Catwidget1

Arts

ကျောင်းတွင်း ဒီမိုကရေစီ အခန်း(၁)

ရေးသားသူ  ✒️✒️✒️ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်

တပည့်များက ဆရာ့အား ချစ်ကြောက် ရိုသေရမည်ဟူသော ဥပဒေသည် ဆရာများက အတင်းအကျပ် ဖန်တီးပေးရမည့် ဥပဒေသ မဖြစ်စေရ။ တပည့်များ၏ စိတ်တွင် အလိုအလျောက် ပေါ်ပေါက်လာရမည့် ဥပဒေသသာလျှင် ဖြစ်စေသင့်သည်။ တပည့်ကျောင်းသား များက ဆရာသမားများအား အလိုအလျောက် ချစ်ခင်ခြင်း၊ အလိုအလျောက် ကြောက်ရွံ့ရိုသေခြင်း ရှိပါမူ ဤကျောင်းမျိုးသည် ဒီမိုကရေစီပညာ ဖြန့်ဖြူးရန် အကောင်းဆုံးသော ကျောင်းဖြစ်လာပေမည်။ အထက်က ချစ်ခိုင်း၍ ချစ်ရခြင်း၊ ကြောက်ခိုင်း၍ ကြောက်ရခြင်း၊ ရိုသေခိုင်း၍ ရိုသေရခြင်းဟူသော အဖြစ်အပျက်များမှာ ဒီမိုကရေစီနှင့် အလွန်ဝေးကွာသော အင်္ဂါရပ်များ ဖြစ်ကြပေသည်။

အခန်း (၁)
ဒီမိုကရေစီ၏ နောက်ခံကား

ဤအခန်းတွင် စာသင်ကျောင်းများ၌ ဒီမိုကရေစီကို ကျင့်သုံးဆောက်တည်ကြရာတွင် မည်သို့သော နောက်ခံကားများ ရှိသင့်သည်ဟူသော အချက်ကို ကျွန်ုပ်တို့ ဆွေးနွေးပေအံ့။ ထိုသို့မဆွေးနွေးမီ ကျောင်းတွင်း ဒီမိုကရေစီဟူသော စကားအဓိပ္ပါယ်ကို ကျွန်ုပ်တို့စစ်ဆေးကြရန် လိုအပ်ပေသည်။ ဒီမိုကရေစီကို ကျင့်သုံးသော ကျောင်းများတွင် သိသာသောအချက်တစ်ရပ်မှာ ကျောင်းလောကအတွင်း၌ ဆက်ဆံရေးသည် ပြေပြေပြစ်ပြစ် ရှိ၍ သဘောထားကြီးမှုများကို တွေ့မြင်နိုင်ပေသည်။ ဆက်ဆံရေးဆိုသည်မှာလည်း ကျောင်းသူကျောင်းသား အချင်းချင်းဆက်ဆံရေး ၊ ဆရာနှင့်တပည့် ဆက်ဆံရေး၊ ဆရာနှင့် မိဘ ဆက်ဆံရေးများကို ဆိုလိုပေသည်။ ထိုသို့ဆက်ဆံရေးကောင်းမွန်ချောမောခြင်းသည် ဒီမိုကရေစီ၏ အရေးကြီးသော အသွင်တစ်ရပ် ဖြစ်၏။

စာသင်ကျောင်းများကို သုံးမျိုး သုံးစားခွဲခြား၍ ရလေသည်။ ပထမအမျိုးကို (ဖွဲ့စည်းထားသော ကျောင်း) ဟု ဆိုကြပါစို့။ ထိုကျောင်းမျိုးတွင် အလုပ်ရုံများ၊ ဆိုင်ကြီးများကဲ့သို့ ဣန္ဒြေရရ စည်းကမ်းကျကျ ရှေးရိုး မပျက် သင်ကြားပို့ချသော စနစ်ကို တွေ့နိုင်ပေသည်။ ထိုကျောင်းများ၏ လုပ်ငန်းမှာ ကျောင်းသူ ကျောင်းသား ကလေးများကို လက်ခံပြီးလျှင် သတ်မှတ်ထားသော ဘာသာရပ်များကို တဆင့်ပြီး တဆင့် သင်ကြားပို့ချ စာမေးပွဲစစ်၍ အတန်းတင်၊ အတန်းကုန်သောအခါ ကျောင်းမှ ထွက်စေ၍ စာကိုသာ ဂရုစိုက်၍ ပို့ချသော ကျောင်းမျိုး ဖြစ်လေသည်။

စာကို ဂရုစိုက်၍ သင်ကြားပို့ချခြင်းသည် ကျောင်းတိုင်း၏ လုပ်သင့်လုပ်ထိုက်သော လုပ်ငန်းတစ်ရပ်ဖြစ်ပေသည်။ သို့ရာတွင် ထိုလုပ်ငန်းသည် ကျောင်း၏လုပ်ငန်းအကုန်မဟုတ်ပေ။ နေမှု ထိုင်မှု ဆက်ဆံမှုစသော လူ့ကိစ္စများကို လစ်လျူရှုသဖြင့် ကျောင်းသားများသည် ထိုကျောင်းမျိုးကို အလုပ်ရရာ ရကြောင်း အလုပ်ရုံတစ်မျိုးသဖွယ် သဘောထားတတ်ကြလေသည်။ ထိုကျောင်းမျိုးသည် သူငယ်သူငယ်မများအား အလုပ်ရစေရန် ဖန်တီးပေးနိုင်မည်ဖြစ်သော်လည်း လူ့လောကတွင် မည်ကဲ့သို့ နေထိုင်လုပ်ကိုင်ရမည်ဟု သင်ကြားမပေးကြချေ။ ထို့ကြောင့် ထိုစာသင်ကျောင်းမျိုးသည် ကျေနပ်ဖွယ်ရာကောင်းသော ကျောင်းများ မဖြစ်နိုင်ပေ။ ဆရာများ၏ ရည်ရွယ်ချက် မှာ ကျောင်းသူကျောင်းသားများသည် အတန်းစာမေးပွဲများ အောင်မြင်ကြ၍ အလုပ်တစ်ခုခုကို လုပ်ကိုင်နိုင်ကြစေရန် ဖြစ်လေသည်။ ထိုကျောင်းမျိုးသည် ပတ်ဝန်းကျင် လူ့လောကနှင့် ဆက်စပ်၍ မရသော ကျဉ်းမြောင်းလှသည့် ကျောင်းလောက ကလေးမျှသာဖြစ်၏။


ဒုတိယအမျိုးကို (မိသားစုကျောင်း) ဟုခေါ်ဆိုကြပါစို့။ ထိုကျောင်းများသည် အရေအတွက်အားဖြင့် အလွန်နည်းပါးလှပေသည်။ ထိုကျောင်းများ၏ ရည်ရွယ်ချက်မှာ ပဌမအမျိုးအစားကျောင်းများကို မနှစ်မြို့ကြ၍ ထူးခြားသော အသွင်ဖြင့် ကျောင်းသစ်ထွင်မည်ဟူသော ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ထားခြင်း ဖြစ်လေသည်။ အဓိကရည်ရွယ်ချက်မှာ ထိုကျောင်းများတွင် တက်ရောက်သင်ကြားကြသော ကျောင်းသူ ကျောင်းသား များသည် စိတ်ပျော်ရွှင်စွာ မိသားစုတစ်ခုကဲ့သို့ ခင်မင်ရင်းနှီးစွာ နေထိုင်ဆက်ဆံနိုင်ကြရန် ဖြစ်ပေသည်။ သို့ရာတွင် ဒီမိုကရေစီလောကသို့ ဝင်ရောက်ရမည်ဖြစ်သော ကျောင်းသား သူငယ်များအား ပျော်ရွှင်မှု တစ်ခုတည်း သတ်သတ်ရနိုင်သော ကိစ္စမဟုတ်ပေ။ ပျော်ရွှင်မှုသည် ကိစ္စတခုခုကို ပြုလုပ်ပြီးစီး၍သော်၎င်း နေထိုင်မှု၊ ဝတ်မှု၊ စားမှု၊ ပြည့်စုံ၍ သော် ၎င်း၊ ရရှိသည့်စိတ်၏ အနေအထားကို ဖော်ပြခြင်းမျှသာဖြစ်လေသည်။ ထို့ကြောင့် ပျော်ပျော်နေတတ်အောင် သင်ကြားပေးသည် ဆိုသည်မှာ အဓိပ္ပာယ်မရှိလှပေ။ အချင်းချင်း မိသားစု ပမာ ရင်းနှီးအောင် သင်ကြားပေးခြင်း၊ စုစုဝေးဝေး ပျော်ပျော်ရွှင်ရွှင်နေတတ်အောင် သင်ကြားပေခြင်း စသည်တို့ မှာ များစွာ လိုလား အပ်သော်လည်း ပြည့်စုံသော ကျောင်းတွင်းလောက မဟုတ်သေးပေ။

တတိယအမျိုးအစား ဖြစ်သော ကျောင်းများသည် အထက်ပါ ကျောင်းမျိုးထက် လုပ်ငန်းပိုမိုကျယ်ဝန်း၏။ ထိုကျောင်းမျိုးတွင် ကျောင်းသင်ဘာသာရပ်များကို သင်ကြားပေးခြင်း၊ ကျောင်းတွင်းလောကရှိ သူငယ် သူငယ်မများအား မိသားစုကဲ့သို့ ပျော်ပျော်ရွှင်ရွှင် ရင်းရင်းနှီးနှီး နေထိုင်ဆက်ဆံနိုင်ရန် သင်ကြားပေးခြင်း သာမက ဒီမိုကရေစီ အလေ့အထများကိုလည်း လိုက်နာ ကျင့်သုံးစေလေသည်။ ထိုကျောင်းမျိုးကို (ဒီမိုကရေစီကျောင်း) ဟူ၍ ခေါ်ဆိုကြပါစို့။ ထိုကျောင်းတွင်းလောက၌ ကျောင်းသား ကျောင်းသူများသည် အပေးအယူ စိတ်ထားဖြင့် အများအကျိုးအတွက် မိမိက အနစ်နာခံလိုစိတ်ရှိခြင်း၊ ကျောင်းတွင်းလောက ပြေပြစ်စေရန် မိမိက တတ်အားသမျှ ကူညီခြင်း၊ တာဝန်အသီးသီးကို မျှတထမ်းဆောင်ခြင်း၊ စာမေးပွဲအောင်ရန် ပျော်ရွှင်ရန် ဟူသော ရည်ရွယ်ချက်များကိုသာမက တနေ့တွင် လူ့လောကကြီး၌ အကျိုးရှိစွာ ပါဝင်ဆောင်ရွက်နိုင်ရန် ဟူသော ရည်ရွယ်ချက်ကြီးကိုလည်း ထားရှိစေသော ကျောင်းမျိုးသာ ဖြစ်ပေသည်။ ဤစာအုပ်ငယ်ကို ဤကျောင်းမျိုး ပေါ်ပေါက်ရေးအတွက်သာ ရည်ရွယ်၍ ရေးသားရခြင်းဖြစ်ပေသည်။ ထိုကျောင်းမျိုးပေါ်ပေါက်စေရန်မှာလည်း ကျောင်းသားကော်မတီများ၊ ကျောင်းကောင်စီများ မည်မျှပင် ဖွဲ့စည်းထားစေကာမူ တကယ့် ဒီမိုကရေစီ စိတ်ထားကို မွေးမြူခြင်း မရှိလျှင် အောင်မြင်မည်မဟုတ်ပေ။ အထူးသဖြင့် ကျောင်းဆရာကြီးများနှင့် ကျောင်း ဆရာအချို့က စိတ်ပါဝင်စားစွာ ဂရုပြု၍ ဆောင်ရွက်ပါမှသာလျှင် အောင်မြင်နိုင်ပေမည်။

စာသင်ကျောင်းများတွင် ဒီမိုကရေစီ စိတ်ထား မွေးမြူရန်အတွက် ဆက်ဆံမှုသည် အရေးကြီး၏။ ဆက်ဆံမှု အောင်မြင်စေရန်အတွက်မှာလည်း ဆရာကြီးလုပ်သူသည် အဓိက အရေးကြီးဆုံးဖြစ်လေသည်။ ဆရာကြီး လုပ်သူသည် မိမိကိုယ်ကို သြဇာပေးသူ အဖြစ်ဖြင့်သာ မှတ်ယူလျှင် မိမိ၏ကျောင်း၌ ဒီမိုကရေစီ ရှိမည် မဟုတ်ပေ။ ထိုနည်းအတူပင် ဆရာကြီးလုပ်သူသည် စေတနာလွန်ကဲ၍ မိမိ၏သြဇာအာဏာများကို လုံးဝစွန့်လွှတ်ပြီး သကာလ ကျောင်းသားများအား ဒီမိုကရေစီ အခွင့်အရေးများအားလုံးကို ပေးအပ်လိုက်လျှင် လည်း မိမိ၏ ကျောင်းသည် အကွပ်မရှိသော တောင်းပမာ ဖရိုဖရဲဖြစ်မည်မှာ သေချာပေသည်။ ကျောင်း ဆရာကြီးအဖြစ်ဖြင့် မိမိတွင် သတ်မှတ်ထားသော တာဝန်များရှိနေလေသည်။ အာဏာအချို့ကို လွှဲအပ်ရာတွင် ကျောင်းသားများ၏ အသိဉာဏ်၊ ကျောင်းသားများ၏ စွမ်းဆောင်နိုင်ခြင်း၊ ကျောင်းသားများ၏ ကိုယ်တွေ့ ဗဟုသုတများကို ထောက်ထားနှိုင်းချိန်၍သာ လွှဲအပ်ရပေမည်။ သတင်းစာ အယ်ဒီတာ တစ်ဦးသည် တခါက အောက်ပါအတိုင်း မှတ်ချချဘူးလေသည်။ ‘အယ်ဒီတာကောင်းဆိုသည်မှာ မိမိ၏ ပင်ကိုယ်ဉာဏ်နှင့် အကျင့် စရိတ္တသည် မိမိ၏ သတင်းစာတွင် မိမိ၏ အရိပ်ကဲ့သို့ အမြဲမပြတ်ထင်နေရပေသည်။ သို့ရာတွင် ၇ ရက်ခန့် မိမိ အလုပ်မလုပ်ဘဲနေလျှင်လည်း မိမိ၏ သတင်းစာသည် မူမပျက်ဘဲ ဆက်လက်၍ မိမိ၏ အရိပ်သာလျှင် ထင်နေပေဦးမည်’ ။ ဤမှတ်ချက်သည် ကျောင်းဆရာကြီးကောင်းနှင့်လည်း သက်ဆိုင်ပေသည်။ ဒီမိုကရေစီကို ချစ်ခင်မြတ်နိုးသော ကျောင်းဆရာကြီးသည် တကျောင်းလုံး၏ ကိစ္စအဝဝတွင် မိမိ၏ အရိပ် ထင်နေရန် အရေးကြီး၏။ သို့ရာတွင် ကျောင်းလောကအတွင်းရှိ ပုဂ္ဂိုလ်တိုင်းကလည်း တာဝန်အသီးသီးကို ထမ်းဆောင် ကြရသဖြင့် ကျောင်းဆရာကြီးသည် အခိုက်အတန့်အားဖြင့် မရှိသည့်တိုင်အောင် ကျောင်း၏ (မူ) သည် ပျက်သွားခြင်း မရှိနိုင်ပေ။


ကျောင်းတွင်း ဒီမိုကရေစီ အောင်မြင်စေရန်အတွက် ကျောင်းဆရာကြီးနှင့် လက်ထောက် ဆရာ၊ ဆရာမများ၏ ဆက်ဆံရေးသည် ပြေပြစ်ချောမောရန် အရေးကြီး၏။ ရင်းနှီးစွာ ဆွေးနွေးတိုင်ပင်ခြင်း၊ ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ခြင်း၊ တစ်ဦးကိုတစ်ဦး လေးစားခြင်းစသည်တို့သည် များစွာ အထောက်အပံ့ ဖြစ်စေနိုင်ပေသည်။ ထမ်းဆောင်ရမည့် တာဝန်ကိုလည်း အသီးသီးမျှတ၍ ထမ်းဆောင် ကြရသဖြင့် လူတိုင်း လူတိုင်းပင် တာဝန်သိတတ်သော စိတ်ကို ပိုမို မွေးမြူကြလေသည်။ စုပေါင်းဆွေးနွေးရာ၌လည်း ပွင့်ပွင့် လင်းလင်း ထုတ်ဖော်ဆွေးနွေး နိုင်ကြသဖြင့် ခရီးရောက်နိုင်၏။ အကယ်၍ ဆရာကြီးလုပ်သူသည် အာဏာရှင် ဆန်ဆန်ပြုကျင့်ပါက လက်ထောက် ဆရာ ဆရာမများသည် မိမိတို့ပြောလိုသော အချက်များကို ဖွင့်ဟ၍ ပြောရဲမည်မဟုတ်ရာ ကျောင်း၏တိုးတက်ရာ တိုးတက်ကြောင်းသည် များစွာထိခိုက်စရာရှိလေသည်။ ထို့ကြောင့် ကျောင်းဆရာ ဆရာမ များအားလုံးသည် လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရှိကြရန် အရေးကြီးပေသည်။

ကျောင်းဆရာကြီးနှင့် ကျောင်းသားများ၏ ဆက်ဆံရေးသည် သာ၍ပင်အရေးကြီးပေသည်။ အချို့နာမည်ကျော် ကျောင်းကြီးများတွင် ဆရာကြီးလုပ်သူနှင့် တပည့်များသည် ရံဖန်ရံခါ တွေ့ဆုံ၍ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ဆွေးနွေးတတ်ကြသည်။ ဤအလေ့အထမျိုးသည် ဒီမိုကရေစီ အလေ့အထကို ပြုစုပျိုးထောင်ခြင်းပင်ဖြစ်၍ များစွာ လိုလားအပ်ပေသည်။ ဆရာကြီးသည် အာဏာရှင် ဆန်လျှင်မူကား တပည့်များသည် ကြောက်ရွံသော စိတ်ဖြင့် မိမိတို့ပြောလိုသော ဆန္ဒကို ဖုံးဖိ၍ ထားမည်သာတည်း။ တပည့်များက ဆရာ့အား ချစ်ကြောက် ရိုသေရမည်ဟူသော ဥပဒေသည် ဆရာများက အတင်းအကျပ် ဖန်တီးပေးရမည့် ဥပဒေသ မဖြစ်စေရ။ တပည့်များ၏ စိတ်တွင် အလိုအလျောက် ပေါ်ပေါက်လာရမည့် ဥပဒေသသာလျှင် ဖြစ်စေသင့်သည်။ တပည့်ကျောင်းသား များက ဆရာသမားများအား အလိုအလျောက် ချစ်ခင်ခြင်း၊ အလိုအလျောက် ကြောက်ရွံ့ရိုသေခြင်း ရှိပါမူ ဤကျောင်းမျိုးသည် ဒီမိုကရေစီပညာ ဖြန့်ဖြူးရန် အကောင်းဆုံးသော ကျောင်းဖြစ်လာပေမည်။ အထက်က ချစ်ခိုင်း၍ ချစ်ရခြင်း၊ ကြောက်ခိုင်း၍ ကြောက်ရခြင်း၊ ရိုသေခိုင်း၍ ရိုသေရခြင်းဟူသော အဖြစ်အပျက်များမှာ ဒီမိုကရေစီနှင့် အလွန်ဝေးကွာသော အင်္ဂါရပ်များ ဖြစ်ကြပေသည်။

အထက်တွင် ဆိုခဲ့သည့်အတိုင်း ဆရာကြီးနှင့် ဆရာများ ရင်းနှီးစွာဆက်ဆံခြင်း ဆရာကြီးနှင့် တပည့်များ ရင်းနှီးစွာ ဆက်ဆံခြင်း ရှိခဲ့သော် ဆရာများနှင့် တပည့်များ ရင်းနှီးစွာ ဆက်ဆံမှုလည်း ရှိမည်မှာ မလွဲပေ။ ထိုကဲ့သို့ ကျောင်းတွင်း ဆက်ဆံမှုများသည် ပြေပြစ် ရင်းနှီးပါမူကား ဒီမိုကရေစီမျိုးစေ့ ချရန် အလွန်ကောင်းသော မြေသြဇာရှိပြီဟု ဆိုနိုင်ပေသည်။

0 comments: