Catwidget1

Arts

ဗီအိုင်ပီရောဂါ

ကျွန်တော်တို့ ရွှေမြန်မာ တွေမှာ ‘ဗီအိုင်ပီ’ ဖြစ်ချင်တဲ့ ရောဂါစွဲ သူ တော်တော်များတယ်။ ရောဂါထတဲ့သူတွေကိုလည်း အပြစ်တော့မတင်ချင်ပါဘူး။ ဗီအိုင်ပီဆိုတာ ‘အရေးကြီးပုဂ္ဂိုလ်’ ဆိုပြီး သူများ ထက် ထူးထူးခြားခြားအခွင့်အရေး များလည်း ရပေတာကိုး။ အခုဆို ရင် ‘ဗီအိုင်ပီ’ ထက် အခွင့်ထူးပိုရ တဲ့ ‘ဗီဗီအိုင်ပီ’ ဆိုတာတောင်မှ ထပ်ပေါ်နေပြန်ပြီ။

ကုန်စိမ်းတန်းက အာလူး တွေ ‘ရှယ်’၊ ‘ထူးရှယ်’၊ ‘ထူးထူး ရှယ်’ လို့ အဆင့်တွေ ခွဲထားသလို ပေါ့။ လုပ်ငန်းအရ၊ တာဝန်အရ၊ ရာထူးဌာနန္တရအရ ‘ဗီအိုင်ပီ’ ဖြစ် ခွင့်ရလို့ ပီကြတာတွေကို ကျွန် တော် မဝေဖန်(ရဲ) ပါဘူး။ အခု ဟာက ကိုယ့်ဟာကိုယ် ‘ဗီအိုင်ပီ’ နေတဲ့ အရေးကြီးပုဂ္ဂိုလ်တွေ အကြောင်း ပြောမှာပါ။
ရွှေနိုင်ငံမှာ နာရေးကားက လည်း ‘ဗီအိုင်ပီ’ ဖြစ်တာပဲ။ နာရေးကားလာရင် ကျန်တဲ့ကားတွေက ရပ်ပေးရတယ်။ မီးပွိုင့်က နီနေရင် တောင်မှ ‘မသာကား’တော့ စိမ်း ပေးရတယ်။ သူကလည်း သချႋုင်း ဖြောင့်ဖြောင့်တန်းတန်းရောက်ဖို့ အရေးကြီးတာကိုး။ နာရေးကား တန်းကြီးတွေ တွေ့ရင် တစ်ချိန်ကမန္တလေးသစ်လွင်အငြိမ့်မှာ ဒါရိုက် တာမောင်မြတ်မှိုှုင်းလုပ်သွားတဲ့ ပြကွက်လေးတစ်ကွက်ကို ပြန် သတိရမိပါရဲ့။

လှေခေတ်၊ လှည်းခေတ်၊ ရှေးခေတ်ကလို ဝတ်စားထားတဲ့ တိုင်းသူပြည်သားနှစ်ယောက်က ပြည်ဖုံးကားရှေ့မှာ ထွက်ရပ်နေ တယ်။ ကားလိပ်နောက်ထဲက ‘ချွင်ချွင်’၊ ‘ချွင်ချွင်’ နဲ့ ချူသံတွေ မြိုင်မြိုင်ပေးပြီး ဖြတ်သွားတဲ့ အသံ ဇာတ်ခုံဘယ်ဘက်က ညာဘက် ကို ဖြတ်သွားတယ်။ ကားချပ်ရှေ့ က လူနှစ်ယောက်က အသံကြား တဲ့အတိုင်း ခေါင်းကို ရွှေ့ပြီး လိုက်ကြည့်ကြတယ်။ ပြီးတော့ တစ် ယောက်က မေးတယ်။ ‘‘ဒီယာဉ် တန်းကြီးက ဘာလဲ’’ တဲ့။ ‘‘လူကြီးခရီးစဉ်၊ ဗီအိုင်ပီယာဉ်တန်းပါ’’ လို့ ပြန်ဖြေတယ်။ အူကြောင် ကြောင်ပုံဖမ်းထားတဲ့ တစ် ယောက်က ‘‘သိပါဘူးကွာ။ ယာဉ် တွေက များတော့ မသာချလာတာလားလို့ပါ’’တဲ့။ ပရိသတ်ကတော့ ရယ်မောကြ၊ လက်ခုပ်တီးကြ၊ လက်ခေါက်တွေ တရွှီရွှီမှုတ်ကြ ပေါ့။ လူတွေရဲ့ရင်ထဲမှာ ဗီအိုင်ပီ ဆိုတာကို မနှစ်မြို့တဲ့ အခံလေး က ရှိနေသေးတာကိုး။

တစ်ခါတုန်းကပေါ့။ တာဝန် ရှိသူတစ်ယောက်ဖြစ်တဲ့ သူငယ် ချင်းနဲ့အတူ လက်ဖက်ရည်ဆိုင် မှာ ကျွန်တော်တို့ထိုင်နေကြပါ တယ်။ သူငယ်ချင်း ဖုန်းအခေါ်ခံ ရတယ်။ ပြဿနာကတော့ ကုန် စည်ပြပွဲလုပ်နေတဲ့ ခန်းမဆောင် ဘေးက လမ်းကို ‘ကိုယ်စားလှယ် တော်ကြီး’ ပါတဲ့ ကားဖြတ်ဖို့ရာ လမ်းပိတ်နေတာကြောင့် ‘ကိုယ် စားလှယ်တော်ကြီး’ က လမ်းလှမ်းရှင်းခိုင်းတာပါ။ တာဝန်ရှိသူ သူ ငယ်ချင်းကတော့ ယာဉ်ထိန်းရဲတို့၊ လုံခြုံရေးမှူးတို့ကို ဖုန်းတွေဆက် ပြီး လမ်းရှင်းပေးဖို့ ညွှန်ကြားပါ တယ်။ အသံတွေကြာပြီး နားကြားပြင်းကတ်နေတဲ့ (ဘာတာဝန်မှ လည်းမရှိတဲ့) ကျွန်တော်ကတော့ ‘‘ဟေ့လူ၊ လမ်းရှင်းပေးစရာမလို ဘူး။ ဒီအချိန်၊ ဒီနေရာမှာ ကုန်စည်ပြပွဲလုပ်နေတာ လူတိုင်းသိတယ်။ လမ်းသွားလမ်းလာများမှာလည်း လူတိုင်း သိတယ်။ လမ်းရှင်းရှင်း သွားချင်ရင် ပြပွဲနဲ့ ကွင်းသွားပေါ့။ လူတွေက အာဏာတယ်ပြချင် ကြသကိုး’’ ဆိုပြီး ဝင်ပြောမိပါ တယ်။ လူဆိုတာမရှိ ရှိတဲ့အာဏာ လေးပြရရင် စားဝင်အိပ်ပျော်ဖြစ် တတ်တာ သဘာဝပေကိုး။ ဒါကို သိရဲ့နဲ့ ကျွန်တော်က လျှာရှည်မိ တာ။

အမြဲတမ်း ‘ဗီအိုင်ပီ’ ခွင့်ရတဲ့ သူက မြိန့်မြိန့်ကြီး ‘ပီ’ သလို တစ် ခါတစ်ရံမှ ‘ပီ’ ခွင့်ရတဲ့သူတွေက လည်း ရတဲ့အခိုက်မှာတော့ မြိန့် မြိန့်ကြီး ‘ပီ’ လေ့ရှိကြပါတယ်။ အလှူပွဲလှည့်တဲ့အခါ၊ မင်္ဂလာ သတို့သား၊ သတို့သမီး ယာဉ်တန်း သွားတဲ့အခါ (နယ်မှာ) ရှေ့ပြေး ဆိုင်ကယ်လူကြီးမင်းအားလုံးဟာ အချိန်ပိုင်း ‘ဗီအိုင်ပီ’တွေပါပဲ။ ဘယ်ယာဉ်စည်းကမ်းလမ်းစည်း ကမ်းမှ မလိုက်နာဘူး။ ဆိုင်ကယ် စီးရင် ဆောင်းရမယ့် အန္တရာယ် ကင်းဦးထုပ်မဆောင်းဘူး။ ဟွန်း တတီတီတီးမယ်။ မီးနီဖြတ်ချင် ဖြတ်မယ်။ သူတို့ကိုလည်း အပြစ် မဆိုနိုင်ဘူး။ သူတို့လည်း အချိန် ပိုင်းတော့ ‘ဗီအိုင်ပီ’။ ‘ဗီအိုင်ပီ’ ဆိုတာ စည်းကမ်းတွေ၊ ဥပဒေတွ မလိုက်နာဘဲ နေခွင့်ရှိတယ်ထင် နေတာကိုး။

‘သားသုံးသား’ ဆိုတာ ရှိ တယ်။ သူတို့ထဲက တချို့ကလည်း ‘ဗီအိုင်ပီ’ အထူးအခွင့်အရေးယူ တယ်။ တာဝန်ရှိသူတွေကလည်း ဥပဒေ၊ စည်းကမ်းဖောက်ဖျက်ရင် တောင်မှ မျက်နှာလွှဲထားတယ်။ ပြဿနာမဖြစ်ချင်ဘူး။ ‘ဗီအိုင်ပီ’ လုပ်ခွင့်ရတော့လည်း ပီချင်တာ ပေါ့။

တစ်ခါတုန်းက ရပ်ကွက် တစ်ရပ်ကွက်မီးလောင်ပါတယ်။ ရပ်ကွက်အဝင်လမ်းမကြီးကို ပိတ် ပြီး တရားပွဲလုပ်ဖို့ စင်တွေ၊ မဏ္ဍပ်တွေထိုးထားတော့ မီးသတ်ကား ဝင်မရဖြစ်နေတယ်။ ကျွန်တော်က တာဝန်ရှိ လူကြီးမင်းသူငယ်ချင်း တွေကို အကျပ်ရိုက်အောင် တစ် ခါတစ်ရံမှာ ချောက်တွန်းတဲ့ မေး ခွန်းတွေမေးပါတယ်။ ‘‘လမ်းပိတ် ပြီး လုပ်တာ မင်းတို့ခွင့်ပြုသလား’’ ဆိုတော့ တာဝန်ရှိသူ သူငယ်ချင်း က ‘‘ကိုယ့်ဆရာ၊ နာချင်လို့လား’’ တဲ့။ ‘‘ပါမောက္ခချုပ် ဆရာတော် ကြီးရဲ့ တရားပဲ အမ်ပီသရီးနဲ့ နာ ပါတယ်’’လို့ ဆင်ဝှေ့ရန်ရှောင် ကျွန်တော်ပြန်ဖြေရဖူးပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ လောက် ရတနာပုံခေတ်ကတည်း က စာဆိုတော် ဦးပုညက ‘‘ဘုရား လိုဏ်ခေါင်းအောင်း၍ မာန်သွေး ဟောင်သည့် ခွေးကို အရေးပြုငှာ ခွင့်မသာသို့’ ဆိုပြီး ထင်လွယ်မြင် လွယ်တဲ့ ဥပမာနဲ့ သင်္ကန်းခြုံထား တဲ့ မုဆိုးသောနုတ္ထိုကို တင်စားပြီး စာရေးဖူးတယ်။ ခွေးကို ခဲနဲ့ပစ်ရင် လည်း ဘုရားထိမယ်။ ဟောင်နေတာကို နားကြားပြင်းကတ်ပေမယ့် မတတ်နိုင်ဘဲ လျစ်လျူရှုရတဲ့ ဒုက္ခက တယ်တော့ မသေးပါဘူး။ ထီး ရိပ်နန်းရိပ်ခိုပြီး မဟုတ်မမှန်တာ လုပ်တတ်တဲ့ လူနပ်လူလည်တွေ ကလည်း ခေတ်အဆက်ဆက်ရှိမြဲ ပေကိုး။

အစိုးရအဖွဲ့တို့၊ အာဏာရှိ ပါတီတို့၊ ဘာသာရေး၊ လူမှုရေး အသင်းအပင်း အဖွဲ့အစည်းတို့ကို ဘက်ဂရောင်းယူပြီး ‘ဘယ်ခွေးမှ လူမထင်ဘူး’ ဆိုတဲ့ အခွင့်အရေး သမားတွေကလည်း ခေတ်အ ဆက်ဆက် ပန်းပန်လျက်ပဲ ရှိတာ ကိုး။ သာမန်ပြည်သူလူထုက ကြော်ငြာထောင်ရင် ထိုက်သင့်သ လို အခွန်အခဆောင်ရပေမယ့် ဘက်ဂရောင်းရှိတဲ့ သူတွေက တော့ အချက်အချာကျတဲ့ နေရာ ကောင်းမှာ ‘ဗီအိုင်ပီ’ လုပ်နေတာ လူထွီစရာဖြစ်လို့ ဖြစ်မှန်းမသိကြ ဘူး။ ဂုဏ်သိက္ခာမြင့်မားတဲ့ ပုဂ္ဂိုလ်ကြီးများရဲ့ ရုပ်ပုံတွေ လမ်းဘေး ချထောင်ထားတာ မလေးစားရာ ကျလို့ ကျမှန်းမသိကြဘူး။ ဒီလို လုပ်သူတွေက ပွဲပြီး မီးသေသမား တွေ။ သူတို့ လမ်းဘေးထောင် ပစ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးများရဲ့ ရုပ်ပုံ တွေ၊ သူတို့ တလူလူလွှင့်ထူပစ်ခဲ့ တဲ့အလံတွေ အချိန်တန်ရုံမက အချိန်လွန်တဲ့အထိ ပြန်သိမ်းဖို့ သတိမရကြဘူး။ ညစ်ပေစုတ်ပြဲ အရောင်မွဲပြီး ကြည့်ရှုမကောင်း လို့လည်း အမြင်မတော်တဲ့သူက သိမ်းမပေးရဲဘူး။ ‘ဗီအိုင်ပီ’ တွေ လုပ်ထားတာမို့ ကိုယ်က စေတနာ နဲ့ လုပ်တာပေမယ့် အမှုက ချဲ့သ လောက် ကြီးသွားနိုင်တာကိုး။

လူ့အဖွဲ့အစည်းက ပရဟိတ သမားဆိုရင် တန်ဖိုးထားပါတယ်။ ‘ဗီအိုင်ပီ’ စာရင်းထဲ ထည့်ထား ပေးတယ်။ ပရဟိတသမားအချို့ လိုင်စင်မဲ့ ဝစ်သောက်ကားတွေ တဝီဝီစီးနေတာတောင်မှ မျက်စိ မှိတ်ထားပေးတဲ့ ကျွန်တော်တို့လူ့ အဖွဲ့အစည်းပါ။ ပရဟိတသမား ဆိုရင် လူ့အဖွဲ့အစည်းက လေး စားတော့ တာဝန်ရှိရဲ၊ အာဏာပိုင် တွေကလည်း တန်ဖိုးထားကြ တော့ မသမာသူတွေက ဝစ် သောက်ကားကို ‘ပရဟိတ’ အမည်ဆေးသုတ် ‘ဗီအိုင်ပီ’ ဓာတ်ဖမ်းပြီး မဟုတ်တာတွေ လုပ်လို့ဖမ်းဆီးရမိတာ ခဏခဏ မြင်ရကြားရတယ်။ ပရဟိတအရေခွံခြုံပြီး ‘မကောင်း မှု’ ကျူးလွန်တယ်။ ပရဟိတအ မည်တပ်ထားတဲ့ ကားနဲ့ တရားမ ဝင် သစ်မှောင်ခိုချတယ်။ မူးယစ် ဆေးကယ်ရီဆွဲတယ်။ ‘ဗီအိုင်ပီ’ အခွင့်အရေးကို တလွဲမှာ သုံး စားတာပါ။

AMBULANCE လို့ စာလုံး ကပ်၊ ခေါင်းပေါ်မှာ မီးလည်တပ် ထားတဲ့ကားကလည်း ကားချင်း ယှဉ်ရင်တော့ ‘ဗီအိုင်ပီ’ ပဲ။ သူ့ကို ဦးစားပေးရတယ်။ ဦးစားပေးခံရ တဲ့ အရသာကို သိသွားတော့ အ ရေးကြီးကြီး၊ မကြီးကြီး၊ လူနာပါပါ၊မပါပါ အရေးပေါ်မီးလည်ဖွင့်ပြီး အခွင့်အရေးယူသူက ယူတတ်ပါတယ်။

ရွှေမြန်မာတွေ ‘ဗီအိုင်ပီ’ ချင် တာလည်း အပြစ်တော့ မြင်ရခက် ပါတယ်။ ‘ဗီအိုင်ပီ’ ဆိုရင် အခွင့် ထူးခံဖြစ်သွားတာကိုး။ လူချင်း အတူတူ ခေါင်းတစ်လုံးမြင့်သလို လိုဖြစ်သွားတာကိုး။ ဟောက်စား၊ ခြောက်စားလုပ်စားတတ်သူ ‘ဗီ အိုင်ပီ’ ဖြစ်ခွင့်ရလို့ကတော့ ရွာနာ မှာပါပဲ။

‘ဗီအိုင်ပီ’ ဆိုသူ လူကြီးမင်း များက သာမန်ပြည်သူလူထုထက် အလွန်ထူးခြားတဲ့ အခွင့်အရေး တွေ ခံစား၊ စံစားတာလျှော့ပြီး ‘ပြည်သူနဲ့အတူ’ ဆိုရင်တော့ ‘ဗီအိုင်ပီရောဂါ’ လျော့တန်သလောက် လျော့ပါလိမ့်မယ် (ထင်ပါရဲ့)။

0 comments: