပင် မမက် ဖူးကြ။ အိမ်မက် ဆိုသည်မှာ မိမိ ဘဝ၌ အနည်း အကျဉ်း မျှ ဖြစ်စေ အတွေ့အကြုံရှိဖူးပါမှ အိမ်မက် မက်နိုင်ခြင်း ဖြစ်သည်။

ဤ ပုံဝတ္ထုတွင် ရေတွင်းဖား အတွက် ပင်လယ် ဆိုသည်၏ ကြီးကျယ်ခြင်းကို မသိရသည့် အကြောင်းမှာ အတွေ့အကြုံ မရှိသောကြောင့် လည်း ဖြစ်ရသလို၊ မိမိ နေထိုင်ရာ ၊ မိမိ ရပ်တည်ရာသည်သာ ပြီးပြည့်စုံ နေပြီဟု အထင်ရှိသောကြောင့် ဖြစ် မည်။ သို့မဟုတ်၊ မိမိ စိတ်ကူးဘောင် တွင် တည်ရှိဖွဲ့စည်းထားပြီးသော အကန့်အသတ်များမှ ကျော်လွန်မသွားနိုင်သော ကြောင့် ၊ ကျော်လွန် မသွားချင်သောကြောင့် ဟုသာ တစ်နည်း ဆိုရပေတော့ မည်။

……………………………………….
အလုပ်အကိုင်အတွင်း၊ ပေါင်းသင်းဆက်ဆံရေး အတွင်း၊ မိမိ ၏ သန္တာန် အတွင်း မြင်မြင်ရသည်များကို ရည်ရွယ်၍၊
………………………………………

http://zayya.wordpress.com/
http://zayyablogger.blogspot.com/
http://zayya.blog.com/

0 comments: