Catwidget1

Arts

ကျောင်းတွင်း ဒီမိုကရေစီ အခန်း(၂)

ရေးသားသူ  ✒️✒️✒️ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်
ကျောင်းကောင်စီများ၏ ဆုံးဖြတ်ချက် ဆိုသည်မှာ ဒီမိုကရေစီနည်းအရ ဆောင်ရွက်ချက်များဖြစ်သဖြင့် ကျောင်းလောက အတွင်းရှိ သူအားလုံးနှင့် သက်ဆိုင်ပေသည်။ အချို့သော ဆုံးဖြတ်ချက်များကို သဘောမတူသော ကျောင်းသားများရှိကောင်း ရှိမည် ဖြစ်သော်လည်း ဒီမိုကရေစီအလေ့အကျင့် ဖြစ်စေရန် သဘောမတူသူများကလည်း ဆုံးဖြတ်ချက်ကို လိုက်နာ ဆောင်ရွက်ရမည် သာတည်း။ ဤကဲ့သို့ ဆောင်ရွက်လိုစိတ်ဖြစ်ပေါ်လာအောင် ဖန်တီးရေးသည်ပင် ကျောင်းတွင်းဒီမိုကရေစီ၏ ရည်ရွယ်ချက်ကြီးတစ်ခု ဖြစ်ပေသည်။

အခန်း (၂)
ကျောင်းတွင်း ကိုယ်ပိုင်အုပ်ချုပ်ရေးနည်းလမ်းများနှင့် နယ်နိမိတ်
  
ဤအခန်းတွင် ကျောင်းလောကအတွင်းရှိ ကျောင်းသူ ကျောင်းသားများသည် မည်ကဲ့သို့ ကျောင်းတွင်း ဒီမိုကရေစီကို ကျင့်သုံး ဆောက်တည်နိုင်သည် ဟူသော အချက်ကို ဖော်ပြပေမည်။ ကျောင်းတွင်း ဒီမိုကရေစီဆိုရာ၌ တနည်းအားဖြင့် ကျောင်းတွင်းကိုယ်ပိုင် အုပ်ချုပ်ရေးပင် ဖြစ်ပေသည်။ ကျောင်းတွင်း ကိုယ်ပိုင် အုပ်ချုပ်ရေးနှင့်မတူ မူကွဲပြား၏။ အကျဉ်းအားဖြင့် ဖော်ပြရလျှင် ကျောင်းတွင်းကိုယ်ပိုင် အုပ်ချုပ်ရေး မဖြစ်နိုင်ပေ။ ကျောင်းများတွင် ဖွဲ့စည်းထားသည့် ကျောင်းကောင်စီများ (ဝါ) ကျောင်းလွှတ်တော်များသည် အောက်ပါအချက်များကို ဂရုပြု၍ သာလျှင် စခန်းသွားရပေမည်။
(၁) ကျောင်းကိစ္စ ဟူသမျှတွင် နောက်ဆုံး အာဏာပိုင်သူမှာ ကျောင်းဆရာကြီးသာလျှင် ဖြစ်ရမည်။
(၂) ကျောင်းဆရာနှင့် ကျောင်းသားနှိုင်းယှဉ်ပါက ကျောင်းဆရာသည် ပိုမိုဗဟုသုတရှိသည်။ ကျွမ်းကျင်သည်ဟူသောအချက်ကို အသိအမှတ်ပြုရမည်။
(၃) ကျောင်းသားများ၏ တာဝန် ဝတ္တရားများကို ၎င်းတို့၏အသက်အရွယ် အသိဉာဏ် ပညာနှင့် ကိုက်ညီအောင် သတ်မှတ်ပေးရမည်။

ဤကဲ့သို့သော စည်းကမ်း သတ်မှတ်ချက်များ ရှိသဖြင့် အချို့သောသူများက ကျောင်းတွင်း ကိုယ်ပိုင် အုပ်ချုပ်ရေး ဆိုသည်မှာ ကလေးကစားသော ကိုယ်ပိုင်အုပ်ချုပ်ရေး မဖြစ်ပေဘူးလားဟု မေးကောင်းမေးကြပေမည်။ အဖြေမှာ မဖြစ်ပါဟူ၍သာ ဖြေကြားရပေမည်။ အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီသည် အချုပ်အချယ် မရှိသော ပရမ်းပတာစံနစ်မဟုတ်။ အချုပ်အချယ် စည်းကမ်း ကလနားသပ်ထားသော စနစ်မျှသာ ဖြစ်သည်။ ကျောင်းဆရာများနှင့် ကျောင်းသားများသည် ကျောင်းတွင်း ဒီမိုကရေစီကို ကျင့်သုံးကြရာတွင် အတူတကွ စုပေါင်းစည်း‌ ဝေး၍သာလျှင် ကျင့်သုံးကြရပေမည်။ ထိုသို့ စည်းဝေးသည့်အခါ ကျောင်းအုပ်ဆရာကြီး သို့ ကျောင်းဆရာများသည် တပည့်ဖြစ်သူ ကလေးသူငယ်များထက် ပို၍ ဗဟုသုတရှိသည်။ ပို၍ ကျွမ်းကျင်သည် ဟူသော အချက်ကို လက်ကိုင်ပြုမှသာလျှင် လမ်းမှန်သို့ ရောက်နိုင်ပေမည်။ ကျောင်းကောင်စီ သို့မဟုတ် ကျောင်းလွှတ်တော်ကို မြူနီစပါယ်အဖွဲ့နှင့် နှိုင်းယှဉ်နိုင်ပေသည်။ မြူနီစပါယ်အဖွဲ့များတွင် အရပ်သားများအပြင် အုပ်ချုပ်သည့် အရာရှိ ဆရာဝန် ရဲဘက်ဆိုင်ရာ အရာရှိစသည်တို့လည်းပါဝင်၏။ အုပ်ချုပ်သည့်ကိစ္စ ပေါ်ပေါက်လာလျှင် အုပ်ချုပ်ရေး အရာရှိသည် အခြားသူများထက်ပို၍ ကျွမ်းကျင်၏။ မြို့ရွာ ကျန်းမာရေးကိစ္စ ပေါ်ပေါက်လာပါက ဆရာဝန်သည် အခြားသူများထက် ပို၍ ကျွမ်းကျင်၏။ မြို့ရွာ လုံခြုံရေးကိစ္စ ပေါ်ပေါက်လာပါက ထိုနည်းအတူပင် ကျောင်းများ၌ စာပေဘာသာရပ်များကို မည်ကဲ့သို့ သင်ကြား ပို့ချပေးရမည်ဆိုသော အချက်များ၊ ကျောင်း၏ ငွေကြေးဆိုင်ရာ အချက်များတွင် ကျောင်းအုပ်ဆရာကြီး သို့မဟုတ် ကျောင်းဆရာများသည် တပည့် များထက် ပို၍ ကျွမ်းကျင်၏။ ကျောင်းဆရာကြီး သို့မဟုတ် ကျောင်းဆရာများတွင် သီးခြားထမ်းဆောင်ရမည့် တာဝန် ဝတ္တရားများ ရှိနေပေသည်။ ထိုတာဝန် ဝတ္တရားများတွင် တပည့်ဖြစ်သူ ကလေးသူငယ်များက ဝင်ရောက် စွက်ဖက် ပိုင်ခွင့်မရှိပေ။

သို့ရာတွင် ကျောင်း၏ပြေးခုန်ကစားပွဲများ ကျင်းပခြင်း၊ ကျောင်း၏ စာကြည့်တိုက်ကို အကျိုးရှိစွာ အသုံး ပြုနည်း၊ စည်းကမ်းသေဝပ်မှုနှင့် ဆိုင်သော ကိစ္စများ စသည်တို့သည် ဆရာရော ကျောင်းသားပါ သက်ဆိုင်သော ကိစ္စများ ဖြစ်၍ ကျောင်းကောင်စီများ (ဝါ) ကျောင်းလွှတ်တော်များတွင် တင်ပြဆွေးနွေးသင့်သော ကိစ္စများ ဖြစ်ပေသည်။
အထက်တန်းကျောင်းများတွင် ကျောင်းကောင်စီများ (ဝါ) ကျောင်းလွှတ်တော်များ ဖွဲ့စည်းရာတွင် အောက်ပါ ရည်ရွယ်ချက်များကို သတ်မှတ်ထားသင့်ပေသည်။

(၁) ကျောင်းတွင်းလောက ဖန်တီးရေးတွင် ကျောင်းသူ ကျောင်းသားများသည် တတ်အားသမျှ ပါဝင်ဆင်နွှဲ ကြရန်။
(၂) ကိစ္စအများတွင် ကျောင်းသူ ကျောင်းသားများ၏ ထင်မြင်ယူဆချက်ကို တင်ပြရန်။
(၃) အကြံသစ်ဉာဏ်သစ်များ ထွက်ပေါ်လာစေရန်။
(၄) တာဝန်ခံအစိုးရ၏ ဗဟုသုတအလေ့အကျင့်များကို ကျောင်းသူကျောင်းသားများအား သင်ကြားပေးရန်။
(၅) ကျောင်းတစ်ကျောင်းလုံးသည် ဆရာရော တပည့်ပါ စုပေါင်းနေထိုင်သော ကျောင်းတွင်းလောက ကလေးတစ်ခုဖြစ်သည်ဟု အသိဉာဏ် ဝင်စားလာစေရန်။
(၆) ကျောင်းတွင် မည်ကဲ့သို့ ဖြစ်ပျက်နေသည်။ မည်ကဲ့သို့ စီမံမည်ဟူသော အချက်များကို တကျောင်းလုံးအား အသိပေးရန်။

ကျောင်းကောင်စီ (ဝါ) ကျောင်းလွှတ်တော်များကို မည်ကဲ့သို့ ဖွဲ့စည်းရမည်ဟူသော အချက်ကိုမူကား ပုံသေကားချ သတ်မှတ်ပေးရန် ခက်ခဲလှပေသည်။ ကျောင်းအသီးသီးတွင် မိမိတို့ သင့်လျော်သည့် ထင်သလို စည်းကမ်းများကို သတ်မှတ်ထားရှိကြ၏။ အချို့သော ကျောင်းများတွင် အတန်းတတန်းမှ ကိုယ်စားလှယ် (၂) ဦးစီ ရွေးကောက်တင်မြှောက်ပြီးလျှင် ထိုကိုယ်စားလှယ်များ ပရီဖက်ခေါ် အတန်းထိန်းများနှင့် ဆရာများကို စုပေါင်း၍ ကျောင်းကောင်စီ။ (ဝါ) ကျောင်းလွှတ်တော်ဟု ခေါ်ဝေါ်ကြလေသည်။ ကျောင်းကောင်စီများတွင် ကျောင်းအုပ်ဆရာကြီးသည် သဘာပတိအဖြစ် ဆောင်ရွက်ရလေသည်။ အချို့သော ကျောင်းများမှာ မူကား ပရီဖက်ခေါ် အတန်းထိန်းများနှင့် ဆရာများသာလျှင် ပါဝင်ကြ၏။ အချို့သောကျောင်းများတွင် မူကား ပရီဖက် ခေါ် အတန်းထိန်းများ မပါဘဲ အတန်းကိုယ်စားလှယ်များနှင့် ဆရာများသာလျှင် ပါဝင်ကြပေသည်။ အတန်းထိန်းများမှာမူကား သတ်သတ် အစည်းအဝေးများကျင်းပ၍ ၎င်းတို့နှင့်ဆိုင်သော ပြဿနာရပ်များကို ဆွေးနွေးကြလေသည်။ အချို့သော ကျောင်းများတွင်ကျောင်းကောင်စီများအစား ကျောင်းသားကောင်စီများ ရှိကြ၏။ ထိုကျောင်းသား ကောင်စီများတွင် ကျောင်းသားများနှင့်သာ သက်ဆိုင်သော ကိစ္စများကို တင်ပြ ဆွေးနွေးလေ့ရှိကြသည်။ တခါတရံ ဆရာများကိုပါပင့်ဖိတ်၍ မိမိတို့၏ သဘောထားများကို တင်ပြကြလေသည်။

ကျောင်းကောင်စီများကို တစ်နှစ်လျှင် တစ်ကြိမ်ရွေးကောက်တင်မြှောက်လေ့ရှိကြ၏။ အချို့သော ကျောင်းများတွင် အောက်တန်းများမှ ကိုယ်စားလှယ်များကို မရွေးချယ်ဘဲ အထက်တတန်းများမှသာ ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်လေ့ရှိကြသည်။

ကျောင်းကောင်စီ အစည်းအဝေးများ ကျင်းပပုံမှာလည်းတစ်ကျောင်းနှင့်တစ်ကျောင်း မတူညီကြပေ။ အချို့ကျောင်းများတွင် တလတစ်ကြိမ်၊ အချို့ကျောင်းများတွင် တစ်လ နှစ်ကြိမ်၊ အချို့ကျောင်းများတွင် ရက် သတ္တတစ်ပတ်လျှင် တစ်ကြိမ် စည်းဝေးလေ့ရှိကြ၏။

ကျောင်းကောင်စီ အစည်းအဝေးများကို စာသင်ချိန်တွင် ကျင်းပသင့်သည်။ သို့မဟုတ် စာသင်ချိန်ပြင်ပတွင် ကျင်းပသင့်သည် ဟူသော ပြဿနာကို ကျေနပ်လောက်အောင် မဖြေရှင်းနိုင်ကြသေးပေ။ ယခုထက်တိုင်ပင် အချို့ကျောင်းများတွင် စာသင်ချိန်အတွင်း၌ ကျင်းပလေ့ရှိ၍ အချို့ကျောင်းများမှာမူကား စာသင်ချိန်ပြင်ပတွင် ကျင်းပကြ၏။ အထက်ပါမူ နှစ်မူကို ကြားဖြန်သောအနေနှင့် အချို့သော ကျောင်းများက မူကား စာသင်ချိန် အနည်းငယ်လောက်ကိုယူ၍ စာသင်ချိန်ကျော်လွန်သည့်တိုင်အောင် စည်းဝေးကြလေသည်။ ဥပမာ ညနေ ကျောင်းမဆင်းမီ ဆယ်မိနစ် ဆယ့်ငါးမိနစ်ခန့်ကြို၍ ကျောင်းလွှတ်လိုက်ပြီးလျှင် ကျောင်းကောင်စီအစည်းအဝေး များကို နာရီဝက်ခန့် ကျင်းပလေ့ရှိကြ၏။

ကျောင်းကောင်စီအစည်းအဝေးများတွင် စဉ်းစား ဆွေးနွေးသော ကိစ္စများမှာလည်း ကျယ်ဝန်းလှပေသည်။ စည်းကမ်းသေဝပ်မှုနှင့် ပတ်သက်သော ပြဿနာများ၊ ကျောင်းတွင်းစာကြည့်တိုက်များ ဖွင့်လှစ်ရေး၊ ကစားခုန်စားပွဲများ ကျင်းပရေး၊ အဝတ်အစား ဆင်တူဝတ်ဆင် သင့်မသင့်၊ ကျောင်းတွင် ခဲတံစာအုပ်စသည်တို့ ပျောက်ဆုံးခြင်း ပြဿနာများစသည်တို့ကို စဉ်းစားဆွေးနွေးကြရသည်။ ကျောင်းကောင်စီများနှင့် လုံးဝမသက်ဆိုင်သော ဆရာများ ပြောင်းရွှေ့ရေး၊ ကျောင်းပိတ်ပေးရေး၊ ကျောင်းအုပ်ချုပ်မှုအတွက် ငွေကြေးကိစ္စ နိုင်ငံရေးပါတီများနှင့် ပူးပေါင်းရေး မပူးပေါင်းရေး စသည်တို့ကို မည်သည့်နည်းနှင့်မျှ ထည့်သွင်း စဉ်းစားခြင်း မပြုသင့်ပေ။

ကျောင်းကောင်စီများသည် ဒီမိုကရေစီ စနစ်ကို လက်တွေ့သင်ကြားရာတွင် ဒီမိုကရေစီလုပ်တန်းကစားခြင်း မဖြစ်သင့်ပေ။ စည်းစနစ်ကျနစွာ သဘောတရာများအတိုင်း ကိုယ်ထိလက်ရောက် ဆောင်ရွက်ကျင့်သုံးကြရန် အရေးကြီး၏ ဟန်ဆောင်၍ စည်းဝေးခြင်း၊ လေးလေးနက်နက် သဘောမထားဘဲ ပေါ့ပျက်ပျက် စည်းဝေး ပြောဆိုကြခြင်း၊ ကစားစရာတစ်ခုအနေနှင့် စည်းဝေးခြင်းမျိုး မဖြစ်စေရ။ ထိုသို့ဖြစ်လာလျှင် ကျောင်းတွင်း ဒီမိုကရေစီ တည်ဆောက်ရေးသည် မအောင်မြင် မည်သာမက ဒီမိုကရေစီဝါဒ၏ သဘောတရားများသည်လည်း ကျောင်းသားသူငယ်တို့၏ စိတ်တွင် စွဲစွဲမြဲမြဲ ကျန်ရစ်တော့မည် မဟုတ်ပေ။

ကျောင်းကောင်စီများမှ ချမှတ်လိုက်သော ဆုံးဖြတ်ချက်များကိုလည်း စိတ်ရောကိုယ်ပါ လိုက်နာ ဆောင်ရွက်ကြရန် အထူးအရေးကြီးပေသည်။ ပေါ့ပျက်ပျက် သဘောထားပြီး စိတ်မပါတပါဆောင်ရွက်ခြင်း၊ သဘောမတူသော ကျောင်းသားများက မဆောင်ရွက်ဘဲ နေခြင်း စသည်တို့ပေါ်ပေါက်လာလျှင် ကျောင်းကောင်စီများ၏ ရည်ရွယ်ချက်သည် ပျက်ပြားမည်သာ ဖြစ်၏။ ကျောင်းကောင်စီများ၏ ဆုံးဖြတ်ချက် ဆိုသည်မှာ ဒီမိုကရေစီနည်းအရ ဆောင်ရွက်ချက်များဖြစ်သဖြင့် ကျောင်းလောက အတွင်းရှိ သူအားလုံးနှင့် သက်ဆိုင်ပေသည်။ အချို့သော ဆုံးဖြတ်ချက်များကို သဘောမတူသော ကျောင်းသားများရှိကောင်း ရှိမည် ဖြစ်သော်လည်း ဒီမိုကရေစီအလေ့အကျင့် ဖြစ်စေရန် သဘောမတူသူများကလည်း ဆုံးဖြတ်ချက်ကို လိုက်နာ ဆောင်ရွက်ရမည် သာတည်း။ ဤကဲ့သို့ ဆောင်ရွက်လိုစိတ်ဖြစ်ပေါ်လာအောင် ဖန်တီးရေးသည်ပင် ကျောင်းတွင်းဒီမိုကရေစီ၏ ရည်ရွယ်ချက်ကြီးတစ်ခု ဖြစ်ပေသည်။

0 comments: