Catwidget1

Arts

COVID-19 စိုးရိမ်ပူပန်မှုတွေကို ကာကွယ်ဖို့ အသုံးချပါ

မန္တလေးမှာ နေသူတစ်ယောက်မို့ နွေဦးပေါက်တဲ့ ဆောင်းအကုန်နွေအကူး တောင်လေတချက်အဝှေ့မှာ သိပ်ပျော်မိခဲ့တယ်။ ဒါကြောင့်လည်း ကိုယ့်လူမှုကွန်ယက်စာမျက်နှာမှာ နွေပေါက်ပြီးဟေ့ဆိုပြီး ပို့စ်တင်မိတဲ့အထိပါ။ အကြောင်းကတော့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဝူဟန်နမိုနီယားဆိုပြီး ရောဂါစဖြစ်တဲ့ ၂၀၁၉ ဒီဇင်ဘာလအတွင်းမှာ ကျွန်တော် ပေကျင်းမြို့မှာ ရက် ၂၀ကြာ သင်တန်းတစ်ခု တက်နေခဲ့လို့ပါ။ ကျွန်တော်ပြန်ရောက်ပြီး တစ်ပတ်အကြာမှာ ဆိုးဆိုးဝါးဝါးတွေ စဖြစ်လာတာကြောင့် ကြောက်နေမိတယ်။ ပေကျင်းဆိုပေမယ့် ပေကျင်းမှာတွင် နေခဲ့ရတာ မဟုတ်ဘူး။ လေ့လာရေးအနေနဲ့ ရှာမန်းကျွန်းအထိပါ ရောက်ခဲ့၊ ဝူဟန်မြို့ကို ကျော်ခွသွားခဲ့ရတာမို့ တကယ်ပဲ စိုးရိမ်နေမိတယ်။ ဒါကြောင့်လည်း နိုဗာကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်နိုင်တင်း)နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ရနိုင်သလောက် ရှာဖတ်နေမိတယ်။ ၁၄ရက်ကျော်လို့မှ ရောဂါလက္ခဏာမပြဘူးဆိုရင် အဆင်ပြေတယ်ဆိုမှ ဟင်းချနိုင်တယ်။ 
တကယ်ဆိုတော့ နွေဦးပေါက်တာကို မျှော်နေမိတာ ကျွန်တော်တွင်မဟုတ်ပါဘူး။ ဟောင်ကောင်ကလူတွေလည်း မျှော်နေကြတာ သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရတယ်။ ထင်နေမိတာက နွေပေါက်ရင် အပူချိန်တိုးလာမယ်။ အပူချိန် တိုးလာရင် ကိုရိုနာဗိုင်းရပ်စ်ကို အလိုအလျှောက်ကာကွယ်ပြီးသားဖြစ်မှာလို့ တွေးမိတာကိုး။ 

အထင်နဲ့အမြင်က လွဲပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေထဲမှာ ရာသီဥတု၊ ပူခြင်း၊ အေးခြင်းကို ကိုရိုနာဗိုင်းရပ်စ်က မမှုပါဘူးတဲ့။ သူတို့ ဥပမာထုတ်ပြတာက လူတစ်ယောက်ရဲ့ ပုံမှန်ကိုယ်အပူချိန်ဟာ ၃၆ဒဿမ၅ ဒီဂရီစင်တီဂရိတ်ကနေ ၃၇ ဒီဂရီစင်တီဂရိတ်ရှိနေတာတောင် ကိုရိုနာဗိုင်းရပ်စ်ကို မတားဆီးနိုင်ပါဘူးတဲ့။ 
ဒါဆို ဗိုင်းရပ်စ်ပိုးက လူခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်သန်နိုင်သလဲဆိုတော့ မျက်နှာပြင်တွေရဲ့ အနေအထားနဲ့ အပူချိန်ပေါ်မူတည်ပြီး နာရီပိုင်းကနေ ရက်ပိုင်းအထိ ရှင်သန်နေနိုင်ပါသတဲ့။ ဒါက ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ အမေးအဖြေကဏ္ဍမှာ ဖော်ပြထားတာပါ။ ပြီးခဲ့တဲ့အပတ်က လော့စ်အိန်ဂျယ်လိစ်မြို့၊ ကယ်လီဖိုးနီးယား တက္ကသိုလ်က ဂေဟဗေဒနှင့် ဇီဝဗေဒဆင့်ကဲဖြစ်စဉ်ဌာန တွဲဖက်ပါမောက္ခ ဂျိမ်းလွိုက်စမစ်ရဲ့ ပြောကြားချက်အရ ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်နိုင်တင်း)ဟာ ပလတ်စတစ်နဲ့ စတီးကဲ့သို့သော မာကြောတဲ့ မျက်နှာပြင်တွေပေါ်မှာ ၇၂ နာရီ(၃ရက်) အထိ၊ ကတ်ထူပြားတွေပေါ်မှာ ၂၄ နာရီ(တစ်ရက်)အထိ ရှင်သန်နိုင်ပါသတဲ့။ 

ကမ္ဘာ့ကူးစက်ကပ်ရောဂါအသွင်ဖြစ်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်နိုင်တင်း)အတွက် ကမ္ဘာကျန်းမာရေး အဖွဲ့အနေနဲ့ ရံပုံငွေထူထောင်ပြီး ကုသဆေးရှာဖွေနေပေမယ့် အခုချိန် ကုသစရာဆေးမရှိသေးပါဘူး။ အဲဒီလို ခက်ခဲနေပေမယ့်လည်း ကာကွယ်နိုင်တဲ့ နည်းလမ်းကတော့ သိပ်ကို ရိုးရှင်းပါတယ်။ အပြင်သွားပြီးပြန်လာတိုင်း၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း စနစ်တကျလက်ဆေးဖို့ပါ။ အဲဒီလို လက်ဆေးတဲ့အခါ အရက်ပျံပါဝင်တဲ့ လက်သန့်ဆေးရည် ဒါမှမဟုတ် ဆပ်ပြာ၊ ရေ စသည်တို့နဲ့ စက္ကန့် ၂၀ လောက် လက်ဆေးနည်း ၇ နည်းအတိုင်း စနစ်တကျ ဆေးကြောပေးရမှာပါ။ အဲဒါအပြင် နှာချေ၊ ချောင်းဆိုးတဲ့အခါတွေမှာလည်း နှာခေါင်းနဲ့ ပါးစပ်တွေကို မိမိရဲ့ တထောင်ဆစ်ကွေး ဒါမှမဟုတ် တစ်သျှူးနဲ့ အုပ်ထားပြီး နှာချေ၊ ချောင်းဆိုးကြဖို့ပါ။ 
လက်ကိုစနစ်တကျဆေးကြောရင် ရောဂါကာကွယ်ရာရောက်တယ်ဆိုပေမယ့် ကျွန်တော်တို့ရဲ့ တတိယလက်လို့ ခေါ်တဲ့ ဖုန်းတွေကို သတိမေ့နေကြပါတယ်။ လူတိုင်းနီးပါး ဖုန်းကိုယ်ဆီနဲ့မို့ လက်တော့ဆေးပါရဲ့ ရောဂါပိုးရှိနေတဲ့ ဖုန်းကို မျက်နှာ၊ နား၊ ပါးစပ်တွေနား ကပ်မိလိုက်ရင် သေချာပေါက် ရောဂါကူးနိုင်ပါတယ်။ ဒါကြောင့် မိမိအမြဲကိုင်တဲ့ ဖုန်းကိုလည်း အရက်ပျံပါဝင်တဲ့ တစ်သျှူးလို၊ မှန်ကြည်ဆေးလိုအရာတွေနဲ့ မကြာခဏ သန့်ရှင်းပေးဖို့မမေ့သင့်ပါဘူး။ 
ကမ္ဘာ့နိုင်ငံပေါင်း ၁၃၅နိုင်ငံက လူပေါင်းတစ်သိန်းခွဲနီးပါး ကူးစက်ခံထားရပြီး၊ လူပေါင်း ငါးထောင်ကျော်သေနေတဲ့ ကူးစက်ကပ်ရောဂါ ကိုဗစ်နိုင်တင်းကို စိုးရိမ်သင့်သလားဆိုတဲ့ မေးခွန်းကိုတော့ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က အခုလိုဖြေပါတယ်။ 

ကိုဗစ်နိုင်တင်းဟာ ကလေးငယ်တွေနဲ့ လူငယ်လူရွယ်တွေမှာ သက်ရောက်မှုအားနည်းတယ်ဆိုပေမယ့် အပြင်းအထန်ဖျားနာမှုကို ဖြစ်စေနိုင်တယ်။ ရောဂါဖြစ်ပွားသူ ၅ယောက်မှာ တစ်ယောက်က ဆေးရုံစောင့်ရှောက်မှု လိုအပ်နေတယ်။ ဒါကြောင့် သာမန်လူတွေအနေနဲ့ ကိုဗစ်နိုင်တင်းဖြစ်ပွားမှုဟာ သူနဲ့ သူချစ်ရသူတွေအပေါ် သက်ရောက်မှုတွေ ရှိလာမှာကို စိုးရိမ်တာဟာ ဖြစ်ရိုးဖြစ်စဥ်ပါတဲ့။ 


ကျွန်တော်တို့ရဲ့ စိုးရိမ်မှုတွေကို ကိုယ်တိုင်နဲ့ ကိုယ်ချစ်မြတ်နိုးရသူတွေ၊ ကိုယ့်ပတ်ဝန်းကျင်ကို ကာကွယ်ဖို့ လုပ်ဆောင်မှုတွေအဖြစ် ပြောင်းလဲနိုင်ပါသတဲ့။ ဒီလိုလုပ်ဆောင်မှုတွေထဲမှာ ပထမဆုံးနဲ့ အရေးကြီးဆုံးအချက် ကတော့ လက်ကို သေချာဆေးကြောခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ သန့်ရှင်းခြင်းပဲ ဖြစ်ပါတယ်။ အသက်ရှူ လမ်းကြောင်းဆိုင်ရာ သန့်ရှင်းခြင်းဆိုတာက နှာချေ၊ ချောင်းဆိုးတဲ့အခါ အုပ်ထား၊ ကာထားကြဖို့ပါ။ ဒုတိယတစ်ခုကတော့ ခရီးသွားလာခြင်းနဲ့ လူစုလူဝေးပြုလုပ်ခြင်းတွေအတွက် တားမြစ်ချက်တွေအပါအဝင် ‌ဒေသဆိုင်ရာကျန်းမာရေးအာဏာပိုင်တွေရဲ့ အကြံပြုချက်တွေကို လေးစားလိုက်နာကြရမှာပါတဲ့။
အောင်မျိုးထွန်းကျော်
Credit : PaukPhaw

0 comments: