Catwidget1

Arts

ရန်ကုန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ရောဂါ(COVID-19)ရှိသူ ၂ဦးထပ်မံတွေ့ရှိ

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)အနေဖြင့် စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ (၈၂)ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ရောဂါ(COVID-19)ရှိသူ ၂ဦးတွေ့ရှိကြောင်းနှင့် ကျန် ၈၀ဦးတွင် ကင်းရှင်းကြောင်း မတ်လ ၂၉ရက် ည ၁၀နာရီ ခွဲက ထုတ်ပြန်ကြေညာသည်။

နှစ်ဦးထဲမှ တစ်ဦးမှာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်တွင် နေထိုင်သော အသက် (၄၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားဖြစ်ပြီး မတ်လ ၂၃ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီမြို့မှတစ်ဆင့် ဝင်ရောက်ခဲ့ကာ မတ်လ ၂၆ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်သို့ ရောက်ရှိခဲ့ကြောင်း၊ ထိုသူမှာ မတ်လ ၂၆ ရက်နေ့တွင်ပင် ဖျားခြင်း၊ ချောင်းဆိုးခြင်းရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် ပြည်သူ့ဆေးရုံ၊ ပုလဲမြို့သစ်၌ စောင့်ကြည့်လူနာအဖြစ် ဆေးကုသမှုခံယူကာ ဓာတ်ခွဲနမူနာအား ပေးပို့စစ် ဆေးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါလူနာအား ဝေဘာဂီအထူးကု ဆေးရုံသို့ လွှဲပြောင်းကုသမှု ခံယူစေမည်ဖြစ်ကြောင်း သိရသည်။

ကျန်တစ်ဦးမှာ မတ်လ ၂၇ရက် နံနက် ၁နာရီ ၄၅မိနစ်က အတည်ပြုထုတ်ပြန်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင်နေထိုင်သူ အသက် (၆၉)နှစ်အရွယ် မြန်မာနိုင်ငံသား၊ နှာခေါင်းကင်ဆာရောဂါကို ဩစတြေးလျနိုင်ငံတွင် (၁) လခန့် သွားရောက်ကုသခဲ့သူနှင့် အနီးကပ်ထိတွေ့ခဲ့သည့် အသက် (၄၅) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသားဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ရောဂါ (COVID-19)ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိလာသဖြင့် အဆိုပါလူနာများနှင့် အနီးကပ်ထိတွေ့ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်ပြီး အသွားအလာတားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

0 comments: