Catwidget1

Arts

ရန်ကုန်နှင့် မန္တလေးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး(COVID-19)ကူးစက်ခံရသူ ထပ်မံတွေ့ရှိ

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယမန်နေ့၊ ည ဓာတ်ခွဲ စစ်ဆေးမှု အဖြေများအရ စောင့်ကြည့် လူနာ (၂) ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါပိုး(COVID-19) တွေ့ရှိကြောင်း ယနေ့နံနက် ၁နာရီ ၄၅မိနစ်က ထုတ်ပြန်ရာ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးမှဟု သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင်နေထိုင်သော အမေရိကန်နိုင်ငံသားခံယူထားသူ မြန်မာလူမျိုး၊ အသက် (၃၃) နှစ်ရွယ် အမျိုးသားသည် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ မတ်လ ၁၉ ရက်နေ့ ညနေ (၆) နာရီတွင် ကာတာလေကြောင်းလိုင်း(Qatar Airline)ဖြင့် ပြန်လည်ရောက်ရှိခဲ့ပြီး တောင်ဥက္ကလာမြို့နယ်တွင် တစ်ညအိပ်နေထိုင်ခဲ့ကြောင်း၊ မတ်လ ၂၀ရက်၊ ည(၁၀)နာရီတွင် ရန်ကုန်မြို့မှ မန္တလေးမြို့သို့ ခိုင်မန္တလေး အဝေးပြေး မှန်လုံယာဉ်ဖြင့် စီးနင်းလိုက်ပါလာပြီး ကားဂိတ်မှ ချမ်းမြသာစည်မြို့နယ်ရှိနေအိမ်သို့ မီနီအိုးဝေဖြင့် စီးခဲ့ကြောင်း၊ မတ်လ ၂၂ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် မောပန်းခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် မတ်လ ၂၅ရက်နေ့တွင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်း၍ စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူနေသူဖြစ်ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင်နေထိုင်သူ အသက် (၆၉)နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားသည် နှာခေါင်းကင်ဆာရောဂါကို ဩစတြေးလျနိုင်ငံတွင် (၁) လခန့် ဆေးကုသမှုခံယူခဲ့ပြီး မြန်မာနိုင်ငံသို့ အပြန်တွင် စင်္ကာပူနိုင်ငံ၌ (၄) ရက်ခန့် နေထိုင်ခဲ့ပြီးနောက် မတ်လ ၁၄ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိကြောင်း၊ မတ်လ၁၈ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် မတ်လ ၂၅ ရက်နေ့မှစတင်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် အထူးကြပ်မတ်ခန်း(ICU)တွင် ကုသမှုခံယူနေသူဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မတ်လ ၂၇ ရက်နေ့ထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါပိုး(COVID-19)တွေ့ရှိသူ စုစုပေါင်း ၅ ဦးရှိပြီဖြစ် သည်။ မတ်လ ၂၃ ရက်နေ့တွင် ချင်းပြည်နယ် တီးတိန်မြို့ နှင့် ရန်ကုန်မြို့ မှ နှစ်ဦး၊ မတ်လ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့မှ တစ်ဦး၊ မတ်လ ၂၇ ရက်နေ့တွင် မန္တလေးမြို့ နှင့် ရန်ကုန်မြို့မှ နှစ်ဦးရောဂါပိုးတွေ့ရှိခဲ့ရာ ရန်ကုန်မြို့တွင် ၃ ဦး၊ တီးတိန်မြို့တွင် ၁ ဦး နှင့် မန္တလေးမြို့တွင် ၁ ဦး ရောဂါပိုး တွေ့ရှိထားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။
အောင်မျိုးထွန်းကျော်

0 comments: