Catwidget1

Arts

ရန်ကုန်နှင့် နေပြည်တော်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး (COVID-19)ကူးစက်ခံရသူ သုံးဦး ထပ်မံတွေ့ရှိ

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့နံနက် ၁၂နာရီ ၁၅မိနစ်အချိန် ထုတ်ပြန်ချက်အရ နေပြည်တော်နှင့် ရန်ကုန်မြို့တို့မှ စောင့်ကြည့် လူနာများထဲတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ရောဂါ (COVID-19)ရှိသူ (၃) ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ အသက် (၂၉) နှစ်အရွယ် အမျိုးသားသည် မတ်လ ၂၅ရက်နေ့က ရောဂါပိုးတွေ့ရှိကြောင်းထုတ်ပြန်ခဲ့သည့် အင်းစိန်မြို့နယ်မှ အမျိုးသားနှင့်အတူ ဘာဘေးဒိုးနိုင်ငံ၊ အင်္ဂလန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ မတ်လ ၂၁ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြောင်း၊ ရောဂါပိုးရှိသူနှင့်အတူ ပြန်လာသည့် ၎င်းအား မတ်လ ၂၆ရက်မှစ၍ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် အသွားအလာ တားမြစ်ပိတ်ပင် စောင့်ကြပ်ကြည့်ရှုခဲ့ကြောင်း၊ ယင်းနေ့မှာပင် အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ စစ်ဆေးခဲ့ရာတွင် ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ အသက် (၆၀) နှစ်အရွယ် ဧည့်လမ်းညွှန် အမျိုးသမီးသည်ချောင်းဆိုးခြင်း၊ အန်ခြင်း လက္ခဏာများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ မတ်လ ၂၆ရက်နေ့တွင် သွားရောက်ပြသခဲ့ကြောင်း၊ ပြင်းထန်အဆုတ်ရောင်ရောဂါလက္ခဏာများ တွေ့ရှိရသဖြင့် စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ ကုသပေးလျက်ရှိသူဖြစ်‌ကြောင်း၊ ၎င်းမှာ ပြည်ပနိုင်ငံများသို့ လွန်ခဲ့သော (၁၄) ရက်အတွင်း ခရီးသွားရာဇဝင်မရှိသော်လည်း ပြင်သစ်နိုင်ငံသား ခရီးသွားများနှင့်အတူ ဧည့်လမ်းညွှန်အဖြစ် ခရီးသွားခဲ့ဖူးကြောင်း၊ အဆိုပါ ဧည့်လမ်းညွှန်လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

နေပြည်တော်မှ အသက်(၅၈)နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးသည် မတ်လ ၁၇ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှ ဘန်ကောက်မြို့၊ ထိုမှတစ်ဆင့် မတ်လ၁၈ရက်နေ့တွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ပြီး ဟိုတယ်တစ်ခုတွင် သီးခြားထားရှိ၍ Hotel Quarantine ဆောင်ရွက်စဉ် မတ်လ ၂၂ရက်နေ့တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းသွားခြင်းလက္ခဏာများ ခံစားခဲ့ရကြောင်း၊ မတ်လ ၂၆ရက်နေ့တွင် နေပြည်တော် ခုတင် (၁,၀၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ တက်ရောက် ဆေးကုသမှု ခံယူရသဖြင့် အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့ စစ်ဆေးခဲ့ရာ ရောဂါပိုး တွေ့ရှိရခြင်းဖြစ်ကြောင်း၊ အဆိုပါလူနာသည် ဆွစ်ဇာလန်နိုင်ငံတွင်ရှိစဉ် မတ်လ ၁၃ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ရောဂါ(COVID-19) ဓာတ်ခွဲအတည်ပြုလူနာဖြစ်သော ၎င်း၏ ဖခင်နှင့် (၂) နာရီကြာ အနီးကပ် ထိတွေ့ခဲ့သည့်ရာဇဝင်ရှိကြောင်း သိရှိရပါသည်။

ယခင်နေ့များက သတင်းထုတ်ပြန်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ရောဂါ(COVID-19) လူနာများ၏ ဓာတ်ခွဲနမူနာများအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲအဖြေများ ကိုက်ညီမှုရှိကြောင်းတွေ့ရှိရသဖြင့် မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ရောဂါ (COVID-19)ရှိသူ စုစုပေါင်း ၈ဦး ရှိလာပြီဖြစ်သည်။
အောင်မျိုးထွန်းကျော်

0 comments: