Catwidget1

Arts

ကျွန်တော့်ကို အမေသတ်ခဲ့တယ်

ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့ကတော့ ကျွန်တော့်အမေရဲ့ မျှော်လင့်ချက်တွေ အားလုံး တစ်စစီ ကွဲကြေ ပြန့်ကြဲသွားတဲ့နေ့ပါ...ပဲ ။

ကျွန်တော် ဆေးတက္ကသိုလ်တက်ဖို့ အမှတ်မမှီခဲ့ဘူး ။ ( ဂုဏ်ထူး ၄ ခုပဲပါတာဆိုတော့ အမှတ်ကို ခန့်မှန်းတွက်ဆလို့ ရသွားပြီ )
အမေ ငိုပါတယ် ။ တော်တော်နာနာကျင်ကျင်ငိုပါတယ် ။ အကြာကြီးပဲ ။ ပြီးတော့ `` ငါက နင့်ကို ဆရာဝန်ဖြစ်စေချင်လွန်းလို့ တစ်သက်လုံးကုန်းရုန်းပြီး ပိုက်ဆံရှာခဲ့တာ ။ ငါ မစားရက်မသုံးရက် စုဆောင်းပြီး နင့်ကို ကျောင်းထားပေးခဲ့တာ , အခုတော့ နင်က ငါ့ကို ကောင်းကောင်းကြီး ကျေးဇူးဆပ်လိုက်ပြီပေါ့ ... ဟုတ်လား "
ကျွန်တော်သိလိုက်ပြီ ။ အမေ့သားအစစ်က ကျွန်တော့်မှ မဟုတ်ဘဲ ။ အမေ့အာရုံထဲမှာ စိတ်ကူးနဲ့ဖန်တီးထားတဲ့ ဒေါက်တာဇော်ဇော် ( ဒါမှမဟုတ် ) ဆေးကျောင်းသား ဇော်ဇော်ပဲ ။

အမေရယ် ... ကျွန်တော်အစစ်ကြီးက ဒီမှာပါဗျာ ။ ကျွန်တော့်မှာမရှိတဲ့ အရည်အချင်းတွေ , ကျွန်တော်ဖန်တီးယူလို့မရတဲ့ ဂုဏ်ထူးအဆင့်တွေအတွက် ကျွန်တော့်ကို အပြစ်မတင်ပါနဲ့လားဗျာ ။

အဲဒီအစား .... ကျွန်တော့်မှာ တကယ်ရှိနေတဲ့ အရည်အချင်းကောင်းလေးတွေကို မေမေ နည်းနည်းလောက် အသိအမှတ်ပြုပေးပါလားဟင် ။ ကျွန်တော် ဆေးလိပ်လည်း မသောက်တက်ဘူး , အရက်လည်း မသောက်ဘူး , ကျောင်းလည်းး မပြေးဘူး , ရည်းစားလည်း မထားဘူး , ရန်လည်း မဖြစ်ဘူး , ညဉ့်နက်သန်းခေါင်လည်း လျှောက်မလည်ဘူး ။
အဲဒါတွေကို မေမေ အသိအမှတ်မပြုဘူးလားဟင် ။ ကျွန်တော်ဟာ မွေးရကျိုးမနပ်တဲ့ သားမိုက်ပဲလားဟင် ။
ကျွန်တော့်ကို ဆရာဝန်ဖြစ်စေချင်တာ ကျွန်တော့်ဘဝရှေ့ရေး ဖြောင့်ဖြူးဖို့အတွက်ပါလို့ မေမေ ပြောကောင်းပြောချင်ပါလိမ့်မယ် ... ကျွန်တော် သိပါတယ် ။

ဒါပေမယ့် .... မေမေရယ်
လူတစ်ယောက်ဘဝမှာ အောင်အောင်မြင်မြင်ရပ်တည်ဖို့ဆိုရင် တကယ်လိုအပ်တာက စိတ်ဓာတ်ခိုင်မာအောင် လေ့ကျင့်ပေးရမှာလေ ။ လောကဓံကို ပျော်ပျော်ရွှင်ရွှင် ရင်ဆိုင်နေပျော်အောင် သင်ပေးရမှာလေ ။
` ဆရာဝန်ဖြစ်ရေး ' ဆုဖလားပွဲမှာ ပြိုင်မြင်းတစ်ကောင်လို ကြိမ်နဲ့ရိုက်ပြီး ဝင်ပြေးခိုင်းရတာမျိုး မဟုတ်ဘူး ။

အမေက ကျွန်တော့်ကို ကြိုးစားအောင် တွန်းအားတွေ နေ့တိုင်းပေးတယ် ။ ကျွန်တော် နေ့တိုင်းမပျော်ဘူး ။ ခြေလက်အင်္ဂါ မရှိ / ဆုံးရှူံးတဲ့လူတွေ လောကကြီးကို ပျော်ပျော်ရွှင်ရွှင် ရင်ဆိုင်ပျော်ရွှင်နေချိန်မှာ ကျွန်တော်ကတော့ လပတ်စာမေးပွဲမှာ အဆင့် ( ၂ ) ဖြစ်ရတာကို ကမ္ဘာပျက်သလောက် ဖြစ်နေတယ် ။
မိဘကျေးဇူးကြီးမားပုံတွေ ပြောတာ ကြားရလွန်းအားကြီးတော့ ကျွန်တော့်ကိုယ်ကျွန်တော် တာဝန်မကျေတဲ့ သားဆိုးသားမိုက်တစ်ယောက်လို ခံစားလာရတယ် ။

အမေ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို ထပ်တလဲလဲ ညဉ်းတွားသံ ကြားရဖန်များလာတော့ ကျွန်တော့်ကိုယ်ကျွန်တော် မုန်းတီးစက်ဆုပ်လာတယ် ။ ကျွန်တော့်ရဲ့ အသက်ရှင်မှုကိုလည်း ရွံလာတယ် ။ ငါ ဘာလို့ ရှင်သန်နေရတာလဲ ။

ကျွန်တော်က ဇွတ်အတင်း အခွင့်အရေးယူပြီး `` မေမေ့ဆီမှာ ကျွန်တော် လူလာဖြစ်ပါရစေ , ကျွန်တော့်ကို မွေးပေးပါ " လို့ တောင်းဆိုခဲ့တာမှ မဟုတ်ဘဲ ။ အဖေ သေသွားလို့ အမေတစ်ယောက်တည်း ရုန်းကန်ရတာဟာလည်း ကျွန်တော့် ပယောဂကြောင့်မှ မဟုတ်ဘဲ ။
ေမမေရယ် ........ ။

ကျွန်တော်တို့ဟာ မတော်တဆ ဆုံစည်းကြရတဲ့သူတွေပါလေ ။ မေမေ့မေတ္တာတရားဟာ နက်ရှိူင်းလွန်းလှပါတယ် ။
ဒါပေမယ့် အဲဒါကို အကြောင်းပြုပြီး စကားလုံးတွေနဲ့ ကျွန်တော့်စိတ်ကို နာကျင်ထိရှအောင်လုပ်တာ များလွန်းသွားပြီ ထင်တယ် ... မေမေရယ် ။

ကျွန်တော့်ဘဝရဲ့ ပထမဆုံးချစ်သူကို စက်မှုတက္ကသိုလ် စတုတ္ထနှစ်မှာ ဆုံစည်းခဲ့ရတာ ဖြစ်ပါတယ် ။

တက္ကသိုလ်ကျောင်းသားတစ်ယောက် ရည်းစားထားတာဟာ တကယ့်ကို သမရိုးကျကိစ္စတစ်ခုပါ ။ ဒါပေမယ့် ကျွန်တော့်အတွက်ကျတော့ အဲဒီလို မဟုတ်ခဲ့ဘူး ။ နေ့စဉ်နဲ့အမျှ မတော်တဆ ပေါက်ကွဲမသွားအောင် ဗုံးတစ်လုံးကို လျှျှိ့ဝှက်ထိန်းသိမ်းနေသလို ခံစားရတယ် ။
ကျွန်တော့်မှာ ချစ်သူရှိနေပြီဆိုတဲ့အကြောင်း ဖုံးဖိထားချင်တယ် ။ ဘယ်မှမသိအောင် အမှောင်ချထားချင်တယ် ။ အမေ သိသွားရင် ပြသနာတက်လိမ့်မယ်ဆိုတာ ကျွန်တော် အလိုလိုသိပြီး စိုးရိမ်နေတယ်။

စိုးရိမ်စိတ်ဆိုတာ ကျွန်တော်နဲ့ နေသားတကျ ဖြစ်နေပါပြီ ။ ဘာကိုမဆို အကြောင်းမရှိဘဲ ကျွန်တော် စိုးရိမ်နေလေ့ရှိတာ ကြာပါပြီ ။

အဲဒါ .... ထင်ထင်ရှားရှား တောက်ပလင်းလက်လာတဲ့ ကျွန်တော့်ကိုယ်ခန္ဓာထဲက စိတ္တဇပါပဲ ။
ေနာက်ဆုံး .... ကျွန်တော့်ချစ်သူကတောင် ကျွန်တော်မူပျက်နေတာကို ကြည့်ပြီး ရိပ်မိလာလို့ `` မောင် ... ဘာဖြစ်နေတာလဲ , ဘာလို့ ဒီလောက်တောင် ပုန်းလျှိုးကွယ်လျှိုး လုပ်နေရတာလဲ " လို့ ဗြောင်ဖွင့်မေးယူရတဲ့အထိပါ ။
ေနာက်တော့ ကျွန်တော် စိုးရိမ်တဲ့အတိုင်းပါပဲ ။ အဲဒီစာသင်နှစ် မကုန်ခင်မှာ ကျွန်တော့်အိမ်ကလူတွေက ကျွန်တော့်မှာ ချစ်သူရှိနေမှန်း သိသွားကြပါတယ် ။
အဲဒီတရားစီရင်ခန်းမြင်ကွင်းကို ခုထိ ကျွန်တော် ကောင်းကောင်းကြီး မှတ်မိနေတုန်းပဲ ရှိပါသေးတယ် ။ အမေက ဘာစကားမှမပြောဘဲ တရှုံ့ရှုံ့နဲ့ အကြာကြီးငိုနေတယ် ။ ဦးလေးတွေ , ကြီးဒေါ်တွေကတော့ .... `` မင်းအမေက နောက်အိမ်ထောင်မပြုဘဲ မင်းကို ပြုစုကျွေးမွေး ကျောင်းထားပေးခဲ့တာ , မင်းက အခုတော့ ပညာတောင်မစုံခင် ရည်းစားထားရတာနဲ့ ... ဘာနဲ့ .... "
ဟော ... လာပြန်ပြီ ။ ကျွန်တော့်အမေ နောက်အိမ်ထောင်မပြုတဲ့ကိစ္စ ။ ဒါဟာ သူတို့အတွက် သေချာပေါက် ` နိုင်ဖဲ ' တစ်ချပ် ဖြစ်ခဲ့တယ် ။ ကျွန်တော့်အတွက် သေချာပေါက် ` ကျေးဇူးအကြွေး ' ဖြစ်ခဲ့တယ် ။
ျဖစ်ခဲ့တယ် ။
ကျွန်တော့်အမေ ဖြစ်ခဲ့တာတွေဟာ .... ` ကျွန်တော့်အတွက် ' ဖြစ်ခဲ့တယ် ။ နောက်တစ်နေ့မှာပဲ ချစ်သူကို ကျွန်တော် လမ်းခွဲခဲ့ပါတော့တယ် ။

`` ကျွန်မမှာ ဘာချို့ယွင်းချက်ရှိလို့လဲ " တဲ့ ။

တစ်ဖက်သတ် လမ်းခွဲခံရတဲ့ ချစ်သူက မကျေမနပ်နဲ့ ကျွန်တော့်ကို မေးတယ် ။
မင်းမှာ ဘာချို့ယွင်းချက်မှ မရှိပါဘူး ။ ငါ့မှာတော့ စိတ်ရောဂါရှိတယ် ။ ငါ ဘယ်တော့မှ အိမ်ထောင်မပြုတော့ဘူး ။ ငါ ဘယ်တော့မှ သားသမီးတစ်ယောက်ရဲ့ အဖေ မလုပ်တော့ဘူး ။
တစ်စုံတစ်ယောက်ကို သူ့အလိုဆန္ဒမပါဘဲ လူ့လောကထဲ ခေါ်ဆောင်လာပြီးတော့မှ `` မင်းကို ငါချစ်တယ် , ဒါကြောင့် မင်း ငါ့အလိုဆန္ဒအတိုင်းနေပေးရမယ် " လို့လည်း အကြမ်းမဖက်ချင်ဘူး ။
ကျွန်တော့်ဘဝမှာ ရင်ဆိုင်ဖြတ်သန်းရမယ့် ခါးသီးမှုတွေဟာ ကျွန်တော့်ဝေစုပါ ။ ဒါကို ကလေးအပေါ် ပုံချပြီး `` သားကြောင့် ဖေဖေ ဒါတွေ နာကျင်ခဲ့ရတယ် , သားကြောင့် ဖေဖေ ဒါတွေ စွန့်လွှတ်ခဲ့ရတယ် " လို့ သားသမီးကို စိတ်အနာတရဖြစ်အောင် မလုပ်ချင်ဘူး ။ အားလုံးဟာ တစ်ယောက်ကိုတစ်ယောက် ဒဏ်ရာတွေပေးနေကြတာ ။
အားးးး .... ရှူပ်တယ် ။

ဥမကွဲ သိုက်မပျက်ဖြစ်အောင် တစ်ယောက်လက်ကိုတစ်ယောက် အပြန်အလှန်ကြိုးတုပ်ချည်နှောင်ထားတဲ့ မိသားစုဆိုတာကြီးကို မလိုချင်တော့ဘူး ။

ကျွန်တော့်ဦးနှောက်တွေဟာ အဲဒီကတည်းကစပြီး ဒိန်ချဉ်လို ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့တာပါ ။ တချို့လူတွေကတော့ ဝေဖန်ကောင်းဝေဖန်ကြမယ် ။

`` မင်းလိုမျိုး စဉ်းစားလို့ကတော့ ကမ္ဘာမှာ လူတွေ ဘယ်မွေးဖွားလာကြမှာလဲ ။ လောကကြီး ပျက်စီးသွားမှာပေါ့ " လို့ ။ ဟုတ်ပါတယ် ။ ခင်ဗျားတို့ မှန်ပါတယ် ။ ပုံပျက်ပန်းပျက်ဖြစ်နေတာက ကျွန်တော်တစ်ယောက်တည်းပါ ။

ဒါပေမယ့် ဘာတက်နိုင်မှာလဲဗျာ ။ စိတ္တဇဆိုတာက ( မှန်တာတွေ မှားတာတွေနဲ့ မဆိုင်ဘဲ ) သူ့ဘာသာသူ ရှိနေတဲ့ အရှိတရားပဲလေ ။
ေကျာခိုင်းလှည့်ထွက်ခါနီးမှာ ချစ်သူက တစ်ခွန်းပဲ ပြောသွားတယ် ။
`` ရှင်က အရူးပဲ "

ညနေက ကျွန်တော့်ကို ပြန်ငုံ့ကြည့်နေတယ် ။

လမ်းထိပ်ဆီကို ကျွန်တော် လျှောက်လာတော့ ကျောင်းဆင်းချိန်နဲ့ တိုးနေလို့ ကလေးတွေ လမ်းဖြတ်ကူးတာကို စောင့်နေရသေးတယ် ။ အဖြူအစိမ်းဝတ်စုံနဲ့ ကလေးလေးတွေဟာ ကျောင်းကြိုကားတွေရှိရာဆီကို သွားနေကြတယ် ။ မုန့်သည်တွေဆီကို သွားနေကြတယ် ။ လာစောင့်နေကြတဲ့ သူတို့ရဲ့ မိဘတွေဆီကို သွားနေကြတယ် ။
ကျွန်တော်ရပ်နေတဲ့ ဗန်ဒါပင်နားမှာ အဖေဖြစ်တဲ့သူက သူ့သားချာတိတ်လေးကို ပြောနေတယ် ။
`` မင်းဘေးခုံက ဖြိုးဝေက သချင်္ာမှာ ၁၀၀ ရတယ်ဆို , မင်းက ၈၉ တဲ့ ။ မင်းကို ဖြိုးဝေ ချေး ( ချီး ) ကျွေးဖို့ကောင်းတယ် "
အဆူခံနေရတဲ့ ချာတိတ်လေးက မျက်လုံးလေး ကလယ်ကလယ်နဲ့ သူ့အဖေကို ပြန်မော့ကြည့်နေတယ် ။
`` သြော် ... ကလေးရဲ့စိတ်ကို အနာတရဖြစ်အောင် လုပ်နေပြန်ပေါ့ ........ " လို့ ကျွန်တော် တွေးလိုက်တယ် ။
အဲဒီလူဟာ ကိုယ့်လက်ထဲမှာ ပွင့်နေတဲ့ ပန်းကို ဘာပန်းမှန်းသိအောင် မကြိုးစားချင်ဘူး ။ အလကားလူ ။ ကိုယ့်လက်ထဲမှာ စံပယ်ပွင့်လေး မွှေးဖြူဖြူစင်နေပါလျက်နဲ့ .....
`` မင်းက ဘာလို့ အရောင် မနီတာလဲ , မင်းမှာ ဘာလို့ဆူးတွေ မပါတာလဲ , မင်းကို နှင်းဆီပန်းရဲ့ ချေး ( ချီး ) ကျွေးဖို့ကောင်းတယ် " လို့ ဆူပူမာန်မဲနေတယ် ။
ကလေးအတွက်ရော , အဖေလုပ်တဲ့လူအတွက်ပါ ကျွန်တော် ရိုးရိုးသားသား ဝမ်းနည်းနေမိတယ် ။

လမ်းမပေါ်မှာ အဖြူအစိမ်းဝတ်စုံနဲ့ ကလေးလေးတွေ ထွက်လာကြပြီ ။ သူတို့ ပျော်ရွှင်ခုန်ပေါက်မနေကြဘူး ။ သူတို့ဆူညံမြူးတူးမနေကြဘူး ။

သူတို့ သေဆုံးနေကြပါတယ် ။
ကလေးလေးတွေဟာ အသက်မဲ့လျက်သား လမ်းလျှောက်နေကြတာပါ ။
သူတို့ရဲ့ နှလုံးသားတည့်တည့်မှာ `` မိဘတွေရဲ့ တောင်းဆိုမှု " ကျည်ဆန်ရာတွေနဲ့ .. ။

မင်းခိုက်စိုးစန်

0 comments: