Catwidget1

Arts

ကိုဗစ်နိုင်တင်းကို ကြောက်ခွင့်မသာသူများ

ဟဲ့ နှာခေါင်းစည်း လက်အိတ်တွေမပါဘူးလား ဆိုတော့ ရုံးက မနက်ကတော့ပေးတယ်။ အခုညမပေးဘူးတဲ့။ ဘာလို့လဲ ဆိုတော့ မသိဘူးတဲ့။

ကိုရိုနာဗိုင်းရပ်စ် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်နိုင်တင်း (COVID-19) ဖြစ်ပွားမှုဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဖြစ်ပွားနေရာမှာ ဧပြီလ ၆ ရက် ညနေ ၄ နာရီအထိ ၁၂သိန်းကျော်အထိ ရောဂါကူးစက်ဖြစ်ပွားနေပြီး၊ သေဆုံးသူ ခြောက်သောင်းကိုးထောင်ကျော် ရှိနေပါတယ်။ ရာခိုင်နှုန်းအားဖြင့် လူတစ်ရာမှာ ၂၁ယောက်သေဆုံး လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ဧပြီလ ၅ ရက် ည ၈ နာရီအထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထုတ်ပြန်ချက်အရ ၂၁ ယောက်မှာ ရောဂါပိုးတွေ့ရှိရပြီး အဲဒီထဲက တစ်ဦးသေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်ခံရမှု ရှာမတွေ့ခင်ကရော၊ ရှာတွေ့ပြီးချိန်တွေမှာပါ ကျယ်ကျယ်လောင်လောင် ကြားလာရတာတွေထဲ သူတို့အကြောင်း မပါ ပါဘူး။

ကျယ်ကျယ်လောင်လောင်ကြားလာရတာတွေက ကိစ္စမရှိရင် အိမ်အပြင်မထွက်ကြဖို့၊ ခရီးမသွားကြဖို့၊ မဖြစ်မနေ အိမ်အပြင်ထွက်ရရင်လည်း Mask တပ်ကြဖို့၊ အပြင်က ပြန်လာရင် ဒါမှမဟုတ် အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးရင် လက်ဆေးကြဖို့ တိုက်တွန်းကြ နှိုးဆော်ကြ၊ ဆရာဝန်တွေ၊ သူနာပြုတွေအတွက် အကာအကွယ်ပစ္စည်းမလုံလောက်လို့ အော်ကြ ဟစ်ကြ ဆွေးနွေးကြ လှူဒါန်းကြ၊ အိမ်ကနေ အလုပ်လုပ်နိုင်အောင် ဘယ်လိုစီစဉ်လုပ်ကိုင်ကြ ဆိုတာတွေအပြင်၊ အိမ်မှာ မိသားစုနဲ့ ဘယ်လိုနေထိုင်ကြမယ်ဆိုတာတွေထိ သူတို့အကြောင်း တစ်လုံးမှ မကြားရ။ ဒီကြားထဲ ဝတ်စုံပြည့်နဲ့ အရပ်ထဲပိုးသတ်ဆေးလိုက်ဖြန်းတာ ဆက်ဖြန်း၊ ဆက်မဖြန်း ကိစ္စကလည်း ကျယ်ကျယ်လောင်လောင်။

အဲဒီလို တတ်သိနားလည်သူတွေထဲကတစ်ချို့ အိမ်မှာနေပြီး အကြောက်ကြီးကြောက်၊ ကြောက်တဲ့စိတ်ရဲ့ လှုံ့ဆော်မှုနဲ့ အတူ ကိုယ်တိုင်တွင် မဟုတ်ဘူး၊ အခြားသူတွေပါ ကြောက်လာအောင် လူမှုကွန်ယက်တွေမှာ ဖြန့်ဝေကြပြန်ပါတယ်။ သေဖို့ ရာခိုင်နှုန်းနည်းတယ်ဆိုပေမယ့် အခန့်မသင့်ရင် အသက်သေနိုင်တာမို့ သတိထားနေသင့်ပါတယ်။ သို့သော် ကြောက်ဖို့ အခွင့်သာနေသူတွေက ပိုလို့ကြောက်နေကြတယ်လို့ မြင်မိတယ်။ တကယ်တော့ အစိုးရရဲ့ တစ်ရစ်ခြင်း တင်းကြပ်လာတဲ့ အစီအစဉ်တွေအတိုင်း လိုက်နာနိုင်ရင် လုံလောက်တဲ့ အခြေအနေပါ။

ကျွန်တော်တို့ထဲကတစ်ချို့ အဲဒီလို ကြောက်ကန်၊ ကန်နေကြချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကို ရှေ့တန်းကနေ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဝင်နေကြရတာဟာ ကျန်းမာရေးဝန်ထမ်း ဆရာဝန်တွေ၊ သူနာပြုတွေချည်း မဟုတ်ပါဘူး။ လူအများ အသုံးပြုပြီး ရောဂါပိုးပါလာနိုင်တဲ့ တစ်ခါသုံး Mask တွေ၊ ချောင်းဆိုးလို့ ဖုံးအုပ်မိလိုက်တဲ့ တစ်ရှူးတွေ၊ နှပ်ညှစ်ပြီး သုတ်လိုက်တဲ့ တစ်ရှူးတွေ အမှိုက်ပုံးထဲတွင် အဆုံးသတ်မသွားပါဘူး။ ကျန်းမာရေးနဲ့အညီ မြို့တော်ကြီး သန့်ရှင်းသာယာနေစေဖို့ အဲဒီရောဂါ ပိုးပါလာနိုင်တဲ့အမှိုက်တွေကို လိုက်သိမ်းနေကြသူတွေဟာ စက်ရုပ်တွေလည်း မဟုတ်ပါဘူး။ မိသားစုရှိတဲ့ နို့စို့အရွယ် ကလေးငယ်တွေ ရှိနေနိုင်တဲ့ စည်ပင်အမှိုက်သိမ်း သန့်ရှင်းရေးဝန်ထမ်းတွေပါ။

ကျွန်တော်သိသလောက် သူတို့ တစ်ရက်နှစ်ကြိမ် အမှိုက်သိမ်းကြရတယ်။ မနက်စောစောတစ်ကြိမ်၊ ညဘက်တစ် ကြိမ်ပါ။ သူတို့ အခုဖြစ်နေတဲ့ ကူးစက်ရောဂါအကြောင်း မသိမရှိဘူး။ သိကြမှာပါ။ သက်ဆိုင်ရာဌာနအကြီးအကဲတွေ ကလည်း သတိပေးကြမှာပါ။ သူတို့ကြောက်လို့ဆိုပြီး အမှိုက်မသိမ်းပဲနေလို့မရပါဘူး။ အဲဒီလို လုပ်နေရလို့ ဆရာဝန် တွေလို အကာအကွယ်ပစ္စည်းတွေ ပါသလားဆိုတော့ မပါပါဘူး။

သတိထားမိသလောက်ပြောရရင် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ရဲ့ Mask တွေတပ်တာဟာ ၅ ဆအထိ ကာကွယ်နိုင်တယ်ဆိုတဲ့ မတ်လ ၃၀ ရက်နေ့က သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တင်တဲ့ပို့စ်မတိုင်ခင် အရင်ရက်တွေက၊ မန္တလေးမှာ ပိုးရှိလူနာ တစ်ယောက်တွေ့ပြီး အုတ်အော်သောင်းတင်းဖြစ်ပြီးနောက်ပိုင်းအထိ သူတို့မှာ Mask တွေ၊ လက်အိတ်တွေ မပါခဲ့ကြဘူး။ ဟဲ့ ကလေးတွေ ရောဂါတွေဖြစ်နေတာ သိတယ်မဟုတ်လား၊ လက်အိတ်တွေ နှာခေါင်းစည်းတွေ မဝတ်ကြဘူးလားလို့ သတိပေးမိတဲ့အထိပါ။ ဒါဟာ သူတို့အတွက် Mask တွေ၊ လက်အိတ်တွေ ဌာနက ထုတ်မပေးထားဘူးလို့ စွပ်စွဲချင်တာ မဟုတ်ဘူး။ ထုတ်မပေးရကောင်းလားလို့ အပြစ်တင်ချင်တာ မဟုတ်ဘူး။ ထုတ်ပေးထားတာကို မသုံးတာ ဖြစ်ကောင်းဖြစ်နိုင်သလို၊ တစ်ကြိမ်ပဲသုံးပြီး ထပ်သုံးလို့မရလောက်အောင် ပေကျန်သွားလို့လည်း ဖြစ်နိုင်ပါတယ်။

ဘယ်သူတွေ ဘယ်လောက်ကြောက်ပြီး ဘာတွေလုပ်နေနေ သူတို့အလုပ် သူတို့လုပ်နေကြရတာကို သတိရစေချင် တာပါ။ သိစေချင်တာပါ။ အလွန်ကြီးကြောက်ပြီး လူမှုကွန်ယက်ပေါ်မှာ အရူးတွေလို ကြောက်ဖျားဖျားမနေကြဖို့ သတိပေးချင်တာပါ။ ကြောက်တာနဲ့ သတိထားနေတာဟာ လားလားမှမတူပါဘူး။

အရင်ညက သတိထားကြည့်မိတော့ သူတို့မှာ Mask တွေ၊ လက်အိတ်တွေနဲ့မို့ စိတ်သက်သာရာရမိတယ်။ သို့သော် အမှိုက်တောင်းကို လက်တစ်ဆုံးမြှောက်တင် မျက်နှာမော့လို့ အဲဒီအမှိုက်တောင်းက အမှုန်အမွှားတွေက သူတို့ မျက်နှာနဲ့ တစ်ကိုယ်လုံးပေါ် ကျလို့နေတယ်။ အမှိုက်စက ဆံပင်မှာငြိလို့နေတယ်။ ကားပေါ်က အမှိုက်ပုံပေါ် ထိုင်နေသူက လက်လှမ်း ယူတယ်။ အိမ်ရောက်လို့ ရေမချိုးရသေးခင်၊ လက်မဆေးရသေးခင် အဖေအမေပြန်အလာကို ပြေးဖက် မယ့်ကလေးတွေ ရှိကောင်းရှိနေမယ်၊ အမေပြန်အလာ နို့စို့ဖို့စောင့်နေမယ့် ကလေးငယ်တွေ ရှိကောင်း ရှိနေပါလိမ့်မယ်။

ရောဂါဖြစ်ပွားစအချိန်တွေက ကိုရိုနာဗိုင်းရပ်စ်ဟာ လူ့ခန္ဓာကိုယ် ပြင်ပမှာ ဘယ်လောက်ကြာကြာ နေနိုင်တယ်ဆိုတာ ပညာရှင်တွေ တိတိကျကျမသိခဲ့ကြဘူး။ အခုတော့ သိလာရပါပြီ။ အသက်ရှူလမ်းကြောင်းဆိုင်ရာ အဆုတ်ရောင်ရောဂါ (COVID-19) ကို ဖြစ်စေနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ အလူမီနီယံပေါ်မှာ ၂ နာရီကနေ ၈ နာရီ၊ ခွဲစိတ်ခန်းသုံး လက်အိတ်တွေပေါ်မှာ ၈ နာရီ၊ စတီးပေါ်မှာ ၄၈ နာရီ (နှစ်ရက်)၊ သစ်သားပေါ်မှာ ၄ ရက်၊ ဖန်၊ မှန်ပေါ်မှာ ၄ ရက်၊ စက္ကူပေါ်မှာ ၄ ရက်ကနေ ၅ ရက်၊ ပလပ်စတစ်ပေါ်မှာ ၅ ရက်အထိ နေနိုင်ပါသတဲ့။

ကျွန်တော်တို့တွေ ပိုးကာကွယ်ဖို့သုံးထားတဲ့ အကာအကွယ်ပစ္စည်းတွေမှာ ကပ်ငြိနေမယ့်ပိုးတွေ အဲဒီသန့်ရှင်းရေး ဝန်ထမ်းတွေဆီမှာ အဆုံးသတ်နေလေရော့သလား။ သူတို့မှာ နှာခေါင်းစည်း၊ လက်အိတ်က ပါတစ်ရက် မပါတစ်ရက်။ အမှိုက်ကျုံးတဲ့ ကတ်ထူးပြားတစ်ဖက်၊ အမှိုက်တောင်းတစ်ဖက်နဲ့ လမ်းတကာလှည့်၊ လူတကာ စွန့်ပြစ်ထားတဲ့ အိမ်ပေါက်ဝက အမှိုက်တွေသိမ်းလို့ ကျုံးလို့။ သူတို့လည်း ရောဂါကူးစက်နိုင်တဲ့ သွေးနဲ့သားနဲ့ မိသားစုနဲ့ သေရမှာကြောက်တဲ့ လူသားတွေရယ်ပါ။ သူတို့ကိုလည်း ကျွန်တော်တို့ဝိုင်းပြီး ဂရုစိုက်ပေးဖို့လိုမယ်ထင်ပါတယ်။ သူတို့က ကျန်းမာရေးဝန်ထမ်းတွေလို အသိပညာပြည့်စုံသူတွေ မဟုတ်ကြဘူးလေ။
အောင်မျိုးထွန်းကျော်
ဧပြီလ ၆ရက် ၂၀၂၀
Credit:PaukPhaw

0 comments: