Catwidget1

Arts

ကျွန်တော်ချာတာ လူသိပါစေ

ပဏိဓာနတော ပဋ္ဌာယ၊
တထာဂတဿ ဒသ ပါရမိယော၊
ဒသ ဥပပါရမိယော၊
ဒသ ပရမတ္တ ပါရမိယောတိ၊
သမတ္တိံသ ပါရမိယော၊
ပဉ္စ မဟာပရိစ္စာဂေ၊
လောကတ္ထစရိယံ ဉာတတ္ထစရိယံ၊
ဗုဒ္ဓတ္ထစရိယန္တိ တိဿော စရိယာယော၊
ပစ္ဆိမဘဝေ ဂဗ္ဘဝေါက္ကန္တိံ၊
ဇာတိံ အဘိနိက္ခမနံ၊
ပဓာနစရိယံ ဗောဓိပလ္လင်္ကေ မာရဝိဇယံ၊
သဗ္ဗညုတညာဏပ္ပဋိဝေဓံ၊
ဓမ္မစက္ကပ္ပဝတ္တနံ၊
နဝ လောကုတ္တရဓမ္မေတိ၊
သဗ္ဗေပိမေ ဗုဒ္ဓဂုဏေ အာဝဇ္ဇေတွာ၊
ဝေသာလိယာ တီသု ပါကာရန္တရေသု၊
တိယာမရတ္တိံ ပရိတ္တံ ကရောန္တော၊
အာယသ္မာ အာနန္ဒတ္ထေရော ဝိယ၊
ကာရုညစိတ္တံ ဥပဋ္ဌပေတွာ။

ဒါကရတနသုတ် အမွှန်းမှာပါတဲ့ ပါဠိတွေပါ။ ဒီကနေ့ ဆရာကျော်ဝင်းရေးတဲ့ ဆောင်းပါးတစ်ပုဒ်ကို မိတ်ဆွေတစ်‌ယောက် ရှယ်ထားတာတွေ့လို့ ဖတ်လိုက်ရတယ်။ Amatya Sen ပြောတဲ့ 'Global Value ဖြစ်ထိုက်သော ဗုဒ္ဓဝါဒ'တဲ့။ ဒီလ ၉ရက်နေ့က the voice journal နိုင်ငံရေးဆောင်းပါးကဏ္ဍမှာ ပါတယ်။ ဆောင်းပါးဆိုပေမယ့် လွှတ်တော်မှာ ဆရာဟောပြောခဲ့တဲ့ နိဂုံးပိုင်းကိုသာ ဆောင်းပါးအဖြစ် ဖော်ပြထားတာဖြစ်ပါတယ်။ ဟောပြောချက်အပြည့်အစုံက ဗုဒ္ဓတရားတွေအပေါ်မှာ အခြေခံထားတာပါ။ 

ကိုယ်တိုင်၌က ဗုဒ္ဓဓမ္မတွေဟာ ကမ္ဘာပေါ်မှာ ရှိရှိသမျှသော အယူဝါဒတွေ၊ အတွေးအမြင်တွေထက် သာလွန် ကောင်းမြတ်တယ်လို့ ယုံကြည်ထားသူ၊ ဗုဒ္ဓဓမ္မနဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်လို့ရရုံတွင်မဟုတ်ဘူး၊ ကမ္ဘာကြီး တစ်ခုလုံးကိုတောင် စီမံခန့်ခွဲနိုင်တယ်လို့ ဦးသန့်လို ပုဂ္ဂိုလ်မျိုးကို ကြည့်ပြီး ယုံကြည်လက်ခံထားသူရယ်ပါ။ ဘာသာရေးအကြောင်းပါလာလို့ ဟိုအမျိုးဘာသာ၊ သာသနာကုန်းအော်နေတဲ့ပုဂ္ဂိုလ်တွေနဲ့ အတူတူလို့တော့ မထင် စေချင်ဘူး။ အဲဒီပုဂ္ဂိုလ်တွေက မြတ်ဗုဒ္ဓရဲ့ ကြီးကျယ်ခမ်းနားမှုကို သေးသိမ်အောင် ဆွဲချနေတဲ့သူတွေ။

ဆရာကျော်ဝင်းပြောတဲ့ အိန္ဒိယနိုင်ငံသား Amatya Sen (အမားချက်ဆန်)ဆိုတာဟာ Human Development Theory ကို ဖော်ထုတ်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှာ နိုဘယ်လ်ဆုရရှိခဲ့သူပါ။ လက်ရှိ ဟာဗက်က္ကသိုလ်မှာ ပါမောက္ခလုပ်နေတယ်လို့ သိရတယ်။ အဲဒီပုဂ္ဂိုလ်ကြီးရဲ့စာကို ဆရာကျော်ဝင်းလို ပုဂ္ဂိုလ်က ဘာသာပြန်ပြီး ဖောက်သည်ချထားတာ။

ဆောင်းပါးမှာ သူက ဘာပြောသလဲဆိုတော့ တကယ့် Global Value ဖြစ်ထိုက်တာဟာ Confucius(ကွန်ဖြူးရှက်) မဟုတ်ဘူး။ Liberal Democracy(လစ်ဘရယ်ဒီမိုကရေစီ လူတစ်ဦးချင်းအခွင့်အရေးကို တန်းဖိုးထားသည့်ဝါဒ) လည်း မဟုတ်ဘူး။ သူတို့ထက် ပိုပြီး Global ဖြစ်ထိုက်တာက ဗုဒ္ဓရဲ့ဓမ္မပဲ။ ဗုဒ္ဓရဲ့ Philosophy(အတွေးအမြင်) ပဲလို့ ပြောပါတယ်။

ကိုယ်နဲ့ အယူအဆတူတော့ သာလို့ကြိုက်တာပေါ့။ သို့ပေမယ့် ဆောင်းပါးထဲမှာပါတဲ့ လူတင်မကဘူး။ အပင်တွေကော၊ တိရစ္ဆာန်တွေကော ဒီလောကကြီးတစ်ခုလုံးကို ကိုယ်စားပြုနိုင်တဲ့၊ ပိုကျယ်တဲ့ Radius(အချင်းဝက်) ရှိတဲ့ Trust(ယုံကြည်မှု) က ဘယ်မှာတွေ့မလဲ။ ဗုဒ္ဓမှာ ရှိတယ်။ အလွတ်မပြောပါဘူး။ ရတနာ့သုတ်နဲ့ သက်သေပြတယ်။ ရတနာ့သုတ်အမွှန်းမှာပါပဲ။ သူကောက်ပြတယ်။ လောကတ္ထစရိယာ၊ ညာတတ္ထစရိယာ၊ အတ္တတ္ထစရိယာ။ ဒါက ဘုရားရဲ့ Radius of Trust (ယုံကြည်မှုအချင်းဝက်၊ အချင်းဝက်ဖြစ်လို့ ကျယ်ချင်သပဆို အချင်းဝက်ကို ချဲ့ပေးနိုင်ဖို့ပဲလိုတယ်) မာတိကာပေါ့။ ဘုရားက နံပါတ်တစ် လောကအကျိုး၊ နံပါတ်နှစ် ဆွေမျိုးအကျိုး၊ နံပါတ်သုံး ကိုယ့်အကျိုး အဲဒီလို မာတိကာစဉ်လိုက်တယ်တဲ့။

ပြဿနာက ရတနာ့သုတ်မှာ အတ္တတ္ထစရိယာလို့ သုံးမထားဘူး။ တစ်လျှောက်လုံး ကိုယ်သိခဲ့တာကလည်း စရိယသုံးပါးမှာ လောကတ္ထစရိယာ၊ ညာတတ္ထစရိယာ၊ ဗုဒ္ဓတ္ထစရိယာလို့ပဲ သိခဲ့တာ။ အဲဒီ အတ္တတ္ထစရိယာဆိုတာကို မသိဘူး။ ဘယ်နှယ် အတ္တ ငါပဲ ငါ့ဥစ္စာပဲလို့ သုံးထားရသလဲ။ ဗုဒ္ဓတ္ထစရိယာ သတ္တဝါအများကောင်းကျိုးငှာ ဗုဒ္ဓအကျင့်ကို ကျင့်တာပဲ။ သူဟာသူ လွတ်မြောက်ဖို့ဆို ပထမဆုံး ဗျာဒိတ်ရကတည်းက မဂ္ဂ၊ ဖိုလ်နိဗ္ဗာန်ကို ရနိုင်နေပြီးသာပဲလေ။ အမားချက်ဆန် မမှားနိုင်သလို၊ ဆရာကျော်ဝင်းလည်း မမှားနိုင်ဘူး။ ဒီလိုဆို ဒီအသုံးက ကိုယ်မသိသေးတာသာ ဖြစ်လိမ့်မယ်။

ဗုဒ္ဓစာပေကို လေ့လာနေသူတစ်ယောက်ဖြစ်လို့ ကိုယ်သာတကယ်သိချင်ပြီဆို မေးလျှောက်လို့ရတဲ့ စာချစာသင် ဆရာတော်တွေက အဆင်သင့်။ ဆိုတော့ ဆရာတော်တွေဆီ အမေးလျှောက်ရတော့တာပေါ့။ တကယ်တော့ ဆရာကျော်ဝင်းက ဗုဒ္ဓစာပေနဲ့ပတ်သက်ပြီး သူသိကြောင်းတတ်ကြောင်းကို သမားဂုဏ်ပြထားတာသာဖြစ်တယ်။ ဒီမှာ သုံးထားတဲ့ အတ္တတ္ထစရိယာဆိုတာ စရိယာတွေကို ရေတွက်တဲ့အခါမှာ ရံဖန်ရံခါသုံးတယ်။ အသုံးနည်းတယ်။ ကိုယ်ထင်ထားသလို အတ္တ ငါပဲ၊ ငါဥစ္စာပဲ ဒီလိုအဓိပ္ပာယ်မထွက်ဘူး။ မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မှ မပါဘဲ အများကောင်းကျိုးငှာ ဖြည့်ကျင့်ခြင်းလို့ အဓိပ္ပာယ်ထွက်တယ်။ ဗုဒ္ဓတ္ထစရိယာနဲ့ အဓိပ္ပာယ်လေနက်မှု မတူသည့်တိုင်အောင်၊ ကွဲပြားသည့်တိုင်အောင် စရိယအကျင့်တွေကို ရေတွက်တဲ့အခါမှာ သုံးတတ်ပါသတဲ့။

အောင်မျိုးထွန်းကျော်
ဇန်နဝါရီလ ၁၂ ၂၀၂၁






0 comments: