Catwidget1

Arts

COVID-19 ကာကွယ်ဆေးအတွက် အမေရိကန်မှာ ဒုတိယအကြိမ်စမ်းသပ်

ဝါရှင်တန်(AP) - အမေရိကန်သုတေသီတွေဟာ နောက်ထပ်လုံခြုံစိတ်ချရတဲ့ ကိုဗစ်နိုင်တင်းကာကွယ်ဆေး စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့တယ်လို့ မနေ့(မတ်လ၉ရက်နေ့)က အေပီသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ အခုတစ်ကြိမ်မှာတော့ အသားအတွင်း ထိုးသွင်းတာ မျိုးမဟုတ်ဘဲ အရေပြားအတွင်းထိုးသွင်းတဲ့စနစ်ကို အသုံးပြုထားတယ်လို့ ဆိုတယ်။

အခုလိုထိုးနှံရာမှာ နာကျဉ်မှုဟာ သာမန်အရေပြားစစ်ဆေးတာလောက်သာ ခံစားရမယ်လို့ မစ်ဆူရီပြည်နယ်၊ ကန်ဇက်မြို့ အစမ်းသပ်ကုတင်ပေါ်မှာ လဲလျောင်နေတဲ့ စေတနာ့ဝန်ထမ်းကို သုတေသီးတစ်ဦးက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ ဒါဟာ ဒုတိယအကြိမ်စမ်းသပ်မှုဖြစ်ပြီး၊ ပထမအကြိမ်ကို တနင်္လာနေ့က ပြုလုပ်ခဲ့တာပါ။

"ဒါဟာကျွန်တော်တို့ လုပ်ဖူးသမျှထဲမှာ အရေးကြီးဆုံးစမ်းသပ်မှုပဲ"လို့ ဒေါက်တာဂျွန်အာဗင်၊ ဆေးဝါးသုတေသနစင်တာက စမ်းသပ်မှုအပြီး အေပီကိုပြောပါတယ်။ သူကဆက်ပြီး "ဒီအစမ်းသပ်ခံတွေဟာ အခုလိုအစမ်းသပ်ခံဖို့ တံခါးဝကို ရောက်လာကြတယ်"လို့ ပြောပါတယ်။

အင်နိုးဗီယိုဆေးဝါးသုတေသနစင်တာက တီထွင်ထားတဲ့ ကာကွယ်ဆေး ထိုးနှံခြင်းစမ်းသပ်မှုဟာ ကမ္ဘာအနှံပြန့်နှံ့ နေတာကိုတားဆီးဖို့ လူတွေကိုအိမ်အတွင်း အဓမ္မနေစေတဲ့၊ ကမ္ဘာစီးပွားရေးလုပ်ငန်းတွေ ရပ်တံ့ထားရစေတဲ့ ဗိုင်းရပ်စ်တစ်မျိုးကို ကာကွယ်ဖို့ လိုအပ်တဲ့ကမ္ဘာလုံးဆိုင်ရာရှာဖွေမှုတွေထဲက အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
အင်နိုးဗီယိုရဲ့လေ့လာမှုဟာ ကန်ဇက်မြို့သုတေသနဓာတ်ခွဲခန်းနဲ့ ပန်ဆယ်ဗေနိယားပြည်နယ်တက္ကသိုလ်က ကျန်းမာတဲ့ စေတနာ့ဝန်ထမ်းလေးဆယ်ကို INO-4800လို့ အမည်ပေးထားတဲ့ ကာကွယ်ဆေးကုထုံးကို နှစ်ကြိမ်စစ်ဆေးဖို့ သတ်မှတ်ထားတာပါ။ အင်နိုးဗီယိုအနေနဲ့ တရုတ်နိုင်ငံကသုတေသီတွေနဲ့ တရုတ်နိုင်ငံမှာ အလားတူလေ့လာမှုကို ပြုလုပ်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒီအစောပိုင်းစမ်းသပ်မှုတွေမှာ ကာကွယ်ဆေးဟာ အမှန်တကယ်ကာကွယ်နိုင်စွမ်းရှိမရှိ သက်သေပြဖို့၊ နောက်ထပ် ပိုမိုကြီးမားတဲ့ စမ်းသပ်မှုအတွက် လုံခြုံစိတ်ချရမှုရှိမရှိစစ်ဆေးတဲ့ ပထမခြေလမ်းဖြစ်တယ်လို့ ဆိုတယ်။ သုတေသနကောင်းကောင်းလုပ်နိုင်ရင်တောင်မှ ဘယ်ကာကွယ်ဆေးကိုမဆို ကျယ်ကျယ်ပြန့်ပြန့်အသုံးမပြုမီ တစ်နှစ်ကျော်ကြာလိမ့်မယ်လို့ မျှော်လင့်ကြောင်း အေပီမှာဖော်ပြထားပါတယ်။
အောင်မျိုးထွန်းကျော်

0 comments: