Catwidget1

Arts

လှပတဲ့ လျှိုကျို့ သို့မဟုတ် စက်မှုနည်းပညာမြို့တော် အပိုင်း(၂)

luliuping
ဒုတိယမြို့တော်ဝန် မစ္စလုလျှိုပင်း(LuLiuPing)နဲ့ တာဝန်ရှိသူတွေက လျှိုကျို့ဟိုတယ်
အဆောင် ၄၊ ကျန်ရှန်ခန်းမမှာ ညစာတည်ခင်း
လျှိုမြစ်က မြို့ကိုရစ်ခွေစီးဆင်းနေတာကြောင့် မြစ်ကမြို့ထဲရှိသလို မြို့ကလည်း မြစ်ထဲမှာရှိတယ်။ ဒီကနေ့က မြူတွေလည်းဆိုင်းနေတော့ လျှိုကျို့မြို့က အရမ်းကို ရိုမတ်တစ်ဆန်တဲ့ မြို့တစ်မြို့ဖြစ်နေပါသတဲ့။ တကယ်လို့ဒီနေ့ည ရာသီဥတုကောင်းတယ်ဆိုရင် လျှိုမြစ်ကို သွားလည်လို့ရတယ်။ အားလုံးက စိတ်ထဲမှာ နက်နက်နဲနဲခံစားရမှာပါတဲ့လေ။ ညွှန်ကြားရေးမှူး မစ္စတာဟွမ်ရှောင်ရုန် ကဗျာရွတ်နေသလား အောင်မေ့မိတယ်။ သူ့ရုပ် တည်တည်ကြည် ကြည်ကြီးနဲ့ ပြောသွားတဲ့ နုဖက်နေတဲ့စကားလုံးတွေနဲ့က လားလားမှ မနီးစပ်ဘူး။

မစ္စတာဟွမ်မှမဟုတ်ဘူး။ တရုတ်ရာဇဝင်ထဲက မင်းမှုထမ်း၊ စာပေပညာရှင်အချို့ လည်း လျှိုကျို့မြို့ကို အခုလိုပဲ စာတစ်ဖွဲ့ပေတစ်ဖွဲ့ အမွှန်းတင်ခဲ့ကြဖူး တယ်။

တရုတ်နိုင်ငံ တန်မင်းဆက်ခေတ်(၆၁၈–၉၀၇)မှာ လျှိုကျုန်ယွမ်(LiuZongYuan) (၇၇၃–၈၁၉)ဆိုတဲ့ နိုင်ငံရေးသမား၊ စာပေပညာရှင်၊ ကဗျာဆရာတစ်ဦး ရှိခဲ့ဖူးတယ်။ သူဟာ တရုတ်စကားပြေအရေးအသားအတွက် ဦးဆောင်လမ်းပြတစ်ယောက်လည်း ဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်က သူ့ကဗျာတွေကို ဘာသာ ပြန်ဆို ပုံနှိပ်ကြရာမှာ RiverSnow (နှင်းရည်ခြုံတဲ့မြစ်)က ထင်ရှားတဲ့ကဗျာတစ်ပုဒ်ဖြစ်သလို၊ တရုတ်ပန်းချီအနုပညာအတွက်လည်း အထောက်အ ပံ့ကောင်းတစ်ခုဖြစ်ခဲ့တယ်။ ဂန္တဝင်စာဆိုရှင် လျှိုကျုန်ယွမ် (Liu ZongYuan)က လျှိုကျို့မြို့ကို အခုလိုဖွဲ့တယ်။

တောင်ကုန်းပေါ်ရှိတဲ့ အပင်တွေက အရာအားလုံးကို ဖုံးလွှမ်းထားတယ်။ ပြီးတော့ မြစ်ကမြို့ကို ဖြတ်သန်းစီးဆင်းသွားလေရဲ့။

xuxiake-2
မင်မင်းဆက်နောက်ပိုင်းခေတ်(၁၃၆၈-၁၆၄၄)မှာ ခရီးသွားမှတ်တမ်းရေးသူ၊ပထဝီဝင်ပညာရှင်  ရွီရှာခဲ့ (XuXiake)၊ အမည်ရင်း ဟုန်ကျု(HongZu)(၁၅၈၇-၁၆၄၁)ဆိုတဲ့ ပညာရှင်တစ်ယောက်လည်း ပေါ်ထွန်းလာခဲ့တယ်။ ရွီရှာခဲ့ (XuXiake)ကို ယနေ့ခေတ် တရုတ်နိုင်ငံအရှေ့ပိုင်းက ကျန်ယင်လို့ ခေါ်တဲ့ ကျန်စုစီရင်စုရွာလေးမှာ မွေးဖွားခဲ့တယ်။ သူဟာရှေးဟောင်းဂန္တဝင်တွေကို လေ့လာပြီးအင်ပါယာရဲ့ မြို့ပြဝန်ဆောင်မှုအတွက် စူးစမ်းလေ့လာမှုတွေ ပြုလုပ်ပြီး အက်ဆေးတွေရေးသားခဲ့သူပါ။

သူ့ဘဝသက်တမ်း ၅၃နှစ်မှာ နှစ်ပေါင်း ၃၀လောက် တရုတ်တစ်နိုင်ငံလုံးကို  ခြေလျှင်ခရီးနှင်ခဲ့သူလည်း ဖြစ်တယ်။ စီရင်စု၁၆ခုကို လေ့လာမှတ် တမ်း ပြုခဲ့တယ်။ ရှေးက မှားယွင်းမှတ်တမ်းတင်ထားတဲ့ တရုတ်နိုင်ငံရဲ့ ရေလမ်းကြောင်းနဲ့ အရင်းအမြစ်တွေအကြောင်း အမှန်ပြင်ပေးခဲ့တယ်။

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီပြည်နယ်၊ အနောက်တောင်ပိုင်း ကွေ့ကျိုပြည်နယ်၊ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ထဲက လိုဏ်ဂူပေါင်း ၂၇၀ကို သိပ္ပံ နည်းကျ အသေးစိတ်လေ့လာခဲ့တယ်။ အဲဒီလိုဏ်ဂူတွေရဲ့ လားရာ၊ အမြင့်နဲ့ အနက်တို့ကို အကြောင်းအရာ၊ အချက်အလက်နဲ့တကွ အသေးစိတ် မှတ်တမ်း တင်ခဲ့တယ်။ အဲဒါအပြင် အပင်တွေ၊ အသီး၊ အပွင့်တွေရဲ့ ပြန့်နှံ့တည်ရှိနေပုံအကြာင်း၊ မြေမျက်နှာသွင်ပြင်၊ အပူချိန်နဲ့လေတိုက်နှုန်းတွေအကြောင်းလည်း မှတ်တမ်းတင်ပေးနိုင်ခဲ့တယ်။ သူရဲ့ ခရီးသွားနေ့စဉ်မှတ်တမ်းကျမ်း (TheTravelDiariesXuXiake) စာအုပ်က နောက်ပိုင်းမျိုးဆက်တွေအတွက် သိပ္ပံဆိုင်ရာ နဲ့စာပေအတွက် အဖိုးတန်စာအုပ်ဖြစ်လာခဲ့တယ်။
travels_of_xu_xiake
မင်မင်းဆက်နောက်ပိုင်းခေတ်(၁၃၆၈-၁၆၄၄) ရွီရှာခဲ့ (XuXiake) တရုတ်ပြည်ခရီးစဉ်
သူ့ခရီးစဉ်ထဲမှာ ကွမ်းရှီပြည်နယ် လျှိုကျို့မြို့လည်းပါဝင်ခဲ့တယ်။ သူက လျှိုကျို့ကို အခု လိုဖွဲ့တယ်။
ထောင်ပေါင်းများစွာသော လှိုင်းကြက်ခွပ်ကလေးတွေက မြို့ကို ဝန်းရံနေလေရဲ့။

ဒီကဗျာက လျှိုကျို့မြို့ရဲ့ ရှုခင်းနဲ့ မြို့အင်္ဂါရပ်ကို ထင်သာမြင်သာရှိအောင် သရုပ်ဖော်ပေးနိုင်ခဲ့တယ်လို့ ဆိုတယ်။
img_20190328_120826-1
ကျွမ့်တိုင်းရင်းသား ရိုးရာသီချင်းနဲ့ ဧည့်ခံ၊ သီချင်းအဓိပ္ပာယ်က သူတို့တိုက်တဲ့ လက်ဖက်ရည်ကို သောက်ပြီး
မိသားစုအားလုံးပျော်ရွှင်ကျန်းမာပါစေတဲ့
သီးချင်းမှာ ကျွမ့်၊ အကမှာ ယောင်၊ ပွဲတော်မှာ မြှောင်၊ အဆောက်အဦးမှာ သုန်လို့ တရုတ်နိုင်ငံမှာ ပြိုင်ဘက်ကင်းတဲ့ အရာလေးခုရှိတယ်။ ကွမ်ရှီပြည်နယ် ဆိုတာ ကျွမ့်တိုင်းရင်းသားတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဟုတ်ပါလား။ ဒီတော့ လျှိုကျို့မှာက ထူးခြား၊ ထင်ရှားတဲ့ ပြိုင်ဘက်ကင်း ရိုးရာ သီချင်းတွေလည်း ရှိပြန်သပေါ့။ အဲဒီသီချင်းတွေကို သီဆိုခဲ့သူ၊ ကျွမ့်တိုင်းရင်းသားတွေက သူတို့ရဲ့ သူရဲကောင်းလို့ သတ်မှတ်ခံရသူ မစ္စလျှိုစန်ကျယ်(Liu San Jie)အကြောင်းလည်း ချန်ခဲ့လို့မဖြစ်ဘူး။ မစ္စလျှိုစန်ကျယ်(Liu San Jie)က ၁၉၆၀ဝန်ကျင်းမှာ ကျွမ့်တိုင်းရင်းသားရိုးရာ တေးသံရှင်အဖြစ် နာမည်ကြီး ခဲ့တယ်။ သူမဟာ လျှိုကျိုမြို့သူပါ။ သူမကို ဂုဏ်ပြုတဲ့အနေနဲ့ တတိယညီမ လျှို(Third Sister Liu)ဆိုတဲ့ ဇာတ်ကားကို ၂၀၁၅ခုနှစ် ဧပြီ ၃၀မှာ ရိုက်ကူးထုတ်လုပ်ခဲ့တယ်။ အဲဒီဇာတ်ကားက တရုတ်ရိုးရာသီချင်းတွေအတွက် ပထမဆုံးဇာတ်ကားဖြစ်ခဲ့သလို တရုတ်စာသင်ယူရာမှာ ဝါကျ တည်ဆောက်ပုံတွေအကြောင်းလေ့လာဖို့အတွက်လည်း အဲဒီဇာတ်ကားကို သင်ကြားရေးရုပ်သံဖိုင်အဖြစ်အသုံးပြုနေပါတယ်။

မစ္စလျှိုစန်ကျယ်(Liu San Jie)က လျှိုကျို့မှာ ကမ္ဘာ့အကောင်းဆုံးရတနာတွေရှိနေမှတော့ တရုတ်နိုင်ငံရဲ့ အဖိုးတန်ရတနာပဲပေါ့တဲ့။

လျှိုကျို့မြို့သားတွေ ဂန္တဝင်မြောက်တဲ့ပညာရှင်တွေ စာဖွဲ့ရလောက်တဲ့ လျှိုကျို့မြို့က ဘယ်လောက်တောင် လှနေတာလဲ။

လျှိုကျို့မြို့ကို နဂါးမြို့တော်လို့လည်း ခေါ်တယ်။ လျှိုကျို့မြို့ဟာ ကွမ်ရှီပြည်နယ် မြောက်ပိုင်း အလယ်ပိုင်းမှာရှိတဲ့ မြောက်ပိုင်းအပူလျော့ပိုင်းဇုန်ဖြစ် ပါတယ်။ စက်မှုစီးပွားရေးလုပ်ငန်းရဲ့ အဓိကကျောရိုးဖြစ်တာနဲ့အတူ သယ်ယူပို့ဆောင်ရေးအတွက် အရေးကြီးတဲ့နေရာမှာ ရှိနေတယ်။ ၁၈၆၀၀ စတုရန် ကီလိုမီတာ(၇၁၇၉စတုရန်မိုင်)အတွင်းမှာ မြို့၅ မြို့နဲ့ ခရိုင် ၅ခုရှိတယ်။ အဲဒီအထဲက ၂၂၀ဒဿမ၉၉စတုရန်ကီလိုမီတာ (၈၅ဒဿမ၃စတုရန်မိုင်)ဟာ မြို့ပြဧရိယာဖြစ်တယ်။ လူဦးရေ ၃၉သိန်းကျော်မှာ ၂၂သိန်းကျော်က မြို့နေလူဦးရေပါ။

စိမ်းလန်းတဲ့ တောင်ကုန်းတွေဝန်ရံ၊ လျှိုမြစ်ရစ်ခွေစီးဆင်းနေတဲ့ လျှိုကျို့မြို့က ကမ္ဘာ့အကောင်းဆုံး သဘာဝဘွန်စိုင်း(Bonsai)၊ မွေ့လျော်၊ ကြည်နူး စရာကောင်းတဲ့နေရာတစ်ခုအဖြစ် ဂုဏ်သတင်းကြီးတယ်။ ဘွန်စိုင်း(Bonsai)ဆိုတာက ဂျပန်နိုင်ငံမှာ ၁၉၅၀ခုနှစ်လောက်က စတင်ပေါ်ပေါက်လာခဲ့တာ။ ဂျပန်လို ဘွန်(Bon)ဆိုတာက ထည့်စရာ လင်ပန်းသို့မဟုတ်အိုး၊ စိုင်း(Sai)က စိုက်ပျိုးခြင်းလို့ အဓိပ္ပာယ်ရတယ်။ ပုံမှန်အပင်အရွယ်အထိ ကြီးမသွားအောင် မျိုးရိုးဗီဇနည်းအရ ပြုပြင်ထားတဲ့ သဘာဝအတိုင်းမဟုတ်တဲ့ အလှစိုက်တဲ့ အပင်မျိုးပဲ။ သူတို့ကို စိုက်ပျိုးရင် အလွန်ကြီး ဂရုတစိုက်နဲ့ ပြုစုနေဖို့ မလိုဘူး။ ကိုယ့်နေအိမ်၊ တိုက်တာ၊ အဆောက်အဦးနဲ့ ခြံဝင်းအတွင်း စိုက်ပျိုးထားမယ်ဆိုရင် လှတယ်ဆိုတာထက် မြင်ရတဲ့သူကို စိတ်အေးချမ်းစေတယ်၊ ငြိမ်းချမ်းစေတယ်၊ စိတ်ကို ပြန်လည်လန်းဆန်းစေတယ်ဆိုတဲ့ ဂုဏ်တွေ ရှိပါတယ်။ လျှိုကျို့ကတော့ သဘာဝအတိုင်းရှိနေတဲ့ ဘွန်စိုင်းပါတဲ့။

liuzhou16

ရထားပေါ်ကဆင်း ညစာစား၊ လျှိုကျို့ဟိုတယ်မှာ အခန်းယူပြီးတာနဲ့ သိပ်လှပါတယ်ဆိုတဲ့ လျှိုကျို့မြို့ ညရှုခင်းကို လိုက်လံပြသဖို့ မစ္စတာဟွမ်က အဆင်သင့် စောင့်နေခဲ့တယ်။ လျှိုကျို့မြို့တောင်ဘက် ဝမ်ဝှေ့(WenHui)မြစ်ကူးတံတားအောက်ခြေအနီးမှာရှိတဲ့ သုန်သီ(DongDi)မော်တော်ဆိပ်ဆီ ကျွန်တော်တို့အဖွဲ့ ထွက်ခဲ့ကြတယ်။ သုန်သီမော်တော်ဆိပ်က နိုင်ငံခြားသား ခရီးသွားတွေအတွက် လျှိုမြစ်အတွင်း ရှုခင်းကြည့်ဖို့လုပ်ပေးထားတဲ့ ဆိပ်ခံအရှည် ၂၃၀မီတာ (၇၅၄ပေကျော်)နဲ့ လှေဆိပ် ၅ခုရှိတဲ့ အကြီးဆုံးမော်တော်ဆိပ်ပါ။ သူ့ကို နေရာညွှန်းတဲ့အခါ လျှိုမြစ်အရှေ့ဘက်ကမ်းလို့ ညွှန်းပေမယ့် မြေပုံအရတော့ လျှိုကျို့မြို့ကို ကွေ့ဝှိုက်စီးနေတဲ့ မြစ်အကွေ့က အဲဒီနေရာမှာ အရှေ့အနောက်ဖြစ်နေတာကြောင့် သုန်သီမော်တော်ဆိပ်က လျှိုမြစ်တောင်ဘက်ကမ်း ဖြစ်နေတာက သတိထားစရာပါ။(ဆက်လက်ဖော်ပြပါမည်)
အောင်မျိုးထွန်း‌ကျော်
Credit : PaukPhaw

0 comments: