Catwidget1

Arts

လှပတဲ့လျှိုကျို့ သို့မဟုတ် စက်မှုနည်းပညာမြို့တော် အပိုင်း(၁)

luliuping-3
လျှိုကျို့မြို့ ဒုတိယမြို့တော်ဝန် မစ္စလုလျှိုပင်း(LuLiuPing)နဲ့ ကျွန်တော်တို့ ချစ်ကြည်ရေးကိုယ်စားလှယ် ၁၄ဦး
ဟူနန်ပြည်နယ် ချန်ရှာမြို့ကနေ ကွမ်ရှီပြည်နယ် လျှိုကျို့မြို့ကို ၆၆၂စတုရန်ကီလိုမီတာ(မိုင်လေးရာကျော်) ဝေးတယ်။ ဒီခရီးကို ရိုးရိုးရထားနဲ့သွားရင် ၉နာရီကနေ ၁၂နာရီ၊ နေ့တစ်ဝက်ခရီးလောက် သွားရလိမ့်မယ်။ မြန်မာနိုင်ငံကနေ ချစ်ကြည်ရေးခရီးရောက်လာတဲ့ ကျွန်တော်တို့တရုတ်-မြန်မာချစ်ကြည်ရေးကိုယ်စာလှယ်အဖွဲ့ အတွက် ဟူနန်ပြည်နယ် နိုင်ငံတကာဆက်ဆံရေးဌာနက ညွှန်ကြားရေးမှူး မစ္စချန်ရှီ(ChenXi)နဲ့ ဘာသာပြန် မစ္စတာယွီမင်း(YuMing)တို့က ကျည်ဆံရထား(High Speed Train, Electric Multiple Unit (EMU))နဲ့ စီစဥ်ပေးလိုက်တယ်။ စီစဥ်ပေးလိုက်ရုံတင် မကဘူး။ မသွားတတ်မလားတတ်တဲ့ မောင်ငယ်၊ ညီမငယ်၊ အစ်ကို ကြီး၊ ဦးကြီး၊ ‌ဒေါ်ကြီးတွေကို စိတ်မချနိုင်သလို ဘူတာအတွင်းပိုင်းအထိ အထူးခွင့်ပြုချက်ယူပြီး လိုက်ပို့လိုက် သေးတယ်။ ပြီးတော့လည်း ခရီးဆောင်အိတ်တွေကို အထူးဂရုစိုက်ကြဖို့၊ အန္တရာယ်ကင်းကင်းနဲ့ ခရီးဆက်နိုင်ဖို့ အထပ်ထပ်မှာရှာတယ်။ အဲဒါအပြင် မစ္စချန်ရှီ(ChenXi)က လိုက်ပို့တဲ့ ဘတ်စ်ကားပေါ်မှာရော ဝီချက်(WeChat) ကနေပါ အခုလို့ နှုတ်ဆက်စကား ဆိုရှာတယ်။
rhdr
မစ္စချန်ရှီ(ChenXi)နဲ့ ဟူနန်ပြည်နယ်အစိုးရရုံးရှေ့မှာ
u1018u1030u1010u102c
ဘူတာအတွင်းပိုင်းအထိ အထူးခွင့်ပြုချက်ယူ
လိုက်ပို့ပေးတဲ့ မစ္စတာယွီမင်း(YuMing)
ဟူနန်မှာ ၅ရက်တာခရီးက မြန်မြန်ဆန်ဆန်ကြီးကုန်ဆုံးသွားတယ်။ ဒီမှာရှိနေစဥ်ကာလအတွင်း မင်း(အဆွေတော်) တို့ရဲ့ ရိုးသားတဲ့အပြုံး၊ ဂရုတစိုက်နားထောင်မှု၊ သေသေချာချာ မှတ်စုလိုက်နေမှုတွေကို မြင်တွေ့ရတာက သူတို့(မိမိတို့) ရင်ထဲကို ထိထိရှရှရှိလှတယ်။ လူ‌ပေါင်း ၇ဘီလီယံလောက်နေတဲ့ ဟောသည်ကမ္ဘာကြီးပေါ်မှာ ၅ရက်တာ အတူဆုံစည်းခွင့်ရတာက ဘယ်လောက်ကံထူးလိုက်လေသလဲ။ နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ မင်း (အဆွေတော်)တို့ လုပ်ငန်းမှာ အောင်မြင်ပါစေ၊ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်။ တရုတ်-မြန်မာချစ်ကြည်ရေး အဓွန်ရှည် တည်မြဲပါစေ၊ နေ့သစ်တိုင်းမှာ မြန်မာနိုင်ငံကြီး ကောင်းမွန်တိုးတက်ပါစေ၊ အခွင့်အခါသင့်ရင် ဟူနန်ပြည်နယ်၊ ချန်ရှာမြို့ကို နောက်တစ်ခေါက်အလည်လာခဲ့ကြဖို့ ဖိတ်ပါသတဲ့လေ။ ‌ယောက်ျားရင့်မာကြီးတွေမို့ မချိပြုံးကိုယ်စီ ပြုံးလိုက်ကြရသည့်တိုင်း ခွဲခွာရတော့မယ့် အစ်မရင်း၊ ညီမရင်း တစ်‌ယောက်လိုပါပဲ။ မိန်းမသားဖြစ်တဲ့ ဆရာမဒေါ်နုနုကြည်(အမေ့အိမ်)တော့ မစ္စချန်ရှီ(ChenXi)ကို ဖတ်ပြီး ငိုရှာလေရဲ့။ သူ့နှုတ်ဆက်စကားကို ကြည့်ရင် ကျွန်တော်တို့အဖွဲ့ကို သူဘယ်လောက်အထိ ဂရုတစိုက်ရှိခဲ့သလဲ၊ စောက်ရှောက်ခဲ့သလဲ ခန့်မှန်းလို့ ရနိုင်တယ်။ မိန်းမသားတွေမှာပဲရှိတတ်တဲ့ မွေးရာပါမိခင်စိတ်က သူလိုနိုင်ငံ တကာဆက်ဆံရေးဌာန ဝန်ထမ်းတစ်ယောက်မှာရှိနေတာ အဲဒီဌာနအတွက် ဘယ်လောက် ကံကောင်းလိုက်လေ သလဲ။ တာဝန်တစ်ခုကို ကျေပွန်အောင်ထမ်းဆောင်တာထက် အများကြီးပိုပါတယ်။

u101bu1011u102cu1038-4
ကျည်ဆံရထားပေါ်အတက်
မတ်လ ၂၆ရက် နေ့ခင်း ၁နာရီ ၂၆မိနစ်မှာ ဟူနန်ပြည်နယ် ချန်ရှာမြို့တောင်ပိုင်းဘူတာရုံကနေ ကွမ်ရှီပြည်နယ် လျှိုကျို့မြို့ဆီ ၁၄ဦးပါဝင်တဲ့ ကျွန်တော်တို့ တရုတ်-မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ခရီးဆက်ခဲ့ ကြတယ်။ မစ္စချန်ရှီ(ChenXi)နဲ့ မစ္စတာယွီမင်း(YuMing)တို့ စိတ်ပူမယ်ဆို ပူလောက်စရာ၊ ရထားစီးဖို့ စင်္ကြံမှာ ရပ်စောင့်တဲ့နေရာ လွဲနေလို့ ကျွန်တော်တို့အဖွဲ့ ရထားရပ်တဲ့နေရာဆီ ဒရောသောပါး ပြေးခဲ့ကြရတယ်။ မပြေးလို့ လည်း မဖြစ်ဘူး။ ကျွန်တော်တို့အဖွဲ့ စီးရမယ့်ရထားစောင့်နေတုန်း မြင်တွေ့နေရတာက ဘူတာမှာ ရထားရပ်တဲ့ အချိန်ဆိုတာ ခဏဆိုမှ ခဏလေး။ အဲဒီတော့ ကျွန်တော်တို့အဖွဲ့ရပ်စောင့်နေတဲ့ နေရာနဲ့ တစ်ပြဝက်လောက်မှာ ရပ်လိုက်တဲ့ရထားဆီ အပြေးတပိုင်းသွားကြရတော့တယ်။ ရထားပေါ်ရောက်လို့ ကိုယ့်နေရာကိုယ်မှ မယူရသေး ဘူး ရထားက ထွက်တော့တာပဲ။

ရထားစထွက်လိုက်တဲ့အချိန်မှာ နေရာမယူရသေးတဲ့ ကိုမျိုးဝင်းထွန်း(မုံရွာ) လဲကျမလိုဖြစ်သွားတယ်။ ရပ်မြဲရပ် နေလိုခြင်း၊ သွားမြဲသွားနေလိုခြင်းဆိုတာ ရူပဗေဒသဘောတရားအရ အီနားရှား(Inertia)ပါ။ ၁၉၆၀ခုနှစ်ဝန်းကျင် ဘာကလေ၊ ကယ်လီဖိုးနီးယားတက္ကသိုလ်က လျှပ်စစ်အင်ဂျင်နီယာ လော့ဖီဇ‌ဒေ(Lotfi Zadeh)က ဖာစီလော ဂျစ်(Fuzzy Logic) ကို ဖော်ထုတ်နိုင်ခဲ့တယ်။ သူ့အဆိုအရ လောကမှာ မှားတယ်ဆိုလည်း လုံးဝကြီးမှားတယ်၊ မှန်တယ်ဆိုလည်း လုံးဝကြီးမှန်တယ်လို့မရှိဘူး။ ရာခိုင်နှုန်း ဘယ်လောက်မှား၊ ဘယ်နှစ်ရာခိုင်နှုန်းမှန်တယ် ဆိုတာသာရှိတယ်လို့ဆိုတယ်။ သူရဲ့ ဖာစီလောဂျစ်က ဆိုကရေးတီးတို့ခေတ်ကတည်းက ရှိလာတဲ့ အစုပါဝင်မှု သင်္ချာနိယာမကို ချေဖျက်လိုက်သလို ကွန်ပျူတာနည်းပညာကို တစ်ခေတ်စမ်းစေနိုင်ခဲ့တယ်။ အစဥ်အလာ အစုပါဝင်မှုသီအိုရီက ဒီဘက်မှာပါနေရင် ဟိုဘက်မှာ လုံးလုံးမပါဝင်နိုင်ဘူးဆိုတဲ့ မဖြူရင်မဲ၊ မမဲရင်ဖြူဆိုတဲ့ တရားသေဝါဒရယ်ပါ။
u101bu1011u102cu1038-3-1
ကျည်ဆံရထားပေါ်မှာ အေးအေးဆေးဆေး သတင်းရေးနေနိုင်တယ်
မိုးလေဝသတင်းတွေမှာ ရွာရန်ရွာနှုန်း ဘယ်လောက်ဆိုတဲ့ ဖြစ်တန်စွမ်းတွေက ဖာစီလောဂျစ်ပါပဲ။ အဲဒီဖြစ်တန်စွမ်း ဖာစီလောဂျစ်ကို အသုံးချပြီး ၁၉၈၀ခုနှစ်ဝန်းကျင်မှာ ဂျပန်နိုင်ငံ ဟီတာချီ ကုမ္ပဏီက ရထားတွေမှာအသုံးပြုဖို့ စတင်ကြိုးစားခဲ့တယ်။ ၁၉၈၅ခုနှစ်မှာတော့ ဖူဂျီလျှပ်စစ်ကုမ္ပဏီက ဖာစီလောဂျစ်ကို အသုံးပြုထားတဲ့ ယန္တရားတွေကို စီးပွားဖြစ်ထုတ်လုပ်ဖို့ ကြိုးစားခဲ့ရာမှာ ကျည်ဆံရထားလည်း ပါဝင်ခဲ့တယ်။ ၁၉၈၇ခုနှစ် မှာ ၁နာရီကို ၇၅ကီလိုမီတာ(၄၅မိုင်)မောင်းနိုင်တဲ့ အလွန်တည်ငြိမ်တဲ့ ကျည်ဆံရထားကို ထုတ်လုပ်နိုင်ခဲ့တယ်။ အဲဒါနဲ့အတူ ရထားစထွက်တဲ့အချိန်မှာ ခန္ဓာကိုယ်လန်သွား၊ ငိုက်သွားတတ်တဲ့ အီနားရှား (Inertia)မရှိတော့ဘူးလို့ဆိုခဲ့တယ်။ ဒီရထားမှာ အတွဲလေးတွဲပါဝင်ပြီး ရထားတစ်တွဲကို ခရီးသည် ၁၄၄ယောက် စီးနင်း လိုက်ပါနိုင်တယ်။
u1018u1030u1010u102c-3
CRH380AL-2625 ကျည်ဆံရထားနဲ့ အမှတ်တရ
ဒီကနေ့ခေတ် တရုတ်နိုင်ငံရဲ့နောက်ဆုံးမျိုးဆက် ကျည်ဆံရထားတွေကတော့ တစ်နာရီကို ၄၂၀ကီလိုမီတာ (၂၅၂မိုင်)နှုန်းနဲ့ မောင်းနှင်နိုင်ပါပြီ။ ကျည်ဆံရထားတွေဟာ ရှေးခေတ်က မြန်မာအခေါ် ဓာတ်ရထား လျှပ်စစ်ရထား တွေကို အခြေခံယူ တည်ဆောက်ထားတာမို့ ဒီလိုရထားမျိုးတွေ အသုံးပြုနိုင်ဖို့ဆိုရင် လျှပ်စစ်စွမ်းအင်လုံလုံ လောက်လောက်ရှိဖို့က အဓိကလိုအပ်ချက်ပါ။ ကျွန်တော်တို့အဖွဲ့စီးခဲ့ရတဲ့ ကျည်ဆံရထားကတော့ ကွမ်ရှီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ နန်နင်းမြို့ မီးရထားအဖွဲ့အတွက် ကာဝါဆာကီကုမ္ပဏီက ၂၀၀၇ခုနှစ်မှာ ထုတ်လုပ် ပေးထားတဲ့ CRH2C မျိုးဆက်ပါ။ ဒီရထားမှာ အတွဲ ၈တွဲပါြပီး ခရီးသည် ၆၀၀ကျော်စီးနင်းနိုင်တယ်။ စွမ်းအင်သုံးစွဲမှုက ၂၅ကီလိုဗို့(ဗို့အားနှစ်သောင်းခွဲ)နဲ့ ကြိမ်နှုန်း ၅၀ပါ။ ဒါဟာ လက်တလောမြန်နှုန်းမြင့် ကျည်ဆံ ရထားတွေမှာ ပုံမှန်သုံးနေတဲ့ စွမ်းအင်သုံးစွဲမှုပါပဲ။ မြန်နှုန်းက တစ်နာရီ ၃၅၀ကီလိုမီတာ (၂၁၇မိုင်)အထိ မောင်းနိုင်တယ်။ သို့သော်လည်း လမ်းအနေအထားအရ တစ်နာရီ ကီလိုမီတာ၃၀၀ (၁၉၂မိုင်) ဝန်းကျင်ထက် ပိုမမောင်းပါဘူး။
u101bu1011u102cu1038-2-1
တစ်နာရီ ကီလိုမီတာ၃၀၀ (၁၉၂မိုင်)ဝန်းကျင်ထက် ပိုမမောင်းပါဘူး
ကြားဘူတာတွေမှာ ရထားမရပ်မီနဲ့ရထားရပ်တိုင်း အခုက ဘယ်ဘူတာ၊ အပြင်မှာ ရာသီဥတု အပူချိန်ဘယ် လောက်၊ တံခါးမဖွင့်သေးမချင်း တံခါးနောက်မှာပဲနေပေးဖို့ အမြဲသတိပေးတယ်။ ကျွန်တော်တို့အဖွဲ့ ဒုတိယတန်း ကစီးခဲ့ရာမှာ သန့်ရှင်းရေးဝန်ထမ်းက ၄၅မိနစ်တစ်ခါလောက်လာတယ်။ လာတိုင်း ထိုင်ခုံနောက်ကျောတွေမှာ အမှိုက်ရှိသလားကြည့်တယ်။ အဲဒီထိုင်ခုံနောက်ကျောမှာ ထည့်ပေးထားတဲ့ တစ်ထွာသာသာ စက္ကူအမှိုက်အိတ် ကလေးထဲ အမှိုက်ရှိနေတာမြင်ရင် သိမ်းသွားပြီး နောက်ထပ် အမှိုက်ထည့်ဖို့ စက္ကူအိတ်လေး အသစ်လဲပေးသွား သေးတယ်။ ၃နာရီ ၁၅မိနစ်လောက်စီးပြီးတဲ့နောက်မှာ ကျွန်တော်တို့အဖွဲ့ခရီးစဥ်ထဲက ဒုတိယပြည်နယ်၊ ဒုတိယမြို့ ဖြစ်တဲ့ ကွမ်ရှီပြည်နယ်၊ လျှိုကျို့မြို့ဘူတာရုံကို ညနေ ၄နာရီ၄၅မိနစ်လောက်မှာ ချောချောမောမောရောက်သွား ခဲ့တယ်။ မိုးနဲ့အတူလို့ပြောရလေမလား။ တဖက်ပြည်နယ်မှာ ကျန်နေခဲ့သူတွေကို လွှမ်းလို့ကျတဲ့ မိုးမျက်ရည်လို့ ပြောရလေမလား။ မိုးဖွဲလေးနဲ့အတူ လျှိုကျို့မြို့က ကြိုနေလေရဲ့။
liuzhou
လျှိုကျို့မြို့
liuzhou4
လျှိုကျို့မြို့
ဒါသည်ပင် လျှိုမြစ်ထဲကို ညရှုခင်းသွားကြည့်တဲ့အချိန် အထောက်အပံ့ကောင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့အဖွဲ့ ကြိုမသိခဲ့ကြဘူး။ ကွမ်ရှီပြည်နယ် နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး မစ္စတာ ဟွမ်ရှောင်ရုန်(HuangXiaoRong)၊ နိုင်ငံတကာဆက်ဆံရေးဌာန၊ အာဆီယံဌာနခွဲက မစ္စတာလျှောင်ဘင်(LiaoBin) နဲ့ အဖော်အမျိုးသမီးတစ်ဦးက ကျွန်တော်တို့အဖွဲ့ကို လျှိုကျို့ဘူတာမှာ မီနီဘတ်စ်နဲ့ အဆင်သင့်စောင့်နေခဲ့တယ်။ ဘတ်စ်ကားပေါ်မှာ မစ္စတာဟွမ်က လျှိုကျို့မြို့ရဲ့ လူဦးရေနဲ့ နောက်တစ်ရက်မှာ ကျွန်တော်တို့အဖွဲ့ သွားလေ့လာ ရမယ့် နေရာတွေအ‌ကြောင်း၊ လျှိုကျို့မြို့ရဲ့ဖွံ့ဖြိုးတိုးတက်တဲ့ စက်မှုလုပ်ငန်းတွေအ‌ကြောင်း အတိုချုပ်ရှင်း ပြတယ်။ အချက်အလက်အားကိုးနဲ့ အလုပ်လုပ်ရတဲ့ သတင်းစာဆရာပင်ဆိုသော်လည်း သူပြောသွားတဲ့စကား တွေထဲက နားထဲစွဲကျန်နေခဲ့တာတစ်ခုပဲရှိတယ်။ အဲဒါက သူဖွဲ့နွဲ့ပြောသွားတဲ့ လျှိုကျို့မြို့အလှ တရားပါ။ (ဆက်လက်ဖော်ပြပါမည်)
အောင်မျိုးထွန်းကျော်
Credit : PaukPhaw

0 comments: