Catwidget1

Arts

ပြင်သစ်နိုင်ငံသား ၃ဦးနှင့် ရှမ်းပြည်နယ်မှ မြန်မာအမျိုးသား ၁ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးထပ်မံတွေ့ရှိ

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ မတ်လ ၃၀ရက်နေ့၊ ညနေ ၅နာရီ ၁၅မိနစ်အချိန် ထုတ်ပြန်ချက်အရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ(၅၅)ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာတွင် ပြင်သစ်နိုင်ငံသား ၃ဦးနှင့် မြန်မာနိုင်ငံသား တစ်ဦးတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာအဆုတ်ရောင်ရောဂါ (COVID19) ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိရကြောင်း သိရသည်။

ဝေဘာဂီအထူးကုဆေးရုံကြီးတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာအဆုတ်ရောင်ရောဂါ (COVID19)ဖြင့် ဆေးဝါးကုသမှုခံယူနေသည့် အသက် (၆၀) နှစ်အရွယ် ဧည့်လမ်းညွှန် အမျိုးသမီးနှင့် တွေ့ထိဆက်ဆံခဲ့ကြသူ ပြင်သစ်နိုင်ငံသား ခရီးသွားဧည့်သည် ၃ဦးတွင် ရောဂါပိုးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ၃ဦးအား ရန်ကုန်မြို့ရှိ ဟိုတယ်တစ်ခုမှ ဝေဘာဂီ အထူးကုဆေးရုံသို့ လွှဲပြောင်း ကုသမှုခံယူစေမည်ဖြစ်ကြောင်းလည်း သိရသည်။

၁၄ဦးမြောက် အသက်ရှူလမ်းကြောင်းဆိုင်ရာအဆုတ်ရောင်ရောဂါ (COVID19) ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူမှာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲ မြို့နယ်တွင်နေထိုင်သော အသက် (၂၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားဟု ဆိုသည်။ ၎င်းမှာ မတ်လ ၂၅ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကာ တာချီလိတ် မြို့တွင် (၂)ညတာတည်းခိုနေထိုင်ခဲ့ကြောင်း၊ မတ်လ ၂၇ရက်နေ့ ညနေတွင် တာချီလိတ်မြို့မှ မန္တလေးမြို့သို့ လေကြောင်းဖြင့်ရောက်ရှိခဲ့ပြီး အဆိုပါနေ့ ညနေပိုင်းတွင် ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် မန္တလေးမြို့မှ ကျောက်မဲမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ ၎င်းလူနာမှာ မတ်လ ၂၈ရက်နေ့တွင် အလွန်အမင်း အန်ခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် ယင်းနေ့ ညနေပိုင်းတွင် ကျောက်မဲမြို့၊ ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိ၍ ဆေးကုသမှုခံယူစေလျှက် ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

0 comments: