Catwidget1

Arts

ကျောင်းတွင်း ဒီမိုကရေစီ အခန်း (၃)

ရေးသားသူ  ✒️✒️✒️ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်
စည်းကမ်းဆိုသည်မှာ တစ်ဦးတစ်ယောက်က (ဝါ) လူတစ်စုက အတင်းအကြပ် ပြုလုပ်ထားရှိသဖြင့် ကျန်လူအများက လိုက်နာရသည့် စည်းကမ်းမျိုးမဟုတ်ဘဲ လူတိုင်းလူတိုင်းက သဘောပေါက်ပြီးလျှင် ကျင့်ကြံ လိုက်နာကြရသည့် စည်းကမ်းမျိုး ဖြစ်စေလိုပေသည်။ လူအများနှင့် ရောနှောနေထိုင်ရသဖြင့် လူအများ၏ အကျိုးအတွက် (ဝါ) လူအများအား အနှောက်အယှက်မဖြစ်စေရန်အတွက် စောင့်စည်းရသော စည်းကမ်းသည် ချုပ်ချယ်မှုမဖြစ်စေရ။ လူတိုင်းလူတိုင်းက ပွင့်ပွင့်လင်းလင်းသဘောပေါက်ပြီး လိုက်နာရမည့် စည်းကမ်းမျိုးသာ ဖြစ်ရပေမည်ဟု ဆိုလေသည်။ တနည်းအားဖြင့် ဆိုသော် အထက်လူကြီးသည် စည်းကမ်းသတ်မှတ်သော အာဏာပိုင် လူကြီးမဟုတ်ဘဲ မိမိကိုယ်တိုင် စည်ကမ်းကို လိုက်နာကျင့်ကြံသော ခေါင်းဆောင်အဖြစ် လမ်းပြအဖြစ် ပူးတွဲလုပ်ကိုင်သူအဖြစ်သာလျှင် ပါဝင်ရမည်ဟု ဆိုလေသည်။
အခန်း (၃)
စည်းကမ်းနှင့် အာဏာ
  
စည်းကမ်းနှင့်ပတ်သက်၍ အယူအဆ (၂)မျိုး (၂) စား ခွဲခြား၍ ရပေသည်။ ပထမတစ်မျိုးမှာ စည်းကမ်းတွင် ချုပ်ချယ်မှု ပါရှိရမည်ဟူသော ယူဆချက်ပင်ဖြစ်၏။ ဥပမာ ကလေးသူငယ်များသည် ကြမ်းတမ်း ခြင်း၊ ဆူညံခြင်း စသည့်စိတ်ရိုင်းများရှိလျှင် ချုပ်ချယ်ပေးရမည်ဟု ယူဆခြင်းပင်ဖြစ်ပေသည်။ ဤစည်းကမ်းမျိုး မှာ အထက်ကအောက်သို့ ဆင်းသက်လာသော စည်းကမ်းဖြစ်သဖြင့် စည်းကမ်းပြုလုပ်သူနှင့် စည်းကမ်း လိုက်နာသူဟူ၍ နှစ်မျိုး နှစ်စားရှိရပေသည်။ စည်းကမ်းပြုလုပ်သူမှာ သြဇာပေးသူဖြစ်၍ လိုက်နာသူများမှာ သြဇာပေးခံရသူများ ဖြစ်ကြလေသည်။

စည်းကမ်းနှင့် ပတ်သက်၍ ဒုတိယအယူအဆမှာ အကျဉ်းအားဖြင့် ဖော်ပြရသော် သဘာဝစည်းကမ်း (ဝါ) အချုပ်အချယ်မရှိသော စည်းကမ်း ဟူ၍ ခေါ်ဆိုနိုင်ပေသည်။ ထိုအယူအဆသည် လူ့လောကနှင့် ပတ်သက်၍ လွတ်လပ်မှုကို လိုလားသော သူတို့ ကြိုက်နှစ်သက်သည့် အယူ အဆဖြစ်ပေသည်။ စည်းကမ်းဆိုသည်မှာ တစ်ဦးတစ်ယောက်က (ဝါ) လူတစ်စုက အတင်းအကြပ် ပြုလုပ်ထားရှိသဖြင့် ကျန်လူအများက လိုက်နာရသည့် စည်းကမ်းမျိုးမဟုတ်ဘဲ လူတိုင်းလူတိုင်းက သဘောပေါက်ပြီးလျှင် ကျင့်ကြံ လိုက်နာကြရသည့် စည်းကမ်းမျိုး ဖြစ်စေလိုပေသည်။ လူအများနှင့် ရောနှောနေထိုင်ရသဖြင့် လူအများ၏ အကျိုးအတွက် (ဝါ) လူအများအား အနှောက်အယှက်မဖြစ်စေရန်အတွက် စောင့်စည်းရသော စည်းကမ်းသည် ချုပ်ချယ်မှုမဖြစ်စေရ။ လူတိုင်းလူတိုင်းက ပွင့်ပွင့်လင်းလင်းသဘောပေါက်ပြီး လိုက်နာရမည့် စည်းကမ်းမျိုးသာ ဖြစ်ရပေမည်ဟု ဆိုလေသည်။ တနည်းအားဖြင့် ဆိုသော် အထက်လူကြီးသည် စည်းကမ်းသတ်မှတ်သော အာဏာပိုင် လူကြီးမဟုတ်ဘဲ မိမိကိုယ်တိုင် စည်ကမ်းကို လိုက်နာကျင့်ကြံသော ခေါင်းဆောင်အဖြစ် လမ်းပြအဖြစ် ပူးတွဲလုပ်ကိုင်သူအဖြစ်သာလျှင် ပါဝင်ရမည်ဟု ဆိုလေသည်။

မည်သည့်ကျောင်းတွင်မဆို ပညာဉာဏ်အဆင့်အတန်း ရာထူး အဆင့်အတန်းများကြောင့် ကျောင်းဆရာကြီး နှင့် ဆရာ ဆရာမများသည် ကျောင်းသူ ကျောင်းသားများထက်ပို၍ အခွင့်အရေးအများပြား ရရှိကြ၏။ အတန်းတိုင်း အတန်းတိုင်းက ရွေးကောက်တင်မြှောက်ထားသော မော်နီတာခေါ် အတန်းအုပ်များသည်လည်း ပို၍အခွင့်အရေးရရှိကြပေသည်။ ဤကဲ့သို့ အခွင့်အရေးကွဲပြားခြားနားသော်လည်း အာဏာနှင့် ပတ်သက်၍ မူကား ဒီမိုကရေစီ ကျောင်းများတွင် ဆရာနှင့် တပည့်၊ အတန်းအုပ်နှင့် ဤကျောင်းသားများသည် ကွဲပြားခြင်းမရှိစေသင့်ဟု ဒီမိုကရေစီဝါဒီတို့က ဆိုကြကုန်သည်။ ထိုသို ခွဲခြားခြင်းမပြုသဖြင့် ကျောင်းဆရာကြီးများနှင့် ဆရာ ဆရာမများ၏ သြဇာ အာဏာသည် မှေးမှိန်၍ မသွားရုံမျှမက တိုး၍ပင်လာသည်ဟု ၎င်းတို့ က စိတ်ချ ယုံကြည်ကြလေသည်။ သြဇာအာဏာသည် လူတစ်ဦးတည်း (ဝါ) လူတစ်စုတည်းပိုင် မဟုတ်စေဘဲ လူအများပိုင်ဖြစ်သည်ဟု ယူဆချက်သည် ဒီမိုကရေစီဝါဒ၏ အရေးကြီးသော သဘောတရားကြီးဖြစ်၏။ ထို ယူဆချက်ကို စာသင်ကျောင်းများတွင်လည်း အကောင်အထည်ဖော်နိုင်လျှင် ကျောင်းဆရာကြီးနှင့် ဆရာ ဆရာမများ၏ လုပ်ငန်းသည် ပိုမိုလွယ်ကူလာမည့် အပြင် ပဋိပက္ခမှုတို့သည်လည်း ပေါ်ပေါက်လာမည်မဟုတ်ပေ။


သြဇာအာဏာသည် အထက်မှအောက်သို့ ဆင်းသက်ထားသော ပစ္စည်းမဟုတ် အားလုံး ညီညီညွတ်ညွတ် စိတ်တူသဘောတူ ပြဌာန်းထားသော ပစ္စည်းဖြစ်သည်ဟု သဘောပေါက်ကြလျှင် လုပ်ငန်းအရပ်ရပ်သည် လွယ်ကူလာမည့်အပြင် ကျေနပ်မှု၊ တိုးတက်မှုစသည့် အကျိုးများလည်း ပေါ်ထွန်းလာပေမည်။ ဥပမာ ကျောင်းဝင်းအတွင်းရှိ အလှစိုက်ထားသော မြက်ခင်းပေါ်တွင် မည်သူမဆို လမ်းမလျှောက်ရ၊ လမ်းလျှောက်သည်ကို တွေ့လျှင် ဒဏ်ငွေ နှစ်ပဲပေးဆောင်ရမည်ဟူသော စည်းကမ်းကို သတ်မှတ်ထား၏။ ထိုစည်းကမ်းကို ဆရာတစ်ဦးတစ်ယောက်ကဖြစ်စေ၊ ကျောင်းသား တစ်ဦးတစ်ယောက်ကဖြစ်စေ ဖောက်ဖျက်လျှင် ဒဏ်ငွေ ပေးဆောင်စေရမည်။ ထိုကဲ့သို့ သတ်မှတ်ထားသော စည်းကမ်းကို ဆရာရော ကျောင်းသားပါ စောင့်ထိန်းပါမှသာလျှင် ကျေနပ်မှု၊ တိုးတက်မှု၊ သာယာသော လူ့လောကတည်ဆောက်မှုများ ဖြစ်နိုင်ပေမည်။ ပြုလုပ်ထားသော စည်းကမ်းများကို ကျောင်းသားများကသာ လိုက်နာ၍ ဆရာများက မလိုက်နာခဲ့သော် ဒီမိုကရေစီ၏ ရည်ရွယ်ချက်များ ကွယ်ပျောက်မည်သာမက ဒီမိုကရေစီ တည်ဆောက်၍ မရနိုင်သော ကျောင်းမျိုးသာလျှင် ဖြစ်ပေတော့မည်။

ဒီမိုကရေစီကျောင်းနှင့် ဒီမိုကရေစီမဟုတ်သော ကျောင်းများ ခွဲခြား သဘောပေါက်နိုင်စေရန်အတွက် တခါတရံကျောင်းများတွင် ကျောင်းသူ ကျောင်းသား တို့၏ ဗဟုသုတအလို့ငှာ အာဏာရှင်ဆန်ဆန်အုပ်ချုပ်၍ ပြသင့်ပေသည်။ ဆရာကြီးလုပ်သူက ကျောင်းသားကျောင်းသူများအား ခေါ်ယူတွေ့ဆုံ၍ ချိန်းဆိုသော နေ့တစ်နေ့တွင် ကျောင်းကို ဒီမိုကရေစီမဟုတ်သော စနစ်ဖြင့် အုပ်ချုပ်မည်။ ထိုနေ့တွင် ကိုယ်တွေ့ကို မှတ်သားပြီးလျှင် ထိုစနစ်ကို ကြိုက် မကြိုက် ပြောပြနိုင်သည်ဟု ကြေငြာပေးရမည်။ ထိုသို့ ကြေငြာပြီးနောက် ကန့်သတ် ချိန်းဆိုထားသော နေ့တစ်နေ့တွင် ကျောင်းဆရာကြီးကအစ ဆရာ ဆရာမများသည် သြဇာ အာဏာနှင့်သာ အုပ်ချုပ်၍ ပြရမည်။ မည်ကဲ့သို့ အုပ်ချုပ်မည်ဆိုသော အသေးစိတ် အချက်အလက်များကို ကြိုတင်၍ စီစဉ်ထားလျှင် ပို၍ ထိရောက်၏။ ထိုနေ့တွင် ကျောင်းသူကျောင်းသားများကို အာဏာနှင့်သာလျှင် အုပ်ချုပ်၏။ ကျောင်းတွင် လုံးဝဆူညံခြင်းမရှိရ၊ စာသင်ရာတွင်လည်း ဆရာက အာဏာသုံး၍ ပြန်လှန်မေးခွန်းထုတ်ခြင်း ခွင့်မပြုဘဲ နှီးနှောခြင်း၊ ဆွေးနွေးခြင်း လုံးဝမရှိ၊ ကြိမ်းမောင်းရိုက်နှက်ခြင်းမျိုးလည်း ရှိပေသည်။ ကျောင်းတစ် ကျောင်းလုံးတွင် ဆရာဆရာမများ၏ အသံမှလွဲ၍ တိတ်ဆိတ်လျက်ရှိ၏။ နောက်တစ်နေ့တွင် ကျောင်းသူ ကျောင်းသားများအား ယမန်နေ့ကကဲ့သို့ နေလိုသလော လွတ်လွတ်လပ်လပ် ရင်းရင်းနှီးနှီးသာ နေလိုသလော ဟုမေးမြန်းပါက လွတ်လွတ်လပ်လပ် ရင်းရင်းနှီးနှီးသာ နေလိုပါသည် ဖြေကြားမည်မှာမလွဲပေ။ ထိုနေ့မှစ၍ အချုပ်အချယ် မပြုလုပ်ရဘဲ နှင့် စည်းကမ်းသေဝပ်သည်ကို တွေ့ကြရပေမည်။ ဤကား လွတ်လပ်စွာ ကလေးသူငယ်တို့၏ အသိဉာဏ်ဖြင့် စည်းကမ်းသေဝပ်ခြင်းကို သင်ကြားပြသပေးခြင်း တစ်မျိုးပင်ဖြစ်ပေသည်။
ကျောင်းများတွင် ဒီမိုကရေစီသဘောတရားများ ထက်သန်လာလျှင် တစ်ဦးနှင့် တစ်ဦး ပြိုင်ဆိုင်မှုများ ပင်ကွယ်ပျောက်ရပေမည်။ အပြိုင်အဆိုင်စနစ်အစား ပူးပေါင်းဆောင်ရွက်သောစနစ်သည် ပေါ်ပေါက်လာ ပေမည်။ အချို့သော ခေတ်မီကျောင်းများတွင် အမှတ်ပေးခြင်း၊ ဆုပေးခြင်းစသော စနစ်များကိုပင် ပယ်ဖျက်၍ ဆောင်ရွက်ကြရာကျောင်း၏ အဆင့်အတန်းသည် တိုးတက်၍ လာသည်ကို တွေ့ရပေသည်။ သို့ရာတွင် ဒီမိုကေရစီ သဘောတရားများကို ကောင်းစွာ မကျင့်သုံးနိုင်မီ စာသင်ကျောင်းများတွင် အမှတ်ပေးသော စနစ် ဆုပေးသော စနစ်များကို လုံးဝ ပယ်ဖျက်၍ မရသေးပေ။ ပယ်ဖျက်ရန်လည်း မသင့်သေးပေ။


ဒီမိုကရေစီ သဘောတရားများကို ကောင်းစွာ ခေါက်မိသောကျောင်းများတွင် ကျောင်းစည်းကမ်းများကို ရေးသားထားရန် လိုမည်မဟုတ်ပေ။ အချို့သော ကျောင်းများတွင် အောက်ပါစည်းကမ်း (၃) မျိုး လောက်ကိုသာ ရေးသားထားသည်ကို တွေ့နိုင်ပေသည်။ (ယဉ်ကျေးပါ၊ ပူးပေါင်းဆောင်ရွက်ပါ၊ စဉ်းစားဉာဏ်ကိုသုံးပါ)။ အချို့သော ကျောင်းများတွင် (ကိုယ်ချင်းစာပါ) ဟူသော စည်းကမ်း တရပ်ကိုသာ ရေးသား သတ်မှတ်ထားလေသည်။

အချို့သော ခေတ်မှီကျောင်းများတွင်မူကား ကျောင်းစည်းကမ်းများကို အပြည့်အစုံ ရေးသားဖော်ပြ ထားသည်ကို တွေ့နိုင်ပေသည်။ ထိုစနစ်၏ အကျိုးမှာ ကျောင်းသူ ကျောင်းသားသစ်များသည် ကျောင်း စည်းကမ်းများကို အလွယ်တကူ သိရှိနားလည်နိုင်ခြင်း၊ ကျောင်းသူ ကျောင်းသားများသည်လည်း မိမိတို့၏ တာဝန်ဝတ္တရားများကို မမေ့မလျော့ သိရှိနိုင်မည်ဖြစ်၍ စည်းကမ်းများကို သတ်မှတ်ရေးသားလျှင်လည်း ကျောင်းကောင်စီများသို့တင်ပြ၍ ပြဌာန်းပြီးနောက် ဆရာကြီးက သဘောတူ အတည်ပြုပြီးလျှင် ရေးဆွဲ သတ်မှတ်ထားခြင်း ဖြစ်လေသည်။ ၎င်းနောက် စည်းကမ်းများကို ပြင်ဆင်လိုလျှင်လည်း ကျောင်းကောင်စီများကသာလျှင် စဉ်းစား ဆွေးနွေး၍ ပြင်ဆင်သင့်ပေသည်။ ထိုသို့ပြင်ဆင်ပြီးနောက် သက်ဆိုင်ရာ ဆရာကြီး၏ သဘောတူညီချက်ကို ရယူရမည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ကျောင်းသားလောကသည် ပြင်ပရှိ လူကြီးလောကကဲ့သို့ ဒီမိုကရေစီ သဘောတရားများကို လက်တွေ့ကျင့်သုံး လိုက်နာခြင်းပင်ဖြစ်၍ ဒီမိုကရေစီကို ကိုယ်တိုင် လေ့လာခြင်းပင်ဖြစ်၏။ ထိုသို့ ကိုယ်တွေ့လေ့လာခြင်းဖြင့် သာလျှင် ကျောင်းအပြင် လောက (ဝါ) လူကြီးလောက အတွင်းသို့ ရောက်ရှိလာသည့်အခါ ဒီမိုကရေစီစနစ်ကို ဝိုင်းဝန်းဖန်တီးနိုင်မည် ဖြစ်ပေသည်။

0 comments: