Catwidget1

Arts

အဓိက မိဘ


ကလေးတစ်ယောက်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ကျောင်းကောင်းကောင်းထားမှ ပြုစုပျိုးထောင်သူ ဆရာ/ဆရာမ ကောင်းမှဆိုတာကို ယေဘုယျအားဖြင့်လက်ခံထားကြပါတယ်။

မှန်ပါတယ် ... မှန်သင့်သလောက်ပေါ့လေ။ အောက်ကဖြစ်စဉ်လေးကို ဖတ်ကြည့်ပါဦး ....။

ကလေးက ထမင်းကို ဝါးမစားတတ်ဘူး။ အာဟာရမှုန့်ဖျော်ကျွေး၊ နို့ထမင်းလိုထမင်းကို အပျော့ချေကျွေးမှစားတယ်။ မြိုပဲချတယ်။ မဝါးတတ်ဘူး။ အစာကို ဝါးစားတယ်ဆိုတာက စကားမပြောတတ်သေးတဲ့ ကလေးတွေအတွက် စကားပြောအင်္ဂါအစိတ်အပိုင်း အော်ဂန်တွေအလုပ်လုပ်ဖို့အတွက် အရမ်းအရေးကြီးပါတယ်။ စကားမပြောနောက်ကျတဲ့ကလေးတွေအတွက် ပါးစပ်ထဲထည့်ပြီး ဝါးရတဲ့ ရော်ဘာကွင်းလေးတွေကိုတောင် ပါးစပ်ထဲထည့်ဝါးလေ့ကျင့်ပြီး အော်ဂန်တွေ အားကောင်းလာအောင် လုပ်ကြရတာပါ။

မိဘက လာတိုင်ပင်တယ်။ မူကြိုကျောင်းအုပ်ကြီးက ဟုတ်ပြီ ဒါဆို အတူတူလက်တွဲလေ့ကျင့်မယ်။ မိဘကို အိမ်ကနေပြီး ထမင်းပျော့ပျော့ ချက်ထည့်ခိုင်းတယ် (ပေါ်ဆန်းဆန်လိုပေါ့) ကျောင်းမှာ ဆရာမက ရှေ့ကနေ ဝါးပြတယ် .. တဖြည်းဖြည်းလေ့ကျင့်တယ်။ ဆန်အပျော့ကနေ ပုံမှန်ထမင်းအထိ တဖြည်းဖြည်းတိုးသွားတယ်။ လိုက်လုပ်ခိုင်းတယ်။ အိုခေတယ်ပေါ့ ... အခြားကလေးတွေနဲ့ တန်းတူစားတတ်လာတယ်။

သို့သော် ... ဒါက ကျောင်းမှာပဲအဆင်ပြေတယ်။ အိမ်ရောက်တော့ ကလေးက ဂျီကျတယ်။ မိဘကို တောင်းဆိုတယ်။ မိဘက အလိုလိုက်ပြီး အပျော့(နို့ထမင်းလို၊ အာဟာရမှုန့်ဖျော်သလို) ဝါးစရာမလိုပဲမြိုချတဲ့ အစားအစာကိုပြန်ကျွေးတယ်။

သွားပြီပေါ့ ကလေးက ကျောင်းမှာအဆင်ပြေပေမဲ့ အိမ်မှာအကျင့်ပြန်ပျက်တယ်။ တကယ်ဆို အိမ်မှာလည်း ကျောင်းကပုံစံမျိုး ကျွေးပေးရမယ်။ အလိုလိုက်ပုံလွဲတယ်။

ကမ္ဘာကြီးဟာ ကျောင်းမှာ လုံးပြီး အိမ်မှာ ပြားတယ် ဆိုတာမျိုးဖြစ်ပြီပေါ့။

ဖုန်းပေးသုံးတာ။ ဂိမ်းဆော့ခိုင်းတာလည်း ထို့အတူပါပဲ။ ကျောင်းမှာ ဂိမ်းမဆော့ရလည်းနေနိုင်ရက်နဲ့ အိမ်ရောက်ရင် လက်ထဲဖုန်းတန်းရောက်တာပဲ။

အနှစ်ချုပ်ပြောရရင် မူကြိုပဲဖြစ်ဖြစ်၊ အတန်းကျောင်းပဲဖြစ်ဖြစ်ထားပြီဆိုရင် အိမ်စည်းကမ်းနဲ့ ကျောင်းစည်းကမ်းကို တပြေးညီထားရမယ် (ညီညွတ်အောင်ညှိနှိုင်းရမယ်) မဟုတ်ရင် ကလေးက အိမ်မှာ‌ပျော်မယ်။ ကျောင်းပျင်းမယ်။ ဖွံ့ဖြိုးမှု နောက်ကျမယ်။

သေချာတာတစ်ခုက ။
မိဘတွေအနေနဲ့ ဆရာ/ဆရာမကောင်း၊ ကျောင်းကောင်းကောင်းရွေးချယ်ခွင့် ရှိပေမဲ့ ....
ဆရာတွေဘက်ကတော့ မိဘကောင်းကောင်းရဲ့ ကလေး ရယ်လို့ ရွေးချယ်ခွင့်မရှိပါဘူး။

ဒီတော့ မိမိရင်သွေး ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မိဘများအနေနဲ့ မူကြိုကျောင်း ဆရာ၊ ဆရာမတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။

၂၀၁၉၊ နို၀င်ဘာလ ၅ရက်

0 comments: